DVB Logo
Home
Lead Story
ပါကစ္စတန်နိုင်ငံ ဆွက်တ် တောင်ကြားက ရေခဲလျှောစခန်း
DVB
·
April 4, 2014
ပါကစ္စတန်နိုင်ငံ ဆွက်တ် တောင်ကြားက ရေခဲလျှောစခန်း
Donate to DVB

ပါကစ္စတန်နိုင်ငံရဲ့ ဆွက်တ်တောင်ကြားကို သူ့ရဲ့ သဘာဝ အလှအပကြောင့် ပါကစ္စတန်ရဲ့ ဆွစ်ဇာလန်လို့ ခေါ်ကြပါတယ်။ ဒီနေရာဟာ ပါကစ္စတန်နိုင်ငံရဲ့ တခုတည်းသော ရေခဲလျှောစီး အပန်းဖြေစခန်းဖြစ်တဲ့ မာလမ်ဂျဘ်ဘာ အပန်းဖြေစခန်း တည်ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ်တုန်းက အဲဒီနေရာကို တာလီဘန်တွေက ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။ ခုတော့ အဲဒီရေခဲလျှောစခန်း ပြန်ဖွင့်နေပြီး ကမ္ဘာလှည့်ခရီးသည်တွေလည်း ပြန်လာ လည်ပတ် နေကြပါတယ်။

အသက် ၁၈ နှစ်အရွယ် မိုဟာမက်အလီရှားတယောက် စိတ်လှုပ်ရှားနေပါတယ်။ ဒါဟာ နှင်းလျှောစီး ပြိုင်ပွဲမှာ သူဝင်ပြိုင်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ သူဟာ ငယ်ငယ်ကထဲက ပိုလီယိုအကြောသေရောဂါဖြစ်ကာ မသန်စွမ်းဖြစ်ခဲ့ပြီး တုတ်တချောင်းအကူအညီနဲ့ ဟိုဟိုဒီဒီ လမ်းလျှောက်ရပါတယ်။

Pakistan_Ski_web_140329_672မိုဟာမက်အလီရှားက “ကျနော် ဘယ်လို နှင်းလျှောစီးရမယ်ဆိုတာကို လေ့ကျင့် သင်ယူခဲ့ရတာ အချိန်တော်တော်ကြာပါတယ်။ ဒါ ကျနော့်လို နှင်းလျှောစီး သင်နေတဲ့လူတွေ အတွက် အမြဲတမ်း စွန့်စားရတဲ့ကိစ္စပါ။ ကျနော်လည်း ဒဏ်ရာတွေ၊ ဘာတွေ ရခဲ့ပါတယ်။ ဒါပေမယ့် ကျနော် စိတ်အရမ်းသန်ခဲ့တယ်။ ကျနော် နှင်းလျှောစီးသမားတယောက် ဖြစ်ချင်တယ်လေ။ ခု ကျနော် ဖြစ်ပါပြီ”လို့ ပြောပါတယ်။

ဒီနေ့မှာတော့ မိုဟာမက် အလီရှားဟာ သူ့ရဲ့လမ်းလျှောက်တုတ်နေရာမှာ နှင်းလျှောစီး ထောက်တိုင်တွေနဲ့ အစားထိုးနေပါတယ်။

နှင်းလျှောစီးလမ်းကြောင်းဟာ ၁ ကီလိုမီတာ ရှည်ပြီး၊ မိုဟာမက်အလီရှားက သူစီးရမယ့် အကွာအဝေးကို အောင်အောင်မြင်မြင်ပဲ စီးနိုင်ခဲ့ပါတယ်။

အလီဟာ ပထမရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ သူ့အတွက်တော့ ဒီဆုတံဆိပ် ရရှိခြင်းဟာ သတင်းစကား ကြီးကြီးမားမား ပြောခွင့်ရအောင် ဖြစ်လာပါတယ်။

