DVB Logo
Home
Lead Story
ဘယ်လို အပြစ်ပေးကြမှာပါလိမ့်
DVB
·
July 24, 2022
ဘယ်လို အပြစ်ပေးကြမှာပါလိမ့်
Donate to DVB

“ဒီလိုလူပေါင်း ၆ သန်းကျော် သတ်ခဲ့တဲ့ လူသတ်ကောင်တယောက်ကို ဘယ်လို အပြစ်ပေးကြမှာလဲဟင်…။ ရှင်တို့ လူ့လောကမှာ လူပေါင်း ၆ သန်းကျော် သတ်ခဲ့တဲ့ တရားခံတယောက်ကို လုံလောက်အောင် အပြစ်ပေးနိုင်တဲ့ ဥပဒေ ရှိရဲ့လား” တဲ့။ 

ဒီစကားကို ‘အိုက်ခမန်းစစ်ဆင်ရေး’ (Operation Eichmann) ရုပ်ရှင်ထဲမှာ ဂျူးအမျိုးသမီးက  သူ့ချစ်သူ ဂျူးစုံထောက်ကို မေးလိုက်တဲ့ အမေးစကားပါပဲ။ 

ဒီအမေးကပဲ လူမျိုးတုံးသတ်ဖြတ်မှု (Genocide) ဥပဒေဖြစ်ပေါ်လာဖို့အတွက် အစပျိုးလိုက်တာလို့ ဆိုရမှာ။ ဒီအမေးကို ဖတ်ရင်း ကိုယ်တိုင်လည်း အထပ်ထပ်မေးနေမိတယ်။ လူ့လောကမှာ လူတယောက်က လူတယောက်ကို သတ်လို့ လူသတ်သမား ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်အတွက် သေစားသေစေ ကြိုးဒဏ်ပေးလိုက်ရင် အားလုံးအမြင်မှာ မျှတတယ်လို့ ထင်ခဲ့ကြတာ။ လူသတ် ဓားပြ မုဒိမ်းကောင်ကို ကြိုးဒဏ်ပေးရင် တရားတယ်လို့ ထင်မြင်ကြတာပဲလေ။ ကိုဓဥပဒေရဲ့ မျက်လုံးတလုံးကို မျက်လုံးတလုံး၊ သွားတချောင်းကို သွားတချောင်း ပေးဆပ်ရတာလည်း တရားမျှတမှုလို့ ယူဆပြီး ပြဋ္ဌာန်းခဲ့ကြတယ်။ အပြစ်ပေးခဲ့ကြတယ်။ သမိုင်းစဉ်တလျှောက်ပေါ့။ 

ဒါက တဦးတယောက်ချင်းရဲ့ ကျူးလွန်မှု။ လူတယောက်မှာ အသက်တချောင်းစီပဲ ပါလာတာ။ အသက်အပိုမပါခဲ့ဘူး။ ဘဝတဏှာအရ လူဟာ သေမှာ ကြောက်တာပဲလေ။ အဲဒီလို အသက်တချောင်းပဲပါတဲ့ လူတယောက်က အခြားလူပေါင်းများစွာရဲ့ အသက်ကို သတ်ဖြတ်ကျူးလွန်ခဲ့ရင် လက်ရှိ နိုင်ငံတိုင်းမှာရှိတဲ့ ပြစ်ဒဏ်ပေးမှုတွေဟာ လုံလောက်မျှတတဲ့ အခြေအနေမှာ ရှိပါရဲ့လား။ အိုက်ခမန်းဟာ ဂျူး ၆ သန်းကို အဆိပ်ငွေ့ပေးသတ်ခဲ့တယ်။ လူ ၆ သန်းရဲ့ အသက်နဲ့ အိုက်ခမန်း တယောက်တည်းရဲ့ အသက်တချောင်းနဲ့ တန်ဖိုးချင်း ထပ်တူကျနေသလား။ အိုက်ခမန်းရဲ့ အသက်တချောင်းကို သေဒဏ်ပေးရုံနဲ့ ကမ္ဘာကြီးမှာ တရားမျှတမှုရှိသွားပြီလို့ ဆိုနိုင်သလား။  

