စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ထိုင်းအစိုးရနဲ့ ဝန်ကြီးချုပ်တို့က တရားဝင် ဧည့်သည်တော်အဖြစ် လက်ခံတွေ့ဆုံခဲ့တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ကြီး ၃ ခုက ကျောင်းသားသမဂ္ဂတွေနဲ့ ကျောင်းသားအဖွဲ့အစည်း ၁၉ ဖွဲ့က ဩဂုတ် ၇ ရက်မှာ ပူးတွဲ သဘောထား ထုတ်ပြန်လိုက်ပါတယ်။
ချူလာလောင်ကွန်းတက္ကသိုလ်၊ ကဆဲဆတ်တက္ကသိုလ်နဲ့ ထမာဆတ်တက္ကသိုလ်တို့ အောက်မှာရှိတဲ့ ကျောင်းသားသမဂ္ဂတွေနဲ့ အနုပညာ၊ ဥပဒေ၊ စီးပွားရေး၊ နိုင်ငံရေးသိပ္ပံ စတဲ့ ကဏ္ဍစုံက ကျောင်းသားကော်မတီ စုစုပေါင်း ၁၉ ဖွဲ့က ပူးတွဲရေးထိုး ထုတ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ဟာ ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ လူငယ်များစွာရဲ့ ပညာသင်ကြားခွင့် အခွင့်အလမ်းတွေကို ဖျက်ဆီးခဲ့သူ ဖြစ်တယ်လို့ ထိုင်းကျောင်းသားအဖွဲ့တွေက ထောက်ပြပါတယ်။
ဒါ့အပြင် စစ်အုပ်စု အကြမ်းဖက်မှုတွေကြောင့် စစ်ဘေးဒုက္ခသည် ပြဿနာ၊ နယ်စပ်ဒေသ မတည်ငြိမ်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေး အဟန့်အတားတွေနဲ့ မြစ်အတွင်း အဆိပ်အတောက် ဖြစ်ပွားတာတွေကို နယ်စပ်ဖြတ်ကျော် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေကပါ ထိုင်းနိုင်ငံဘက်ကို ရိုက်ခတ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် တရားဝင်မှုမရှိတဲ့ စစ်အုပ်စုကို ထိုင်းအစိုးရက တရားဝင်မှုပေးခြင်း ဒါမှမဟုတ် သံတမန်ရေးအရ တိုးမြှင့်ဆက်ဆံခြင်းဟာ နှစ်နိုင်ငံကြား တည်ငြိမ်မှုကို မဆောင်ကြဉ်းနိုင်ဘဲ ပြဿနာတွေ ပိုမိုဆိုးဝါးစေမှာဖြစ်လို့ ထိုင်းအစိုးရအနေနဲ့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကို ရှေးရှုတဲ့ မူဝါဒတွေကို ကျင့်သုံးဖို့ ထုတ်ပြန် တောင်းဆိုထားပါတယ်။










