DVB Logo
Home
မြန်မာသတင်း
ICJ ဆုံးဖြတ်ချက်ကို ရိုဟင်ဂျာများကြိုဆို၊ အချိန်တိုအတွင်း တရားစီရင်ဆုံးဖြတ်ပေးရန်တောင်းဆို
DVB
·
July 23, 2022
ICJ ဆုံးဖြတ်ချက်ကို ရိုဟင်ဂျာများကြိုဆို၊ အချိန်တိုအတွင်း တရားစီရင်ဆုံးဖြတ်ပေးရန်တောင်းဆို
Donate to DVB

ရခိုင်ပြည်နယ်အတွင်ရှိ ရိုဟင်ဂျာတွေအား လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လက်တရားစီရင်ဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနဲ့ အချိန်တိုအတွင်း တရားစီရင်ဆုံးဖြတ်ပေးဖို့ ရိုဟင်ဂျာတွေက တောင်းဆိုလိုက်ပါတယ်။

မောင်တောမြို့နယ်က ဒေသခံ ရိုဟင်ဂျာလူကြီးတဦးက “အိုင်စီဂျေ တရားရုံးက ဆုံးဖြတ်ချက်ကို ကျနော်တို့ မောင်တောဒေသခံ ရိုဟင်ဂျာတွေအနေနဲ့ အလွန်ဝမ်းသာမိပါတယ်။ ဒါပေမဲ့ ကျနော်တို့ စိုးရိမ်နေတာက အိုင်စီဂျေကိစ္စက အချိန်နည်းနည်းကြာသွားလို့ရှိရင် ဒီဒုက္ခသည်တွေကလည်း ဒုက္ခမျိုးစုံနဲ့ ကြုံလာရမှာပါ။ အဲ့ဒါကြောင့် အိုစီဂျေအနေနဲ့ အချိန်တိုအတွင်း တရားဆုံးဖြတ်ပေးဖို့ လိုအပ်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာလည်း ဘင်္ဂလာအစိုးရအနေနဲ့ နေရပ်စွန့်ခွာ ဒုက္ခသည်တွေကို မူလနေရာကို ပြန်ပို့ချင်တဲ့ ဆန္ဒမရှိဘဲ့ ဘာချာရှာကျွန်းကိုသာ ပို့ဆောင်နေတာကြောင့် နိုင်ငံတကာအနေနဲ့ ဘင်္ဂလာအစိုးရအား ဒုက္ခသည်တွေကို သူတို့ရဲ့ မူလနေရပ်ပြန်ပို့ပေးရေးအတွက် ဖိအားပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် နေရပ်စွန့်ခွာသွားသူတွေပြန်လာဖို့ သူတို့ရဲ့ မူလနေရာတွေမှာ နေရာချထားပေးဖို့ လိုအပ်သလို နိုင်ငံသားဖြစ်ခွင့်နဲ့ တိုင်းရင်းသားတွေနဲ့တန်းတူ ခရီးသွားလာခွင့် စတဲ့ လူအခွင့်အရေးတွေ အပြည့်အဝပေးပါက သူတို့ပြန်လာမယ်လို့ ထင်မြင်မိကြောင်း ဘူးသီးတောင်မြို့နယ်ဒေသခံ ရိုဟင်ဂျာလူကြီးတဦးက ပြောပါတယ်။

"ဘင်္ဂလာကိုရောက်နေတဲ့ သူတွေပြန်လာဖို့က သူတို့ရဲ့မူလနေရာတွေမှာ ပြန်လည်နေ ရာချထားပေး ဖို့ လိုတယ်။ နောက်ပြီး နိုင်ငံသားအခွင့်အရေးတန်းတူပေးဖို့ နဲ့ လွတ်လပ်စွာ ခရီသွားလာခွင့်တွေ ပေးရင်တော့ သူတို့ပြန်လာကြမယ်ထင်ပါတယ်။ ပြန်ပို့ရာမှာလည်း ကျေးရွာအုပ်စုတခုချင်းစီ လိုက်စာရင်းကောက်ယူပြီး နေရာချထားပေးဖို့ လိုအပ်တယ်လို့။” ​