ကမ္ဘာကြီးကတော့ တရားမျှတမှုကို နည်းပေါင်းစုံနဲ့ အဖြရှာခဲ့ကြတာပဲ။ ဒီမှာ ‘တရားဥပဒ’ ဆိုတာကို တွေ့ခဲ့ကြတယ်။ ပထမဆုံး ‘ကိုဓဥပဒေ’။ နောက်တော့ ‘ကိုဓဥပဒေ’ဟာ ကြမ်းတမ်းလွန်းတာကြောင့် လူယဉ်ကျေး ပညာရှိတွေက ပယ်ဖျက်လိုက်ကြတယ်။ ဘာသာရေးတွေ လွှမ်းမိုးလာတော့ ဘုရားသခင်ရဲ့ ‘မုက္ခပတ်ပညတ်ဥပဒေ’တွေ ပေါ်လာခဲ့တာပဲ။ နောက်တော့ လူသားတွေရဲ့ ပြုမူလှုပ်ရှားဆက်ဆံမှုအရ ပြုလုပ်ပြဋ္ဌာန်းဥပဒေတွေ ပေါ်လာတယ်။ ပညာရှိတွေဟာ မျှတမယ်လို့ ယူဆတဲ့အရာတွေကို ဥပဒေပြု ရေးဆွဲလာကြတယ်။  

ဥပဒေကို တရားမျှတမှုရဲ့ကိရိယာအဖြစ် ယူဆခဲ့ကြတယ်။ ဥပဒေလို့ ဆိုလိုက်တာနဲ့ အများစု စိတ်ထဲမှာ ‘တရားမျှတမှု’ လို့ ထင်မြင်လာတယ်။ တပြိုင်တည်း ဥပဒေကိုလည်း အမှန်တရားလို့ ထင်ကြတယ်။ အတွေးခေါ်ပညာရှင်တွေကတော့ ဥပဒေနဲ့ အမှန်တရားကို စိစစ်ဝေဖန် သုံးသပ်လာကြတယ်။ တချို့ကျတော့လည်း ဥပဒေဟာ အမှန်တရားနဲ့ အာဏာ ရောစပ်နေကြတယ်လို့ သုံးသပ်ကြသူတွေလည်း ရှိပါတယ်။ ဥပဒေဟာ အာဏာနဲ့ ရောစပ်လိုက်တာကြောင့် အာဏာကို အလွဲသုံးစားလုပ်တတ်တဲ့ အုပ်ချုပ်သူတွေကြောင့် ဥပဒေရဲ့ တရားမျှတမှုတွေ ပျက်ပြယ်ခဲ့ရတာတွေလည်း သမိုင်းမှာ အထင်ကရဖြစ်ရပ်တွေ ရှိခဲ့တယ်။ မြန်မာနိုင်ငံရဲ့ လောလောလတ်လတ်ဖြစ်ရပ်ကို ကြည့်ပါ။ ဥပဒေကို အာဏာနဲ့ လုပ်ပိုင်ခွင့်တို့ကို ပေါင်းစပ်လုပ်ကိုင်လိုက်တဲ့ စစ်အုပ်စုကြောင့် ဥပဒေဆိုတာ စက္ကူစုတ် ဖြစ်သွားတာပဲလေ။ မလိုအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ဖြစ်ပေါ်လေ့ရှိခဲ့တာ သမိုင်းမှာ အထင်ကရပဲ။

ဥပဒေ ဆိုတဲ့စကားရပ်မှာ အမှန်တရား (Truth)၊ တရားမျှတမှု (Justice)၊ ညီမျှမှု (Equality) အစရှိတဲ့ ဝေါဟာရတွေ ပါဝင်ကိန်းဝပ်နေတာလို့ ဆိုတယ်။ တရားမျှတမှုကိုတော့ ပလေတိုရဲ့ Republic ကျမ်းနဲ့ အရစ္စတိုတယ်ရဲ့ Politics ကျမ်းတို့မှာ စောစွာဆွေးနွေးခဲ့ကြတာကို တွေ့ရတယ်။ သူတို့ကတော့ လုပ်ထုံးလုပ်နည်းဆိုင်ရာ Procedural တရားမျှတမှုနဲ့ စစ်မှန်သော (သို့မဟုတ်) လူမှုရေးဆိုင်ရာ (Social) တရားမျှတမှုဆိုပြီး နှစ်မျိုးခွဲမြင်ခဲ့ကြတယ်။ အဲဒီနှစ်မျိုးမှာ လူမှုရေးဆိုင်ရာ တရားမျှတမှုကတော့ အနည်းငယ်ရှုပ်ထွေးသပေါ့။ 

တရားမျှတမှုလို့ ပြောပြန်ရင်လည်း ‘တရားမျှတမှု’ နဲ့ ‘ညီမျှမှု’ တို့ကလည်း ဆက်နွှယ်နေပြန်တယ်။ တရားမျှတမှုနဲ့ ညီမျှမှုတို့ဟာ တူညီသယောင်ယောင်နဲ့ မတူကြဘူး။ ညီမျှမှုကိုတော့ ဉာဏ်အလင်း‌ခေတ် ဂျွန်လော့ရဲ့ နိုင်ငံရေးသဘောတရားထဲက အခြေခံအယူအဆ ဖြစ်ခဲ့တယ်။ “လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ ချစ်ကြည်ခြင်း” သဘောတရားထဲက တခုပေပဲ။ ဒါတွေအားလုံးကလည်း လွတ်လပ်မှုမရှိဘဲ မရနိုင်တဲ့ အခြေနေတွေ။ 

လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်း ဆိုတာတွေဟာ စိတ်အတွေးတရားတွေ ဖြစ်ကြတယ်။ ပစ်ပယ်လို့ မရနိုင်သလို အရမ်းကိုးကွယ်ဖို့လည်း လိုဟန်မရှိပါဘူး။ မလျော့မတင်း လက်ခံရမယ့် ကျင့်စဉ်တခုပါပဲ။ ဥပဒေဟာလည်း လူ့ဆင်ခြင်တုံတရားကြောင့် ပေါ်ပေါက်လာလေတော့ အကန့်အသတ်တော့ ရှိမှာပါ။ တရားသေဆန်တဲ့ သဘောတခုတော့မဟုတ်ဘူး။ 

ဗုဒ္ဓရဲ့ ဝိနည်းပညတ်တော် ချမှတ်ခဲ့သလို ဖြစ်ပြီးနောက် အတွေ့အကြုံကို အခြေခံပြီး  ထပ်မံကန့်သတ်ချမှတ်ရတာတွေလည်း ရှိမှာပါ။ ဥပဒေရေးဆွဲစဉ်က မရှိခဲ့တဲ့ ဖြစ်ရပ်တွေဟာ ဒီနေ့ ကမ္ဘာမှာ များစွာပေါ်ထွက်လာတယ်။ ‘ကလုန်း’ (Clone) လို့ခေါ်တဲ့ ပုံတူမျိုးပွားခြင်းဆိုင်ရာ ဖြစ်ရပ်တွေ။ ဖန်ပြွန်သန္ဓေသားဆိုင်ကိစ္စရပ်တွေ။ စတဲ့ အသစ် အသစ်သော ဖြစ်ပေါ်မှုတွေကြောင့် ဥပဒေမှာ ဖြည့်စွက်ပြဋ္ဌာန်းလာကြရတာတွေလည်း ရှိရဲ့။ 

ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေဟာ ယုတ္တိဗေဒနည်းအရ စီမံထားချက်တခုထက် မပိုဘူး။ ဥပဒေမရှိလို့ အမှုတခုကို ပလပ်လိုက်တယ်ဆိုတာ မရှိသင့်ဘူး။ သဘာဝဥပဒေအရ ယုတ္တိဗေဒအရ ဆင်ခြင်သုံးသပ်ပြီး စီရင်လို့လည်း ရတယ်။ ပြဋ္ဌာန်းလို့လည်း ရတယ်။ ဒါတွေက ဥပဒေရဲ့ သဘောသဘာဝတွေမို့ စဉ်းစားမိတာလေးတွေကို ရေးနေမိတာ။ အခု ဆက်ပြီး အစပိုင်းက ပြောခဲ့တဲ့အကြောင်း ပြန်ဆက်ချင်တယ်။

တကယ်တော့ ‘အိုက်ခမန်း’ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုဟာ သာမန်ရာဇဝတ်မှုမျိုး မဟုတ်။ “လူသားမဆန်တဲ့ ရာဇဝတ်မှု’ ဖြစ်တယ်။ ဒါ့အပြင် ဂျူးတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုလည်း ဖြစ်တယ်။ ဒါကြောင့် အိုက်ခမန်းကို စွဲချက်တင်တော့ အမှုပေါင်း ၁၅ မှုနဲ့ စွဲချက်တင်ခဲ့တယ်။ အဲဒီ ၁၅ မှုရဲ့ အချုပ်ကတော့ (၁) ရာဇဝတ်ကောင်တယောက်အနေနဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုများနဲ့ (၂) လူသားတို့အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုများပဲ ဖြစ်တယ်။

အဲဒီလိုပဲ မြန်မာနိုင်ငံက စစ်အုပ်စုနဲ့ စစ်အုပ်စုခေါင်းဆောင်တို့ဟာ “လူသားမဆန်တဲ့ ရာဇဝတ်မှု” ကို ကျူးလွန်ခဲ့သလို နိုင်ငံတော်ကိုသာမက မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားများနဲ့ နိုင်ငံသားအားလုံးအပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုလည်း ဖြစ်တယ်။ တဦး တယောက်ချင်းအပေါ်မှာ ကျူးလွန်ခဲ့သလို တဖွဲ့ချင်း ဒေသတခုချင်းအပေါ်မှာလည်း ကျူးလွန်ခဲ့တယ်။ အဆိုးဆုံးကတော့ နိုင်ငံတော်ရဲ့အနာဂတ်နဲ့ ဂုဏ်သိက္ခာအပေါ်မှာပါ ကျူးလွန်ခဲ့ခြင်းပဲ။ 

