
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို မျက်ကွယ်ပြုခဲ့တာကြောင့် ပြည်သူတွေ အကြမ်းဖက်ခံနေရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
ဇွန် ၅ ရက်ကလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ မျက်နှာစုံညီအစည်းအဝေးမှာ လုံခြုံရေးကောင်စီရဲ့ အစီအရင်ခံစာအပေါ် ဆွေးနွေးတာမှာ ပြောခဲ့တာပါ။
အဲဒီမှာ မြန်မာအပါအဝင် ၁၉ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်မိန့်ခွန်းပြောခဲ့ပြီး အရပ်သားတွေကို ကာကွယ်ရာမှာ လုံခြုံရေးကောင်စီရဲ့ ၅ နှစ်ကျော်ကြာ ကျယ်ပြန့်လာတဲ့ ကွာဟချက်ဟာ ကောင်စီရဲ့လုပ်ငန်းဆောင်တာ ချို့ယွင်းနေတာကိုသာမက မြေပြင်အခြေအနေနဲ့ ဆက်စပ်မှုကင်းမဲ့လာတာကိုပါ ထင်ထင်ရှားရှား သက်သေပြနေတယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အဓိကတာဝန်ကို လုံခြုံရေးကောင်စီဆီအား အပ်နှင်းထားတာဖြစ်လို့ အချက်အလက်တွေကို စာရင်းပြုစုဖော်ပြရုံလောက်နဲ့ ကောင်စီရဲ့ လုပ်ပိုင်ခွင့်နယ်ပယ်၊ တာဝန်နဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ထင်ဟပ်ဖော်ညွှန်းနိုင်မှာမဟုတ်ဘဲ ကောင်စီရဲ့တာဝန်ကို ထိခိုက်စေတယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။
လုံခြုံရေးကောင်စီဟာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ၂၀၂၅ ခုမှာ တံခါးပိတ်အစည်းအဝေး ၂ ကြိမ်၊ တံခါးပိတ် ဆွေးနွေးပွဲတကြိမ်နဲ့ တခြား အကြောင်းအရာခေါင်းစဉ်အောက်ကနေ တကြိမ် ဆွေးနွေးကျင်းပခဲ့ပြီး အဲဒီလို တံခါးပိတ်ပုံစံလုပ်တာကြောင့် မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်တဲ့ ကောင်စီအဖွဲ့ဝင်တွေရဲ့ သဘောထားနဲ့ ဆောင်ရွက်ပုံတွေကို အများက အလွယ်တကူ မသိနိုင်ဘဲ ကန့်သတ်ခံနေရတယ်လို့ ဆိုပါတယ်။
ပြီးတော့ မြန်မာနိုင်ငံရဲ့ ငလျင်ဘေးအပြီး ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်ဟာ ၂၀၂၂ ခုနှစ်က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အတည်ပြုချမှတ်ခဲ့ပြီးနောက် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ပထမဆုံးရလဒ် ဖြစ်ပါကြောင်း၊ ထုတ်ပြန်နိုင်ဖို့ ကြိုးပမ်းခဲ့တဲ့ လုံခြုံရေးကောင်စီ သဘာပတိ ကြေညာချက်တရပ်နဲ့ တခြားသတင်းထုတ်ပြန်ချက် တရပ်ကတော့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ နှစ်နိုင်ငံရဲ့ ကန့်ကွက်မှုကြောင့် ဆိုင်းငံ့ထားရဆဲ ဖြစ်ပါကြောင်း၊ ဗီတိုခြိမ်းခြောက်မှုဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီရဲ့ လုပ်ငန်းဆောင်တာတွေကို ဆိုင်းငံ့ပိတ်ဆို့နေပြီး ကောင်စီကို ထိရောက်မှုကင်းတဲ့ အဖွဲ့အစည်းတရပ် ဖြစ်စေတယ်လို့လည်း ထောက်ပြပါတယ်။
လုံခြုံရေးကောင်စီအနေနဲ့ ထိရောက်တဲ့ဆောင်ရွက်မှုတွေ လုပ်ပြီး အကြမ်းဖက်စစ်အာဏာရှင် အုပ်စုကြောင့် ဆိုးရွားလာနေတဲ့ အခြေအနေနဲ့ မြန်မာပြည်သူတွေ ခံစားနေရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဒုက္ခတွေကို ဖြေရှင်းပေးနိုင်ရေး လိုက်လျောညီထွေ ဆောင်ရွက်သင့်တယ်လို့လည်း ပြောပါတယ်။
တရားမဝင်စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လက်ချက်နဲ့ လူပေါင်း ၈,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီး လူပေါင်း ၃၆ သိန်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို ပြည်သူ ၂၂ သန်းလောက်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီး လိုအပ်နေတာကြောင့် လုံခြုံရေးကောင်စီရဲ့ အရပ်သားတွေကိုကာကွယ်ရာမှာ ကြာရှည်ကျယ်ပြန့်လာတဲ့ ကွာဟချက်ဟာ ကောင်စီရဲ့ လုပ်ငန်းဆောင်တာ ချို့ယွင်းနေတာကိုသာမက မြေပြင်အခြေအနေနဲ့ ဆက်စပ်မှု ကင်းမဲ့လာတာကိုပါ ထင်ထင်ရှားရှား သက်သေပြနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေကို ကာကွယ်ဖို့ လုံခြုံရေးကောင်စီရဲ့ ဖန်တရာတေအောင် ပျက်ကွက်ခဲ့တာတွေက မြန်မာပြည်သူတွေ လုံခြုံရေးကောင်စီအပေါ် ယုံကြည်ကိုးစားမှုကို သိသိသာသာ ထိခိုက်စေတယ်လို့လည်း ပြောပါတယ်။
ဆိုးရွားလာနေတဲ့ အကြမ်းဖက်ရက်စက်မှုတွေဟာ အကြောင်းမဲ့ ပေါ်ပေါက်လာတာ မဟုတ်ဘဲ လုံခြုံရေးကောင်စီအနေနဲ့ အဲဒီရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို မျက်ကွယ်ပြုခဲ့တာရဲ့ တိုက်ရိုက်ကျိုးဆက်တွေ ဖြစ်သလို ကောင်စီအဖွဲ့ဝင်နိုင်ငံတချို့နဲ့ ဒေသဆိုင်ရာနိုင်ငံတွေရဲ့ စစ်အုပ်စုကို မဆင်မခြင် ထိတွေ့ဆက်ဆံတာတွေကတဆင့် အားပေးအားမြှောက် ပြုရာရောက်ခဲ့တာရဲ့ နောက်ဆက်တွဲရလဒ်လည်းဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။
ပြီးတော့ ကောင်စီအနေနဲ့ ထိရောက်တဲ့ အကောင်အထည်ဖော်ဆောင်ရေးဆိုင်ရာ အစီအမံတွေပါတဲ့ နောက်ဆက်တွဲ ဆုံးဖြတ်ချက်တရပ် အပါအဝင် အချိန်မီ၊ ထိရောက်တဲ့ ဆုံးဖြတ်၊ ဆောင်ရွက်တာတွေ ချက်ချင်းလုပ်ဖို့လိုတယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။










