DVB Logo
Home
မြန်မာသတင်း
အိမ်သုံးဆေးဝါးများ ဈေးတက်၊ ဆေးကုမ္ပဏီတချို့ အရောင်းရပ်နား
DVB
·
July 21, 2022
အိမ်သုံးဆေးဝါးများ ဈေးတက်၊ ဆေးကုမ္ပဏီတချို့ အရောင်းရပ်နား
Donate to DVB

မြန်မာပြည်တွင်းမှာ ဒေါ်လာဈေး အဆမတန်မြင့်တက်လာတဲ့ အကျိုးဆက်ကြောင့် အိမ်သုံးဆေးဝါးတင်သွင်းနေတဲ့ ကုမ္ပဏီတွေရဲ့ ဖြန့်ချိဈေးနှုန်းဟာ အရင်က ထက် ၁၅ ရာခိုင်နှုန်း မြင့်တက်လာတဲ့အပြင် တချို့ကုမ္ပဏီတွေက အရောင်းကိုပါ ရပ်နားထားကြတယ်လို့ လက်လီ၊လက်ကားဖြန့်ဖြူးပေးနေတဲ့ ဆေးဝါးအရောင်းဆိုင်ကြီးတွေက ပြောပါတယ်။

နိုင်ငံခြားသုံးငွေ အမေရိကန်ဒေါ်လာတန်ဖိုးက စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ စီမံခန့်ခွဲမှုကြောင့် ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ တစစနဲ့ မြင့်တက်လာရာ  ဇူလိုင် ၂၁ မှာ အမေရိကန် ၁ ဒေါ်လာတန်ဖိုးက မြန်မာငွေ ၂၄၀၀ လောက် ရှိလာတာပါ။

ဒီအကျိုးဆက်က အမေရိကန်ဒေါ်လာကို အခြေပြုပြီး တင်သွင်းနေရတဲ့ ကုန်စည်တွေအပေါ် သက်ရောက်မှုရှိလာပြီး စားသုံးသူတွေဟာ ဒီဒဏ်ကို ခံနေရပါတယ်။

ရန်ကုန်အခြေစိုက် အိမ်သုံးဆေးဝါး လက်လီလက်ကားရောင်းချပေးနေတဲ့ လုပ်ငန်းရှင်တဦးက “ဆေးဝါးတွေရဲ့ ဈေးနှုန်းက ၁၅ ရာခိုင်နှုန်း လောက်တက်သွားတယ်။ ဒါကုမ္ပဏီတွေဘက်က တက်သွားတဲ့ ဈေးပါ။ တချို့ ကုမ္ပဏီတွေဆိုရင် အရောင်းတွေပါ ပိတ်ထားကြတယ်။ ကျနော်တို့က ဘာမျှ လုပ်ခွင့်မရှိပါဘူး။ သူတို့က ဈေးတက်တယ်လို့ဆိုရင် ကျနော်တို့က သူတို့ တက်ဈေးအတိုင်း လိုက်ဝယ်ရတယ်။ ဒါပေမယ့် ပြဿနာက ကုမ္ပဏီက ဈေးတက်လို့ ကျနော်တို့က လိုက်တက်လို့ မရပါဘူး။ ကျနော်တို့က တက်ဈေး လိုက်ရောင်းလို့မရဘူး။ သူတို့ တက်လိုက်ပေမယ့် တကယ်တမ်း စားသုံးသူကို ဈေးတက်ပြီး လိုက်ရောင်းလို့မရတဲ့ အခြေအနေ ဖြစ်တဲ့အတွက် ကျနော်တို့က တက်ဈေးမရဘူး။ အမြတ်လည်း မရဘူး။ ရောင်းရှုံး၊ ရောင်းရှုံး ဖြစ်နေပြီး လုံးပါး ပါးနေရတယ်။ ဒါက လက်ရှိ ကျနော်တို့ရဲ့ အခြေအနေပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါကြောင့် ရန်ကုန်မြို့ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်ကြီးတွေမှာ ငွေကြေးတတ်နိုင်တဲ့သူတွေက ဆေးဝါးတွေကို အနည်းဆုံး သုံးလေးလစာလောက်ကြိုပြီး ဝယ်ယူလာတာကြောင့် တချို့ဆိုင်တွေက အကန့်အသတ်နဲ့ ရောင်းချပေး‌သလို တချို့ကလည်း လက်ကျန်ရှိသလောက် ရောင်းချပေးနေကြတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မတဦးက “အခုဆေးဝါးတွေက ဈေးတက်လာတော့ ကြိုပြီး ဝယ်လှောင်ထားတဲ့ သူတွေကလည်း ရှိလာတယ်။ အရင် ကိုဗစ်လှိုင်းမိခဲ့တုန်းကလိုပေါ့။ ရှိတဲ့သူတွေက မတရားဝယ်ယူသွားတော့ တကယ်လိုအပ်ပြီး ဝယ်တဲ့အခါ ဈေးကွက်မှာ ရှာရခက်လို့ အသက်တွေ ဆုံးရှုံးခဲ့ရတာတွေ ရှိခဲ့တယ်လေ။ အခုလည်း ဈေးတက်ပြီဟေ့လို့ ကြားတာနဲ့ ပြေးဝယ်ကြပြီ။ အဲ့တော့ ဆေးဝါးအရောင်းဆိုင်တွေက ကိုယ်ချင်းစာစိတ်ကလေးထားပြီး ရောင်းပေးကြဖို့ပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အိမ်သုံးဆေးဝါးမျိုစုံ ဖြန့်ဖြူးပေးနေတဲ့ လုပ်ငန်းရှင်တဦးကတော့ ရပ်ကွက်တွေအတွင်းမှာ တနိုင်တပိုင် ဖွင့်လှစ်ရောင်းချနေတဲ့ ဆေးဆိုင်ငယ်တွေမှာ ဆေးဝါးပြတ်လပ်မှုမရှိရအောင် ဦးစားပေးအဆင့်နဲ့ ရောင်းချပေးနေတယ်လို့ ပြောပါတယ်။