“ပိုလီယိုရောဂါ ခံစားရတဲ့ လူတယောက်ကပဲ သူ့ဘ၀မှာ ပိုလီယိုရဲ့ တကယ့် အကျိုးသက်ရောက်မှုကို နားလည်ခံစားနိုင်မှာပါ။ မိဘတွေကိုလည်း သူတို့ရဲ့ ကလေးတွေကို ပိုလီယိုဆေး တိုက်ကျွေးပေးဖို့ ကျနော် ခိုင်ခိုင်မာမာကို အားပေးတိုက်တွန်းပါတယ်။ ကျနော်သာ ပိုလီယိုရောဂါ မခံစားခဲ့ဘူးဆိုရင် ကျနော်ဟာ ခုအခြေအနေနဲ့ လုံးဝကွဲပြားခြားနားတဲ့ လူတယောက် ဖြစ်နေပြီးတော့ နှင်းလျှောစီးသမား ဖြစ်နေမှာပေါ့။ ကျနော့်မှာတော့ ဘ၀မှာ မျှော်လင့်ချက် အကြီးကြီးတွေ၊ ရည်မှန်းချက်တွေ ရှိနေတုန်းပါပဲ။ ကျနော့်စိတ်ကူး၊ ရည်မှန်းချက်တွေ အောင်မြင်လာမှာပါ။”

ခုဆို အလီဟာ နိုင်ငံတကာ နှင်းလျှောစီးပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ချင်ပါတယ်လို့ သူက ဆိုပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ တခုတည်းသော နှင်းလျှောစီးစခန်း မာလမ်ဂျက်ဘာ စခန်းဟာ မြို့တော်ကနေ ကီလိုမီတာ ၃၀၀ လောက်မှာ တည်ရှိပါတယ်။ ဒီစခန်းကို ၂၀၀၈ ခုနှစ်တုန်းက တာလီဘန်တွေ ဗုံးဖောက်ခွဲခဲ့ပြီးနောက် မနှစ်တုန်းက ပြန်ဖွင့်လှစ်ခဲ့ပါတယ်။ အဓိက စည်းကမ်းချက် ၅ ချက် ချမှတ်ထားတဲ့ ဒီနှစ် နှင်းလျှောစီးပြိုင်ပွဲကို ဒေသခံ နှင်းလျှောစီးသမား ၄၅ ယောက်လောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

အသက် ၄၂ နှစ်အရွယ် အူမာဇာမိန်ဟာ ဒီဒေသက ဟိုတယ်တခုကို လုပ်ကိုင်နေတာ ပြီးခဲ့တဲ့အနှစ် ၂၀ လောက်ကတည်းက လုပ်ကိုင်နေတာပါ။ သူဟာ နှင်းပွဲတော်ကို မျှော်လင့်စောင့်စားနေတာ ဖြစ်ပြီး အဲဒီအချိန်ကာလမှာ သူ့ဝင်ငွေ ၂ ဆ တိုးမယ်လို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒီနှင်းလျှောစီးစခန်းနဲ့ သူ့ရဲ့စားသောက်ဆိုင်ကို စစ်သွေးကြွတွေ ဖျက်ဆီးခဲ့တုန်းက အခြေအနေကို သူ ကောင်းကောင်း မှတ်မိနေပါသေးတယ်။

အူမာဇာမိန် က “စစ်သွေးကြွတွေက ဟိုတယ်တွေနဲ့ နှင်းလျှောစီး လမ်းကြောင်းတွေ အားလုံးကို ဖျက်ဆီးခဲ့တာပါ။ ကျနော်တို့တွေ ကာယလုပ်သား အလုပ်ကြမ်းသမားတွေလို လုပ်ကိုင် ရှာစားခဲ့ရပါတယ်။ ဒါပေမယ့် ကျနော်တို့ ကိုယ့်မိသားစုကိုယ်တောင် မထောက်ပံ့နိုင်ပါဘူး။ ခုတော့ အခြေအနေက တိုးတက်လာပါပြီ။ ကျနော်တို့ရဲ့ ဟိုတယ်လုပ်ငန်းလဲ ပြန်ကောင်းလာပါတယ်။ အရင်ကတော့ ကျနော်တို့ သေဆုံးသွားရသလိုပါပဲ။ ဒါပေမယ့် ခုတော့ ဒီလုပ်ငန်းလေးကြောင့် ပြန်ရှင်သန်လာပြီပေါ့ဗျာ”လို့ ပြောပါတယ်။

