DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်ခေါင်းဆောင်၏ အင်းယားလမ်းနေအိမ်ရောင်းချမှု ဒေါ်လာ ၈ သန်းခွဲ ရရှိထား
DVB
·
July 25, 2022
အာဏာသိမ်းစစ်ခေါင်းဆောင်၏ အင်းယားလမ်းနေအိမ်ရောင်းချမှု ဒေါ်လာ ၈ သန်းခွဲ ရရှိထား
Donate to DVB

အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အင်းယားလမ်း နေအိမ်ကို NUG အစိုးရက  ရောင်းချနေရာမှာ လတ်တလောအချိန်ထိ အမေရိကန်ဒေါ်လာ ၈ သန်းခွဲဖိုး၊ ၈၅ ရာခိုင်နှုန်း ကျော်ထိ ရှယ်ယာရောင်းချထားရပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ ရန်ကုန်မြို့၊ အင်းယားလမ်းက နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရှိပေမဲ့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်း တန်ဖိုးဖြတ်ပြီး NUG က ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ပြီး အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချနေတာပါ။

ဒါဟာ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်ရဲ့ ကနဦးခြေလှမ်း ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ အင်းယားလမ်း နေအိမ်ကို အစုရှယ်ယာ ၁ စုကနေ အများဆုံးအနေနဲ့  အစုရှယ်ယာ ၂,၀၀၀ ကျော်ထိ ဝယ်ယူသူတွေ ရှိနေပြီး ဒါက အာဏာရှင်စနစ် အဆုံးသတ်နိဂုံး အတွက် ပြည်သူရဲ့ စိတ်ဆန္ဒ ဘယ်လောက်ပြင်းပြတယ်ဆိုတာ မြင်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

“တော်လှန်ရေးမှာ ဘဏ္ဍာငွေ (တည့်တည့်ပြောရရင် ပိုက်ဆံ) လိုပါတယ်။ တိုက်ပွဲကြီးတွေ ဆင်နွှဲဖို့ အနိုင်ယူဖို့အတွက် ဘဏ္ဍာငွေဟာ အရေးကြီးတဲ့ အထောက်အပံ့ပါ။ လူအင်အား၊ စိတ်ဓာတ်၊ သတ္တိ အကုန်ပြည့်စုံ နေချိန်မှာ ဘဏ္ဍာငွေလိုအပ်ချက်ကြောင့် အချိန်ပိုကြာပြီး ပြည်သူ့အသက်အိုးအိမ်တွေ ပိုဆုံးရှုံးရတာမျိုး ဖြစ်တာဟာ တော်လှန်ရေးကာလအလွန်အထိ တိုင်းပြည်အတွက် ပိုမိုနစ်နာစေတယ်ဆိုတာ ပြည်သူအများ နားလည်လက်ခံပြီးသား ဖြစ်နေမှာပါ။  တော်လှန်ရေးကာလအတွင်း ပြည်သူလူထုရဲ့ ပါဝင်ထားတဲ့ ငွေကြေးများကို  တော်လှန်ရေးအလွန် ကာလမှာ ပြန်လည်အသုံးချနိုင်ဖို့အပြင်၊ အကျိုးအမြတ်ပါ ရရှိခံစားနိုင်အောင် စီစဉ်ထားခြင်းက EOD ရှယ်ယာများ ရောင်းချပြီး ဘဏ္ဍာငွေရှာဖွေခြင်းရဲ့ အဓိကရည်ရွယ်ချက် ဖြစ်တာကြောင့် ပြည်သူအများ ပါဝင်နိုင်အောင် ဒေါ်လာ ၁၀၀ မှ စတင် ရောင်းချခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း အချို့သောပြည်သူများမှ  တဦးလျှင် ဒေါ်လာသောင်းဂဏန်း၊ သိန်းဂဏန်းအထိ ပါဝင်ပြီး တော်လှန်ရေးကို အားဖြည့်ကြပါတယ်” လို့ The End of Dictatorship-EOD က ပြောပါတယ်။

ဒါ့အပြင် အစုရှယ်ယာ ၁၀၀ နဲ့အထက် ဝယ်ယူသူတွေကို EOD Team က အမှတ်တရတခုအနေနဲ့ “ဂုဏ်ပြုမှတ်တမ်းလွှာ” ပေးပို့သွားမှာဖြစ်ပြီး ထပ်မံပြီးတော့လည်း တော်လှန်ရေးအတွက် အထောက်အကူပြုရင်း အကျိူးအမြတ်များများ ရနိုင်ဖို့ ငွေကြေးတတ်နိုင်သူတွေ များများပါဝင်လာဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

လတ်တလောမှာတော့ The End of Dictatorship-EOD ရဲ့ ပထမ ပရောဂျက် “၁၄ အင်းလျား” ဟာ အစုရှယ်ယာ ၁၄,၅၉၉ စု (တန်ဖိုးအားဖြင့် ဒေါ်လာ ၁ သန်း ၄ သိန်းကျော်) သာ ကျန်ရှိတော့တာဖြစ်ပြီး မကြာ ခင်မှာ ၁၄ အင်းလျား အတွက် Final Call ခေါ်သွားမှာဖြစ်ကာ တဆက်တည်းမှာ EOD ရဲ့ ဒုတိယ ပရောဂျက်ကိုလည်း စတင်သွားမယ်လို့ ဆိုပါတယ်။

The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရားပိုင်ဆိုင် ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ ခြံအမှတ် ၁၄ က မြေနဲ့အဆောက်အအုံကို ကြိုတင်ရောင်းချနိုင်ရေး ပြည်သူ့ဆန္ဒ ကောက်ယူတဲ့ စစ်တမ်းတခုကို ဒီမတိုင်ခင်က ပြုလုပ်ခဲ့ပြီး စစ်တမ်းကောက်တဲ့ ၆ ရက်တာကာလအတွင်း စုစုပေါင်းဆန္ဒပြုသူ ၁၈,၀၀၀ ကျော်ရဲ့ ၉၇ ရာခိုင်နှုန်းကျော်က ဝယ်ယူမယ်လို့ ဆန္ဒပြုခဲ့ကြပြီး ဝယ်ယူဖို့ အဆိုပြုပမာဏ စုစုပေါင်းက ငွေကျပ် ၃၄ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၇ သန်း) လောက် ရှိပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013