တဦးချင်း အသက်၊ အိုးအိမ်၊ လိင်ပိုင်းဆိုင်ရာ စတဲ့အရာတွေအပေါ်မှာလည်း ဂုဏ်သိက္ခာမဲ့ ဖျက်ဆီးခဲ့တယ်။ မြန်မာတနိုင်ငံလုံးနီးပါး စည်းစိမ်ဥစ္စာကို လုယူရုံမက လောင်မီးရှို့ ပြာပုံအတိ ဖြစ်ခဲ့တယ်။ ကျူးလွန်သူ တယောက်ချင်းမှာ အပြစ်ရှိသလို စေခိုင်းသူ တယောက်ချင်းမှာလည်း အပြစ်ရှိတာကို တွေ့ရတယ်။ ထိပ်ဆုံးက အမိန့်ပေးနိုင်သူအားလုံးမှာလည်း အပြစ်ရှိခဲ့တယ်။ အဲဒီလို ပြစ်မှုကျူးလွန်သူ တယောက်ချင်း၊ တဖွဲ့ချင်း၊ တအုပ်စုချင်း အပြစ်ပေးရင်တောင် သူတို့ ကျူးလွန်ခဲ့တဲ့ အပြစ်ဟာ ကျေပြီး မျှတပြီ၊ မှန်ကန်ပြီလို့ ဆိုနိုင်ပါ့မလား။ 

ဥပဒေရဲ့သဘောကတော့ လက်စားချေခြင်း မဟုတ်မှန်း သိပါရဲ့။ လူ့အသက်ပေါင်းများစွာကို လူမဆန်တဲ့နည်းနဲ့ သတ်ဖြတ်၊ မုဒိမ်းမှု ကျူးလွန်၊ ဥစ္စာပစ္စည်း ရွှေ ငွေမှ အစ လုယက် ယူငင်သွားတဲ့အပြင် သေသူရဲ့ ဂုဏ်သိက္ခာကိုပါ ထိပါးလုပ်ကြံခဲ့တဲ့ လူသတ်ကောင်ကို သေဒဏ်ပေးလိုက်ရုံနဲ့ ချိန်ခွင်လျှာ မျှတသွားပြီလို့ ဆိုနိုင်ပါ့မလား။ ခံစားရသူအတွက် ဖြေဆည်ရာ အဖြစ် ဘာသာရေးသမားတွေကတော့ ငရဲနဲ့ ဝဋ်ကြွေးသံသရာကိုပါ ထည့်သွင်းမျှတပေးခဲ့တယ်။ ဒါကလည်း ဖြေဆည်ရာမျှသာ။ ဆုပ်ဆုပ်ကိုင်ကိုင်တော့ ဘယ်ဟုတ်ပါ့မလဲ။ 

ဒါကြောင့် စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ ဆိုးခိုး လုယက်၊ မုဒိမ်းကျင့်၊ လိင်ပိုင်းဂုဏ်သိက္ခာပိုင်း စော်ကားမှု အိုးအိမ်စည်းစိမ်နဲ့ နေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီး လောင်မီးတိုက်မှုတွေက သေဒဏ်ပေးရုံနဲ့ လုံလောက်ပြီလို့ ဆိုနိုင်ပါ့မလား။ ဘယ်လိုပဲဖြစ်စေ သူတို့အတွက် လုံလောက်တဲ့ ဥပဒေတရပ်ကိုတော့ တော်လှန်ရေးအင်အားစုတွေဘက်က ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်လိမ့်မယ်လို့ ထင်မြင်မိပါတယ်။

ဒါတွေကို စဉ်းစားရင်း အိုက်ခမန်းစစ်ဆင်ရေး ရုပ်ရှင်ထဲက စုံထောက်ရဲ့ ချစ်သူပြောစကားကိုပဲ  စဉ်းစားနေမိတယ်။ သူက “ရှင်တို့ လူ့လောကမှာ လူပေါင်း ၆ သန်းကျော် သတ်ခဲ့တဲ့ တရားခံတယောက်ကို လုံလောက်အောင် အပြစ်ပေးနိုင်တဲ့ ဥပဒေ ရှိရဲ့လား” တဲ့။ ဟုတ်ပါရဲ့။ 

မင်းအောင်လှိုင်တို့စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ ‘လူမဆန်တဲ့ ရာဇဝတ်သားတယောက်ရဲ့ ရာဇဝတ်မှုနဲ့ လူသားတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ကျနော်တို့မှာ လုံလောက်တဲ့ ဥပဒေ ရှိမှရှိပါလေစလို့’ အတွေးပွားရင်း “ကဲ.. ဘယ်လိုအပြစ်ပေးကြမှာလဲ…လို့။                                                                                                                                                                                

ဂန္ထဝင်မောင်တူး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013