DVB Logo
Home
မြန်မာသတင်း
ရခိုင်ရိုးမတောင်မှ သစ်ခုတ်မှု ရပ်တန့်ရန်အတွက် ဒေသခံပြည်သူ တောင်းဆိုသွားမည်
DVB
·
April 7, 2014
ရခိုင်ရိုးမတောင်မှ သစ်ခုတ်မှု ရပ်တန့်ရန်အတွက် ဒေသခံပြည်သူ  တောင်းဆိုသွားမည်
Donate to DVB

ရခိုင်ရိုးမတောင်းတန်းမှ ပုဂ္ဂလိကပိုင် ကုမ္ပဏီများက သစ်ဝါးခုတ်ခြင်းကို ရပ်တန့်နိုင်ရေး အတွက် ဒေသခံလူထုတွေနဲ့ ဖွဲ့စည်းထားတဲ့ “ရခိုင်ပြည်နယ်ဌာနေတိုင်းရင်းသားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့”မှာ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဦးစီးလုပ်ဆောင်သူတွေက ပြောပါတယ်။

woodသံတွဲမြို့နဲ့ ဂွမြို့နယ်အကြားမှာ ဧကပေါင်း ၁ သိန်း ၆ သောင်း ၅ ထောင်ခန့်ကို ပုဂ္ဂလိကပိုင် ကုမ္ပဏီ ၃ ခုသို့ ကျွန်းစိုက်ပျိုးရန် လုပ်ကိုင်ခွင့် ပေးထားတာဖြစ်ပြီး ကုမ္ပဏီတွေက ကျွန်းစိုက်ပျိုးတာကို အကြောင်းပြကာ ရခိုင်ရိုးမရှိ သစ်တောများကို ခုတ်လှဲနေကြောင်း၊ တောတောင်တွေ တောင်ကတုံး ဖြစ်ပွားလာနိုင်ပြီး ဒေသခံတွေရဲ့ စားဝတ်နေရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီး ဆိုးရွားလာနိုင်ကြောင်း ရခိုင်ပြည်နယ်ဌာနေ တိုင်းရင်းသားများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးစိန်ချစ်က ဒီဗွီဘီ ရခိုင်အစီအစဉ်ကို အခုလို ပြောပါတယ်။

“ဂိုလ်အန်အီး ကုမ္ပဏီရယ်၊ ကေအေအန်အမ်ကုမ္ပဏီရယ်၊ ကေအန်ကုမ္ပဏီရယ် အဲဒီကုမ္ပဏီ ၃ ခု အပါအဝင် နောက်ထပ်ကုမ္ပဏီတွေကပေါ့နော်၊ ဧကပေါင်း ၁ သိန်း ၆ သောင်း ၅ ထောင်ကျော်ခန့်ကို လုပ်ကွက် လုပ်ပြီးတော့ သစ်ပင်တွေ ခုတ်လှဲနေပါတယ်။ သစ်တွေ ခုတ်လှဲနေတဲ့အတွက်ကြောင့် ဧက ၂ ထောင်ကျော်နီးပါးခန့် တောင်ကတုံးတွေ ဖြစ်သွားပါပြီ။ ရိုးမတောင် အနီးအနားမှာရှိတဲ့ ကျေးရွားသားတွေ တောတောင်ကို မှီခိုပြီး တောင်ယာ လုပ်ကိုင်စားသောက်နေကြသူတွေအတွက် စီးပွားရေးအခက်အခဲတွေ အများကြီး ဖြစ်လာပါတယ်။ ရေတွေ ဆိုရင်လည်း အရင်တုန်းကဆိုရင် အခုအချိန်ထိ ရှိခဲ့ပေမဲ့ အခုတော့ ရေတွေလဲ ခမ်းကုန်သွားပါပြီ၊ မြစ်ဆုံစီမံကိန်းလို ပုံစံမျိုး ဧကပေါင်း ၁ သိန်း ၆ သောင်း ၅ ထောင် ကျော်ခန့်ကို ပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရင် အဲဒီ တလျှောက်လုံးမှာ ရှိတဲ့ သံတွဲ၊ ဂွနဲ့ တောကုတ်ဒေသတို့မှာ တော်တော် ထိခိုက်မှုတွေ အများကြီး ဖြစ်လာနိုင်ပါတယ်၊ အဲဒီအတွက်ကြောင့် ဆက်လက်ပြီးတော့ ဒေသခံတိုင်းရင်းသားတွေကို အကျိုး မလျော့စေရန်အတွက် ကာကွယ်သွားမယ်ဆိုတဲ့သဘောနဲ့ ကော်မတီတရပ် ဖွဲ့စည်းခဲ့တာပါ။”

သစ်တောတွေ မပြုန်းတီးဖို့အတွက် လွှတ်တော်အပါအ၀င် သက်ဆိုင်ရာဌာနနဲ့ ဝန်ကြီးဌာနတွေကို စာရေးသားတောင်းဆိုသွားမယ်လို့ သူက ပြောပါတယ်။

တစုံတရာ ထူးခြားမှု မရှိလာဘူးဆိုရင်တော့၊ နောက်ထပ် ပြည်သူတွေရဲ့ သဘောထား ခံယူပြီး လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ အစီအစဉ်တွေ ရှိတယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိကကုမ္ပဏီတွေက ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ၊ ဘိုကလေးရွာ အနောက်ပိုင်း သစ်တောများနဲ့ သံတွဲ မြို့နယ်၊ ပုစွန်ဖြေကျေးရွာအုပ်စု အနောက်ဘက် ရခိုင်ရိုးမတောင်တန်းများက သစ်ဝါးတွေကို စတင်ခုတ်လှဲနေကြောင်း ဆိုပါတယ်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနတို့က ဒေသခံပြည်သူ အစုအဖွဲ့ ပိုင်ဆိုင်တဲ့ သစ်တောလို သစ်တောစိုက်ပျိုးရေးလုပ်ငန်းစဉ်များကို နှစ် ၃၀ စီမံကိန်းဖြင့် လုပ်ဆောင်နေသော်လည်း ရခိုင်ရိုးမတောင်တန်းကို စီးပွားရေးလုပ်ငန်းတခုအဖြစ် လုပ်ကိုင်ခွင့် ပေးထားခြင်းအားဖြင့် သစ်တောများ ပြုန်းတီးစေရန် တမင်သက်သက် ဖျက်ဆီးနေခြင်းနဲ့ တူညီနေကြောင်း ဒေသခံများ ဝေဖန်နေကြပါတယ်။

အခုလို သစ်ဝါးခုတ်လှဲမှုကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဂေဟစနစ် ထိန်းသိမ်းရေးအတွက် အဖွဲ့ဝင် ၄၈ ဦးနဲ့ ရခိုင်ပြည်နယ်ဌာနေ တိုင်းရင်းသားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ မတ် ၃၀ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါအဖွဲ့မှ ရခိုင်ရိုးမရှိ သဘာဝသယံဇာတ ပျက်စီးခြင်းအပြင် ပင်လယ်ပြင်ရှိရေ သယံဇာတတွေ ပျက်စီးဆုံးရှုံးစေတဲ့ လုပ်ငန်းများကိုလည်း ကန့်ကွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013