DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ GDP ၁၃ ရာခိုင်နှုန်းဆက်လက်ကျဆင်းဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်
DVB
·
July 21, 2022
မြန်မာနိုင်ငံ၏ GDP ၁၃ ရာခိုင်နှုန်းဆက်လက်ကျဆင်းဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်
Donate to DVB

ပြည်တွင်း၊ ပြည်ပ ဖိအားတွေကြောင့် အခုနှစ် မြန်မာ့စီးပွားရေးက သိသိသာသာကျုံ့သွားခဲ့ပြီး ပြန်လည်နာလန်ထူရေး နှောင့်နှေးနေဦးမှာဖြစ်ပြီး  အခုနှစ် တိုင်းပြည်ရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး  GDP ဟာလည်း  ၂၀၁၉ ခုနှစ်နဲ့ယှဉ်ရင် ၁၃ ရာခိုင်နှုန်း ဆက်လက် ကျဆင်းနေမယ်လို့  ကမ္ဘာ့ဘဏ်က အစီရင်ခံစာထုတ်ပြန်ပါတယ်။

မြန်မာ့စီးပွားရေး ကဏ္ဍတစ်ခုလုံးမှာ စိန်ခေါ်မှုတွေနဲ့ ပြည့်နေပေမဲ့ ကဏ္ဍအချို့မှာ လွန်ခဲ့တဲ့ ၁၂ လအတွင်း ပြန်လည်သက်ဝင်မှုတွေ ရှိလာတာကို မြင်တွေ့ရတဲ့အတွက် အခုနှစ် မြန်မာ့စီးပွားရေးတိုးတက်မှုကို မပြောပလောက်တဲ့ အနည်းငယ်သောနှုန်းနဲ့ သွားနေတယ်လို့ ခန့်မှန်းတာဖြစ်ကြောင်း ဇူလိုင် ၂၁ ရက် ဒီနေ့ ထုတ်ပြန်တဲ့ ကမ္ဘာဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာမှာ ဖောပြထားတာပါ။

ကမ္ဘာဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေးပညာရှင် ကင်မ်အဒ်ဝဒ်က “အခက်အခဲ အတားအဆီးတွေ ကြီးမားနေတာကို တွေ့ရပေမဲ့ လွန်ခဲ့တဲ့ ၁၂ လအတွင်း နေရာအချို့မှာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်အသက်ဝင်လာတာကို ကြည့်မယ်ဆိုရင်  မြန်မာ့စီးပွားရေးလုပ်ငန်းတွေရဲ့ ကြံ့ကြံ့ခိုင် ရှင်သန်နိုင်စွမ်းကို မြင်နိုင်တယ်” လို့ အဲဒီအစီရင်ခံစာမှာ မှတ်ချက်ပြုထားပါတယ်။

ဒါပေမဲ့ အခုနှစ်မှာ လုပ်ငန်းခွင်လှုပ်ရှား သွားလာမှုတွေ မြင့်တက်လာပြီး လုပ်ငန်းတွေ ပြန်လည်သက်ဝင် လှုပ်ရှားလာခဲ့တာတွေ့ရှိခဲ့ပေမဲ့ ဝယ်ယူသုံးစွဲနိုင်မှုဆိုင်ရာ ညွှန်းကိန်းတွေမှာတော့  အားနည်းနေသေးတယ်လို့ ကမ္ဘာဘဏ်က ဆိုပါတယ်။

ကမ္ဘာဘဏ်ဟာ  ပြီးခဲ့တဲ့နှစ်က မြန်မာ့စီးပွားရေးကို  ၁၈ ရာခိုင်နှုန်းကျဆင်းမယ်လို့ ခန့်မှန်းခဲ့ပြီး အခု ၂၀၂၂ ခုနှစ်မှာတော့ အဲဒီအနုတ်ပြနေရာကနေ  ၃ ရာခိုင်နှုန်း ပြန်တက်လာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

မြန်မာ့စီးပွားရေးကို  ၃ ရာခိုင်နှုန်းတက်လာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပေမဲ့လည်း အဲဒီမျှော်မှန်းချက်က အားနည်းနေဆဲဖြစ်ကာ ကြီးမားတဲ့ ထိခိုက်နိုင်ခြေတွေလည်း ရှိနေသေးတယ်လို့လည်း ဆိုထားပြန်ပါတယ်။

ယူကရိန်းစစ်ပွဲရဲ့ ရုတ်ခတ်မှု တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ပြည်ပသွင်းကုန်၊ သွင်းအားစုတွေ ဈေးမြင့်တက်လာတာ၊ ပြည်တွင်းပဋိပက္ခ ပိုမိုးဆိုးရွား ပြင်းထန်လာတာ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မူတွေ၊ သယ်ယူပို့ဆောင်ရေးနဲ့ ဘဏ္ဍာရေးကဏ္ဍ အခက်အခဲတွေက မြန်မာ့စီးပွားရေးအတွက်  အခက်အခဲ အတားအဆီးတွေ ဖြစ်ပြီး လတ်တလော ထုတ်ပြန်တဲ့ ဘဏ္ဍာရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ မူဝါဒ အပြောင်းအလဲတွေကလည်း စီးပွားရေးလုပ်ငန်းတွေအပေါ် စိန်ခေါ်မှုတွေ ပိုဖြစ်စေကာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာလည်း မရေရာမှုတွေ မြင့်တက်လာစေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာဘဏ်ရဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က “မြန်မာနိုင်ငံအနေနဲ့ မနှစ်က ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး စီးပွားရေးကျုံ့မှုကို ရင်ဆိုင်ခဲ့ရပြီး ဒီနှစ်မှာလည်း အခက်အခဲတွေ ဆက်ရှိနေတဲ့အတွက် တခြားနိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် စီးပွားရေး ပြန်လည် နလန်ထူမှုမှာ များစွာ နောက်ကျနေတာကို လေ့လာတွေ့ရှိရတယ်” လို့ ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ အခုနှစ်မြန်မာ့လူဦးရေ ၄၀ ရာခိုင်နှုန်းက ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်မှာ ရောက်ရှိနေပြီး ဆယ်စုနှစ်တစ်ခုစာ ကြိုးပမ်းထားတဲ့ ဆင်းရဲမှု လျော့ကျရေး ဆောက်ရွက်ချက်တွေ နောက်ပြန်လှည့်နေတယ်လို့လည်း  ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013