DVB Logo
Home
မြန်မာသတင်း
ဆေးဝါးမလုံလောက်သဖြင့် စစ်‌ရှောင်စခန်းများကို ကုသပေးနေသည့် ခါနာန်ဆေးရုံ ရပ်နားရဖွယ်ရှိ
DVB
·
July 15, 2022
ဆေးဝါးမလုံလောက်သဖြင့် စစ်‌ရှောင်စခန်းများကို ကုသပေးနေသည့် ခါနာန်ဆေးရုံ ရပ်နားရဖွယ်ရှိ
Donate to DVB

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က ခါနာန်ဆေးရုံ (Canaan Hospital) ဟာ ကျန်းမာရေးစောင့်ရှောက်မှုနည်းတဲ့ ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို မိုဘိုင်းစနစ်နဲ့ တပတ် ၂ ရက် ဆေးကုသပေးနေရာက အခုအခါမှာ ဆေးဝါးမလုံလောက်တာကြောင့် ရပ်နားရမယ့်အခြေအနေရောက်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ခါနာန်ဆေးရုံကို ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO - Local PDF) ကနေ ဖွင့်လှစ်ထားတာဖြစ်ပြီး လတ်တလော မိုးရာသီကာလအတွင်း ကလေးသူငယ် ဝမ်းပျက်ဝမ်းလျှော၊ နှာစေးချောင်းဆိုး၊ အာဟာရချို့တဲ့မှုနဲ့ ရာသီတုပ်ကွေးရောဂါတွေ အဖြစ်များနေပြီး အခမဲ့ နေ့စဉ် ဆေးကုသပေးနေရတာကြောင့် ဆေးဝါးအခက်ကြုံကာ ဆေးမလုံလောက်မှု ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ မိုဘိုင်းလည်း အများကြီးထွက်ရတယ်ပေါ့။ ဆေးရုံအထိုင်လည်း ရှိတယ်ပေါ့။ ရပ်ကွက်ထဲ မကျန်းမာနေတဲ့လူ အများကြီး ဒီမှာများလာတယ်ပေါ့လေ။ မြို့တိုင်းမှာလည်းဖြစ်တော့ အဲဒီ နှာစီးချောင်းဆိုးကလည်း နောက်ပြီး ဝမ်းပျက်ဝမ်းလျှောတာတွေ ရှိတယ်ပေါ့။ နောက်ပြီးတော့ ဆေးဝါးမလုံလောက်မှု ခဏခဏဖြစ်တယ်ပေါ့။ အခုလည်း လိုအပ်နေတယ်။ ဆေးဝါးထပ်မရောက်လာရင်တော့ မိုဘိုင်းသွားတဲ့စနစ်ကို နားမှရမှာပေါ့နော်။ နယ်လှည့်ပြီး ဆေးကုတဲ့စနစ်ကိုလေ နားမှရမယ်။ လူဦးရေနဲ့ဆိုရင်တော့ ကျနော်တို့ တပတ်တပတ်ကို ရာနဲ့ချီပြီးတော့ ကုရတယ်ပေါ့” လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ သစ်ပင်ဝါးပင်တွေကြားမှာ ဖြစ်သလို နေထိုင်နေကြရပြီး ခြင်နဲ့ ယင်ကောင်တွေ ပေါများကာ ရေအဆင်မပြေမှုတွေလည်း ကြုံနေကြရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ရာသီတုပ်ကွေးရောဂါတွေ အဖြစ်များနေပြီး သွေးလွန်တုပ်ကွေးရောဂါတွေလည်း အနည်းငယ် ဖြစ်ပွားနေတယ်လို့ ခါနာန်ဆေးရုံ တာဝန်ခံဆရာဝန်က ပြောပါတယ်။