“ကျနော်တို့ဆီမှာ order တွေက အမှတ်စဉ်တွေနဲ့ သွားရတာပါ။ ချက်ချင်းလာ ချက်ချင်းယူလို့ ရချင်မှ ရလိမ့်မယ်။ ဘာလို့ဆို ကျနော်တို့ဆီမှာ royal customer lists တွေ ရှိလို့ပါ။ သူတို့က ပုံမှန် အမြဲတမ်း တဆိုင်လုံးစာအတွက် ဝယ်နေကြ customer တွေလေ။ ဒါကြောင့် ကျနော်တို့က ဖြည့်ဆည်းပေးဖို့လိုတယ်။ အဲ့လိုမှ မလုပ်လို့ရှိရင် ရပ်ကွက်တွေထဲက စားသုံးသူတွေအဖို့ ဆေးပြတ်လပ်သွားလိမ့်မယ်။ အဲ့လိုမျိုးတွေတော့ ရှိပါတယ်။ ကျနော်တို့ဆီမှာတော့ stock ပစ္စည်း လက်ကျန်ရှိသေးရင် ရမယ်။ မကျန်ရင်တော့ မရဘူး။ အဲ့ဒါတွေက ကျနော်တို့ ထိန်းထားတာ မဟုတ်ပါဘူး။ ကုမ္ပဏီဘက်က မရလို့ ကျနော်တို့ ရောင်းမပေးနိုင်တာ။”

မြန်မာနိုင်ငံမှာ လက်ရှိသုံးစွဲနေတဲ့ အိမ်သုံးဆေးဝါးတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ ပြည်ပနိုင်ငံတွေဆီက တင်သွင်းနေရတာဖြစ်ပြီး တရားဝင်တင်သွင်းတဲ့ ပမာဏက ပျမ်းမျှ တနှစ်ကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး ရှိတာပါ။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ လိုအပ်ချက်ရှိနေတဲ့ အိမ်သုံးဆေးဝါး အပါအဝင် စက်သုံးဆီ နဲ့ စားအုန်းဆီ ကဏ္ဍတို့အတွက် နိုင်ငံခြားငွေရောင်းဝယ်ခွင့်လုပ်ငန်း (AD) လိုင်စင်ရှိတဲ့ ဘဏ်တွေကတဆင့် နိုင်ငံခြားငွေ ရောင်းချပေးနေတယ်လို့ ပြောဆိုထားပေမယ့် ဈေးကွက်မှာတော့ ဈေးနှုန်းကြီးမြှင့်လာတဲ့အပြင် ပစ္စည်းပြတ်လပ်မှု ရှိလာမှာကို စားသုံးသူတွေက စိုးရိမ်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013