
အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဓာတ်မြေဩဇာတွေကို မရတာ ဒါမှမဟုတ် ဈေးနှုန်းတွေ သိသိသာသာ မြင့်နေပြီး ထုတ်လုပ်မှုကုန်ကျစရိတ်တွေ မြင့်တက်လာပေမဲ့ သီးနှံအထွက်နှုန်းက မပြောင်းလဲဘဲ ရှိနေတာကြောင့် လယ်သမားတွေမှာ ငွေကြေးအခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ်လို့ အိန္ဒိယ လယ်သမားတွေက ပြောပါတယ်။
လယ်ယာစိုက်ပျိုးရေးကို အဓိက အာရုံစိုက်တဲ့ အိန္ဒိယနိုင်ငံဟာ ယူရီးယား၊ ဒိုင်အမိုးနီယမ်ဖော့စဖိတ် (DAP)နဲ့ ပိုတက်ရှ်မူရီယိတ်တို့လို ဓာတ်မြေဩဇာတွေအပြင် ယူရီးယား ထုတ်လုပ်မှုအတွက် အဓိကကုန်ကြမ်းဖြစ်တဲ့ သဘာဝဓာတ်ငွေ့အရည်တို့ကို တင်သွင်းမှုအပေါ် အများကြီး မှီခိုနေရပါတယ်။
အိန္ဒိယ DAP နဲ့ ယူရီးယားတင်သွင်းမှုရဲ့ ထက်ဝက်လောက်ကို အရှေ့အလယ်ပိုင်းက တင်ပို့နေတာပါ။
ဆော်ဒီအာရေဗျက DAP အများဆုံး ပေးသွင်းသူဖြစ်ပြီး အိုမန်ကယူရီးယား အကြီးဆုံး ပေးသွင်းသူဖြစ်ပါတယ်။
ဇွန်လနဲ့ ဇူလိုင်လမှာ လယ်သမားတွေဟာ ဆန်၊ ပြောင်း၊ ဝါဂွမ်းနဲ့ ဆီထွက်သီးနှံတွေကို စတင်စိုက်ပျိုးတဲ့အခါ ဓာတ်မြေဩဇာဝယ်လိုအား မြင့်တက်လာလေ့ ရှိပါတယ်။
နွေရာသီမတိုင်မီ ယူရီးယားနဲ့ DAP တင်ပို့မှု အမြောက်အမြားဟာ မတ်လကနေ မေလကြား ၃ လပတ်အတွင်း အိန္ဒိယကို ရောက်လာလေ့ရှိပါတယ်။
အီရန်ပဋိပက္ခကြောင့် နိုက်ထရိုဂျင်အခြေခံ ဓာတ်မြေဩဇာတွေ ထုတ်လုပ်ရာမှာသုံးတဲ့ ဓာတ်ငွေ့အထောက်အပံ့တွေ လျော့နည်းလာနေလို့ အိန္ဒိယနိုင်ငံဟာ အသုံးအများဆုံး ဓာတ်မြေဩဇာဖြစ်တဲ့ ယူရီးယားအပေါ် အထူးစိုးရိမ်ပူပန်နေပါတယ်။
ကာတာဟာ အိန္ဒိယက တင်သွင်းတဲ့ LNG အများဆုံး ပေးသွင်းသူဖြစ်ပေမဲ့ အီရန်က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေကို ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ခြင်းအားဖြင့် အမေရိကန်-အစ္စရေး ပူးတွဲတိုက်ခိုက်မှုတွေကို တုံ့ပြန်ပြီးတဲ့နောက် တင်ပို့မှုတွေ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။
Source: Reuters










