DVB Logo
Home
မြန်မာသတင်း
ICJ တရားရုံးဆုံးဖြတ်ချက်ကို ဘင်္ဂလားဒေ့ရှ်ကြိုဆို
DVB
·
July 23, 2022
ICJ တရားရုံးဆုံးဖြတ်ချက်ကို ဘင်္ဂလားဒေ့ရှ်ကြိုဆို
Donate to DVB

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လက်တရားစီရင်ဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ကြိုဆိုကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ကြေညာပါတယ်။

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲထားတာနဲ့ပတ်သက်ပြီး မြန်မာဘက်က  တင်သွင်းခဲ့တဲ့ ကနဦး ကန့်ကွက်လွှာအားလုံး (Preliminary Objections) ကို တညီတညွတ်တည်း ပယ်ချကြောင်း  အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တရားရုံးက ဇူလိုင် ၂၂ ရက်က ဆုံးဖြတ်လိုက်တာပါ။

အခုလို နိုင်ငံတကာ တရားစီရင်ရေးဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်ချက် ဖြစ်တယ်လို့ ယုံကြည်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။  

ရိုဟင်ဂျာပြဿနာနဲ့ ပတ်သက်ပြီး ရေရှည်ခိုင်မြဲတဲ့ အဖြေတခုရှာဖို့ နိုင်ငံတကာ တရားစီရင်မှုနဲ့ တာဝန်ခံမှုရှိဖို့ဟာ အရေးကြီးတဲ့အကြောင်းနဲ့  ရိုဟင်ဂျာတွေရဲ့ တရားဝင်ရပိုင်ခွင့် အခွင့်အရေး ဖြစ်တဲ့ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ရဲ့ နေအိမ်တွေဆီ ပြန်ပို့ဆောင်ရေးအတွက်လည်း ယုံကြည်မှုတည် ဆောက်ဖို့ သက်သေပြရာ ရောက်စေမယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က ဆိုပါတယ်။ 

ဂမ်ဘီယာနိုင်ငံဟာ OIC အစ္စလာမ္မစ်နိုင်ငံတွေကိုယ်စားပြုပြီး တရားစွဲဆိုတာ၊ မြန်မာနဲ့ ဂမ်ဘီယာ နှစ်နိုင်ငံအကြား အငြင်းပွားမှု တိုက်ရိုက်မရှိခဲ့တာတွေအပြင် ရိုဟင်ဂျာအရေးကြောင့် ဂမ်ဘီယာနိုင်ငံမှာ တိုက်ရိုက်ထိခိုက်နစ်နာမှု မရှိတာတွေ၊ Genocide Convention သဘောတူစာချုပ်ကို မြန်မာနိုင်ငံလက်မှတ်ထိုးရာမှာ ပုဒ်မ ၈ အပိုဒ်ကို ချန်လှပ်ခဲ့တဲ့အတွက် ICJ တရားရုံးက ဒီအမှုကို စီရင်ပိုင်ခွင့်မရှိဘူးဆိုပြီး ကနဦးကန့်ကွက်ချက် ၄ ခုကို စစ်ကောင်စီကိုယ်စားလှယ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ICJ တရားရုံးမှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။  

မြန်မာဘက်က တင်သွင်းတဲ့ ကန့်ကွက်ချက်တွေထဲက  ၃ ခုကို ICJ တရားသူကြီး ၁၆ ယောက်က တညီတညွတ်တည်းဆုံးဖြတ်ပယ်ချခဲ့ပြီး ကန့်ကွက်ချက်တခုကိုတော့ ၁၅ မဲ ၁ မဲ နဲ့ မဲခွဲဆုံးဖြတ်ပြီး ပယ်ချခဲ့တာပါ။

မြန်မာအပေါ် ဂမ်ဘီယာနိုင်ငံရဲ့ စွဲဆိုချက်နဲ့ ပတ်သက်ပြီး  ICJ တရားရုံးက တရားစီရင်ပိုင်ခွင့်ရှိတဲ့ အကြောင်း ဆုံးဖြတ်လိုက်တဲ့အတွက် ဒီအမှု ဆက်လက်ကြားနာ စစ်ဆေးမှုကို စစ်ကောင်စီက ဆက်လက်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ 

ICJ က မြန်မာနိုင်ငံအပေါ် တရားစီရင်ခွင့်ရှိကြောင်း ဆုံးဖြတ်ချက်ချလိုက်တာဟာ  အရေးကြီးတဲ့အဆင့်တဆင် အောင်မြင်သွားတာဖြစ်သလို ရိုဟင်ဂျာတွေရဲ့  အမှန်တရားနဲ့ တရားမျှတမှုအတွက် ခြေလှမ်းတဆင့် တိုးလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။ 

NUG  အစိုးရအနေနဲ့လည်း  ICJ ရဲ့တရားစီရင်ချက်အပေါ် ငြင်းပယ်ခဲ့တာကို ပယ်ဖျက်ခဲ့ပြီး တရားစီရင်ရာမှာ ပူးပေါင်းဆောင်ရွက်မယ်လို့  လွန်ခဲ့တဲ့ ဖေ​ဖော်ဝါရီလထဲက ကြေညာထားပြီး ဖြစ်ပါတယ်။

ယူကေအခြေစိုက် ဘားမားကန်ပိန်းယူကေအဖွဲ့ကတော့ ဗြိတိသျှအစိုးရအနေနဲ့ ဒီအမှုမှာပါဝင် တရားစွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် စစ်ဆင်ရေးလုပ်ခဲ့ချိန်မှာ ရိုဟင်ဂျာကလေးငယ်တွေကို မြန်မာစစ်တပ်က သေနတ်နဲ့ ပစ်တာတွေ၊ မုဒိမ်းကျင့်တာတွေ၊ သေတဲ့အထိ ရိုက်နှက်တာတွေ၊ ရေနှစ်သတ်တာတွေ၊ အရှင်လတ်လတ်မီးရှို့သတ်ခဲ့တာတွေ လုပ်ခဲ့ကြပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှိနိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ၈ သိန်းခန့်ရဲ့ တဝက်ကျော်ဟာ ကလေးငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ICJ မှာ မြန်မာကို တရားစွဲထားတဲ့ ဒီအမှုမှာ ကနေဒါနဲ့ နယ်သာလန်တို့က ဂမ်ဘီယာနဲ့အတူ ပါဝင်တရားစွဲဆိုမယ်လို့ ဆိုထားသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ဒီအမှု ကုန်ကျစရိတ်အတွက် ဒေါ်လာ သန်း ၅၀၀ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

ဒီအမှုမှာ ယူကေပါဝင်တရားစွဲဆိုရေးအတွက် ရိုဟင်ဂျာအဖွဲ့တွေက တောင်းဆိုနေကြသလို ယူကေနိုင်ငံခြားရေးရာ ကော်မတီကလည်း ယူကေအစိုးရကို ပါဝင်တရားစွဲဆိုဖို့ တောင်းဆိုထားပေမဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Liz Truss ကတော့  ဗြိတိသျှအစိုးရက ဒီအမှုမှာပါဝင်မယ်လို့ ကြေညာခဲ့တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013