
ကုလသမဂ္ဂကိုယ်စားလှယ်က ရခိုင်ပြည်နယ်အတွင်း စားနပ်ရိက္ခာဖြန့်ဝေဖို့ လိုအပ်ချက် မက်ထရစ်တန်ချိန် ထောင်နဲ့ချီ ရှိနေတယ်လို့ ပြောပေမယ့် ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူ ကတော့ ရိက္ခာအလုံအလောက် ရှိတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်ထဲကနေ ကုလသမဂ္ဂအဖွဲ့အစည်းတွေ အပါအ၀င် အိုင်အန်ဂျီအိုအဖွဲ့တွေ ထွက်ခွာ နေကြတာကြောင့် ဒုက္ခသည်စခန်းတွေအတွက် ရိက္ခာ အခက်အခဲ ရှိနိုင်လားလို့ ဧပြီလ ၃ရက်က ပြည်နယ်အစိုးရပြန်ကြားရေးက ဦးဝင်းမြိုင်ကို မေးကြည့်တောာ့ သူက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
[caption id="attachment_54367" align="alignright" width="300"]
စစ်တွေမြို့နယ်ရှိ သဲချောင်းဒုက္ခသည်စခန်းရှိ ဒုက္ခသည်စာရင်းအား မြင်တွေ့ရစဉ်[/caption]
“ရိက္ခာက ၁၆ ရက်နေ့ ၄ လပိုင်းအထိအတွက်ကို သူတို့ကို ပေးထားပြီးသား။ အဲဒီလို ပေးတာကလည်း ခုနက အဲဒီ ရုံးတွေမှာ ရှိတဲ့ ဆေးတွေကော စားရိက္ခာတွေကောကို ကျနော်တို့ ရခိုင်ပြည်နယ်အဆင့် ဌာနဆိုင်ရာတွေကနေ အဖွဲ့ခွဲပြီးတော့ ဝေနေတာပါခင်ဗျ။ ကျနော်တို့မှာ ဆန်ရှိပါတယ် WFP ဂိုထောင်ထဲမှာ ဆန်အိတ် ၃ ထောင်ကျော် ရှိပါတယ်။ နောက် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးထဲမှာလည်း တန်ချိန် ၁ ထောင်ကျော် ရှိပါသေးတယ်။ လုံလောက်ပါ သေးတယ်။ တွက်ကြည့်လို့ရပါတယ်။ ဒီမှာ ဆန်အိတ် ၃ ထောင်နဲ့ တန် ၁ ထောင်ရယ် ဆိုတော့ ဆန်အိတ်က လုံလုံလောက်လောက် ရှိပါသေးတယ်။ အရင်လည်း ကုန်ရင် အလှူရှင် နိုင်ငံတွေက ပေးတယ်။ ပေးတာကို ကျနော်တို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာတွေက အဖွဲ့ဖွဲ့ထားပြီး အဲဒီလူတွေကပဲ လိုက်ပေးတာပါခင်ဗျ။ ယူအန် အန်ဂျီအိုတွေက ပေးတာ မဟုတ်ပါဘူး ခင်ဗျ။”
ရခိုင်ပြည်နယ်ထဲ ပြီးခဲ့တဲ့ မတ်လ ၂၆ နဲ့ ၂၇ ရက်တို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ အတွင်း ပါဝင်ခဲ့သူ ၁၂ ဦးကို ဖမ်းဆီး စစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။
သမတ ဖွဲ့ပေးခဲ့တဲ့ ရခိုင်စုံစမ်းရေးအဖွဲ့ဟာ စစ်တွေမြို့ပေါ်မှာ စုံစမ်းစစ်ဆေးမှုလုပ်ငန်းတွေ လုပ်ဆောင်ပြီးလို့ ဧပြီလ ၃ရက်မှာ နေပြည်တော် ပြန်သွားကြပါပြီ။ ဒီအဖွဲ့ရဲ့ တွေ့ရှိချက် အစီရင်ခံစာကို ဧပြီလ ၇ ရက်မှာ သမ္မတထံ အစီရင်ခံ တင်ပြရမှာ ဖြစ်ပါတယ်။











