
အမေရိကန်နဲ့ အီရန် တင်းမာမှုလျှော့ချရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးမှာ အဓိက အခန်းကဏ္ဍက ပါဝင်နေတဲ့ ပါကစ္စတန် စစ်တပ်အကြီးအကဲ အာဆင်းမ် မူနီယာဟာ အီရန်နိုင်ငံ၊ တီဟီရန်မြို့ကို ရောက်ရှိနေပြီး ဧပြီ ၁၆ ရက်မှာ အီရန်သမ္မတ မာဆွတ် ပေဇက်ရှ်ကီယန်ကို တွေ့ဆုံခဲ့ပါတယ်။
တရက်တည်းမှာပဲ အီရန် တော်လှန်ရေးအစောင့်တပ်ရဲ့ စစ်ဌာနချုပ်မှူး ဗိုလ်ချုပ်ကြီး အလီအဗ္ဗဒူလာဟီနဲ့ပါ သီးခြားစီ တွေ့ဆုံခဲ့ပြီး ဒီတွေ့ဆုံဆွေးနွေးမှုတွေကို သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။
ဗိုလ်ချုပ်ကြီး မူနီယာဟာ ဧပြီ ၁၅ ရက် ကတည်းက တီဟီရန်မြို့ကို ရောက်ရှိနေတာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက အစ္စလာမ္မာဘတ်မြို့မှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေဟာ သဘောတူညီချက်မရဘဲ ပျက်ပြားသွားခဲ့တာကြောင့် အခုခရီးစဉ်ဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ထပ်ပြီး မကြီးထွားလာအောင်နဲ့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးနိုင်ဖို့ တားဆီးပေးတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။
တဖက်မှာလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်နဲ့ အီရန်တို့ရဲ့ နောက်ထပ်ဆွေးနွေးပွဲကို ဒီတပတ် ပိတ်ရက်အတွင်းမှာ လုပ်နိုင်ခြေရှိတယ်လို့ ကြာသပတေးနေ့မှာ ပြောလိုက်တာကြောင့် မကြာခင်မှာ အီရန်စစ်ပွဲ အဆုံးသတ်တော့မယ်ဆိုတဲ့ အကောင်းမြင် မျှော်လင့်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။
အီရန်အဆင့်မြင့်အရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောရာမှာတော့ ဒီခရီးစဉ်ကြောင့် ဒုတိယအကျော့ ဆွေးနွေးပွဲတွေ ဖြစ်လာဖို့နဲ့ အခုလက်ရှိ သီတင်းနှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲထားတာကို သက်တမ်းတိုးဖို့ မျှော်လင့်ချက် ပိုများလာတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်လို့တော့ နှစ်ဖက်ကြားမှာ အခြေခံကျတဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။
Source: Reuters