ဒီဒေသမှာ ငြိမ်းချမ်းမှု ပြန်ဆောင်ယူနိုင်တဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေကို အသိအမှတ်ပြု၊ တန်ဖိုးထားတဲ့အနေနဲ့ ပွဲတော် တတိယရက်ကို အမျိုးသမီးတွေအတွက် ရည်စူးထားပါတယ်။ နှင်းလျှောစီးတာ လေ့လာချင်သူ အမျိုးသမီးတွေအတွက် အခမဲ့သင်ခန်းစာတွေလည်း ရှိပါတယ်။ ဒီပွဲတော်ကို သမီး ၂ ယောက်အတူ ရောက်ရှိနေတဲ့ အသက် ၄၀ အရွယ် အိမ်ရှင်မ အဘီဒါခန်က အခုလို ပြောပါတယ်။

“ကမ္ဘာလှည့်ခရီးသည် အများစုက ဝေးလံခေါင်ဖျား ဒေသတွေကနေ လာကြတာပါ။ သူတို့ကတော့ အချိန်တိုင်းကို ပျော်နေကြတာပဲ။ ဒီနေရာမှာ ငြိမ်းချမ်းမှု ရှိတာကြောင့် အမျိုးသမီးတွေလဲ ဒီကို လာလည်လို့ရပါတယ်။ ဒါ အမျိုးသမီးတွေအတွက် ကွဲပြားတဲ့ အတွေ့အကြုံပေါ့ရှင်။”

နှင်းပွဲတော် အပြီးသတ်ချိန်မှာတော့ ဒီနှစ်ရဲ့ပွဲတော်ကို လာရောက်လည်ပတ်ကြတဲ့ ဧည့်သည် ၂ သိန်းအတွက် ပွဲစီစဉ်သူတွေက ဂီတဖျော်ဖြေပွဲ တပွဲ ကျင်းပပေးခဲ့ပါတယ်။ ဒီနှင်းလျှောစီးတာကနေ ဆွက်တ် ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးနိုင်မယ်လို့ အစိုးရက မျှော်လင့်နေတဲ့အကြောင်း ဆွက်တ် ဒုတိယ ကော်မရှင်နာမင်းကြီး ဆိုင်ယက် အင်မ်တီယဇ် ဟူစိန် ရှားက ပြောပါတယ်။
“ကျနော်တို့ရဲ့ ဂုဏ်သရေကို ပြန်ယူနိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ ဟိုတယ်တွေဆို အားလုံး ကြိုတင်စာရင်းပေးထားကြပြီးတော့ စီးပွားရေးလဲ တခါ ပြန်ထောင်တက်နေပါပြီ။ ခုဆို ကျနော်တို့ ဆွက်တ် တောင်ကြားဒေသက လုံခြုံဘေးကင်းနေပါပြီ ဆိုတဲ့ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ ယုံကြည်စိတ်ချမှု ဖွံ့ဖြိုးလာအောင်လုပ်ဖို့ပဲ လိုပါတော့တယ်။ ဒီမှာက ဘာ တရားဥပဒေ စိုးမိုးရေးမှ မရှိဘူးလေ။ လူတွေ ဒီနယ်မြေကနေ ထွက်သွားခဲ့ရတယ်။ ခုတော့ သူတို့ ပြန်ရောက်လာကြပါပြီ။ ကျနော်တို့ လိုချင်တာ ဒါပါပဲ။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် မူဒက်ဆာ ရှားက ဆွက်တ် တောင်ကြားကနေ သတင်းပေးပို့ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013