ရခိုင်ဒေသမှာ လက်ရှိ တိုင်ပွဲတွေ စဥ်ဆက်မပြတ်ဖြစ်ပွားနေတာကြောင့် နေရပ်စွန်ခွာသူတွေ မူလနေရာကို ပြန်လာကြတဲ့တိုင်အောင် အာဏာသိမ်းထားတဲ့စစ်ကောင်စီက လုံခြုံရေးအားအပြည့်အဝ တာဝန်ယူပေးဖို့ လိုအပ်သလို နိုင်ငံတကာအနေနဲ့လည်း မြန်မာအစိုးရအား ဖိအားပေးဖို့လိုအပ်တယ်လို့ ရသေ့တောင်မြို့နယ် ဆင်ခုံတိုင်​ကျေးရွာမှ ရိုဟင်ဂျာတဦးက ပြောပါတယ်။

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲထားတာနဲ့ပတ်သက်ပြီး မြန်မာဘက်က  တင်သွင်းခဲ့တဲ့ ကနဦး ကန့်ကွက်လွှာအားလုံး (Preliminary Objections) ကို တညီတညွတ်တည်း ပယ်ချကြောင်း  အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တရားရုံးက ဇူလိုင် ၂၂ ရက်က ဆုံးဖြတ်လိုက်တာပါ။

ဂမ်ဘီယာနိုင်ငံဟာ OIC အစ္စလာမ္မစ်နိုင်ငံတွေကိုယ်စားပြုပြီး တရားစွဲဆိုတာ၊ မြန်မာနဲ့ ဂမ်ဘီယာ နှစ်နိုင်ငံအကြား အငြင်းပွားမှု တိုက်ရိုက်မရှိခဲ့တာတွေအပြင် ရိုဟင်ဂျာအရေးကြောင့် ဂမ်ဘီယာနိုင်ငံမှာ တိုက်ရိုက်ထိခိုက်နစ်နာမှု မရှိတာတွေ၊ Genocide Convention သဘောတူစာချုပ်ကို မြန်မာနိုင်ငံလက်မှတ်ထိုးရာမှာ ပုဒ်မ ၈ အပိုဒ်ကို ချန်လှပ်ခဲ့တဲ့အတွက် ICJ တရားရုံးက ဒီအမှုကို စီရင်ပိုင်ခွင့်မရှိဘူးဆိုပြီး ကနဦးကန့်ကွက်ချက် ၄ ခုကို စစ်ကောင်စီကိုယ်စားလှယ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ICJ တရားရုံးမှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။  

မြန်မာဘက်က ကန့်ကွက်ချက်တွေထဲက  ၃ ခုကို ICJ တရားသူကြီး ၁၆ ယောက်က တညီတညွတ်တည်းဆုံးဖြတ်ပယ်ချခဲ့ပြီး ကန့်ကွက်ချက်တခုကိုတော့ ၁၅ မဲ ၁ မဲ နဲ့ မဲခွဲဆုံးဖြတ်ပြီး ပယ်ချခဲ့တာပါ။

ICJ တရားရုံး ရဲ့ဆုံးဖြတ်ချက်အပေါ်မြန်မာဘက်ကနေ ထုချေလွှာအား ၆ လပြည့်တဲ့အချိန် ရုံးတော်ကို တင်ပြပေးရမှာဖြစ်ပြီး မြန်မာဘက်က ၆ လအချိန်ရှိနေပါသေးတယ်။ အဲ့ဒီ့နောက်ပိုင်းမှာတော့ တရားရုံးရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ရုံးတော်က အမှုကို ဆက်လက်ကြားနာသွားမှာဖြစ်ပြီး အမှုပြီးဖို့ ၂ နှစ်လောက်အထိ ကြာမြင့်နိုင်တယ်လို့ နိုင်ငံတကာတရားစီရင်ရေး လေ့လာထားသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013