DVB Logo
Home
မြန်မာသတင်း
မတ္တရာမြို့နယ် သမဝါယမရုံး ဦးစီးအရာရှိ သေနတ်ဖြင့် ပစ်သတ်ခံရ
DVB
·
July 21, 2022
မတ္တရာမြို့နယ် သမဝါယမရုံး ဦးစီးအရာရှိ သေနတ်ဖြင့် ပစ်သတ်ခံရ
Donate to DVB

မန္တလေးတိုင်း မတ္တရာမြို့နယ် သမဝါယမရုံး ဦးစီးအရာရှိ ဦးသောင်းကြိုင်ကို ဇူလိုင် ၂၁ ရက်နေ့ မနက်ပိုင်းက ရုံးအတွင်းမှာ အမည်မသိလူနှစ်ယောက်က သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ သိရပါတယ်။

ဦးစီးအရာရှိဖြစ်သူ ‌ဦးသောင်းကြိုင်ဟာ ရုံးခန်းအတွင်း တဦးတည်းရှိနေစဉ်မှာ လူနှစ်ဦးက သမဝါယမချေးငွေကိစ္စနဲ့ တွေ့ခွင့်တောင်းဝင်ရောက်ကာ နှဖူးကို သေနတ်နဲ့ ပစ်ခတ်သွားတာလို့ မတ္တရာမြို့နယ်သမဝါယမရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“သမဝါယမချေးငွေကိစ္စနဲ့ပတ်သတ်ပြီး ဦးစီးအရာရှိနဲ့ စကားပြောဖို့ရာဆိုပြီး ရုံးခန်းအတွင်း ဝင်ရောက်သွားတာ သေနတ်သံကြားရတယ်။ ရုံးထဲကလူတွေကလည်း အကုန်လန့်ဖြန့်ကုန်တယ်။ ‌နှဖူးတည့်တည့်တချက် ကျည်ဖောက်ဝင် ဒဏ်ရာနဲ့ သေတာ။ လက်နက်က ပစ္စတိုဖြစ်တယ်လို့ ရဲက ပြောတယ်။” 

ဦးသောင်းကြိုင် အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး မတ္တရာမြို့ပေါ်နဲ့  ဒေသတွင်းရှိ ကျေးရွာတချို့မှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းအတွင်းမှာတော့ အခုလို ဌာနဆိုင်ရာရုံးခန်းအတွင်း ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပြီး အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့စည်းကမှ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလက မတ္တရာမြို့နယ် သမဝါယမရုံးမှ CDM ပြုလုပ်ထားတဲ့ ဒုဦးစီးမှုး ဦးရဲသူနိုင်ဟာ တိမ်းရှောင်နေရာမှ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီးနောက် ၁၀ ရက်အကြာမှာ သတ်ဖြတ်ခံရပြီး သေဆုံးနေတဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013