“ပြဿနာကတော့ ဆေးဝါးလိုအပ်ချက်ပေါ့နော်။ ဆေးတွေက ရောက်တယ်၊ လှူတဲ့လူတွေလည်းရှိတယ်။ ဒါပေမဲ့ လူနာက များတဲ့အတွက်ကြောင့်မို့လို့ ဆေးကိုသုံးရတာ အလျင်မမီတာပေါ့။ ဒီ ဥပမာ ဝမ်းပျက်ဝမ်းလျှောအတွက် ဆေးတွေဆိုရင် ကမ့်ပ်တခုမှာ ဖြစ်လိုက်ပြီဆိုရင်၊ များသောအားဖြင့် ကလေးတွေ ဖြစ်ကြပြီဆိုလို့ရှိရင် ဓာတ်ဆားတို့ ပရိုဘိုင်ရောတစ်တို့ အဲဟာမျိုးတွေ မလုံလောက်တာပေါ့နော။ အခုလည်း ဝိုင်းတော့ ကူပေးနေကြပါတယ်။ ဒါပေမဲ့ လိုအပ်ချက်ကတော့ ရှိနေတာပဲပေါ့နော။ လိုအပ်ချက်ကတော့ လူနာတွေများတဲ့အတွက် စစ်ရှောင်တွေ များတဲ့အတွက် လိုအပ်ချက်တော့ ရှိတယ်ပေါ့နော်။” 

ခါနာန်ဆေးအဖွဲ့ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလလောက်က စတင်တည်ထောင် ဆောင်ရွက်လာခဲ့ရာ အခုအချိန်မှာ လူနာဦးရေ ၄,၀၀၀ လောက်အထိ ဆေးဝါးကုသပေးခဲ့ပြီ ဖြစ်ပါတယ်။ အပတ်စဉ် တပတ် ၂ ရက်နှုန်းနဲ့ မိုဘိုင်းစနစ်နဲ့လည်း လှည့်လည်ဆေးကုသပေးနေတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင်စခန်းတွေကို မိုဘိုင်းစနစ်နဲ့ ဆေးကုသပေးရာမှာ တရက်ကို လူနာဦးရေ ၆၀ လောက်အထိ ကုသပေးနေရတာလို့ ဆိုပါတယ်။

အဆိုပါ စစ်ဘေးရှောင်ဒေသနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ပြည်သူတွေအနေနဲ့ ဆေးဝယ်ယူလို့ ရရှိနိုင်မယ့် ဆေးဆိုင်တွေ မရှိတာကြောင့် ခါနာန်ဆေးအဖွဲ့ကပဲ လူနာရဲ့ ဆေးကုသမှုနဲ့ ဆေးဝါးကုန်ကျမှု အစအဆုံးကို အခမဲ့ ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးဝါးတွေ ပိုမိုလိုအပ်နေတာလို့ ခါနာန်ဆေးရုံ တာဝန်ခံဆရာဝန်က ဆက်ပြောပြပါတယ်။ 

“ဘာလို့ ဆေးတွေကုန်ရလဲဆိုတော့ အရင်တုန်းက လူနာတွေကို ကိုယ့်မှာ ဆေးမလုံလောက်ရင် ဆေးဝယ်လိုက်တော့ ဆိုပြီးတော့ သူတို့ဟာသူတို့ ဝယ်ခိုင်းလို့ရတယ်။ အခုအချိန်ကျတော့ အဲလိုလုပ်လို့မရဘူး။ လူနာတွေအားလုံးသည် ဆေးကုနေတဲ့ တောက်လျှောက် ဥပမာ သွေးတိုးသမားဆိုရင် ဒီလူနာ သွေးတိုးသမားသည် လူနာ ဆေးဆက်သောက်ဖို့အတွက် ခါနာန်ဆေးအဖွဲ့ကပဲ တောက်လျှောက်ပေးရတယ်။ လူနာတွေကို အရင်လိုမျိုး ပြင်ပလူနာဆေးခန်းလို ကြည့်ကြည့်ပြီးလို့ရှိရင် ဒါလေး တောက်လျှောက် ဝယ်သောက်လိုက်နော် ဆိုပြီးတော့ မပြီးသွားဘူး။” 

အခုအချိန်ဟာ မိုးရာသီဖြစ်လာတာနဲ့အမျှ ကလေးလူနာတွေ ပိုမိုများပြားလာနေတယ်လို့ သိရပါတယ်။ ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုအဆင်ပြေစေရေးအတွက် လိုအပ်နေတဲ့ ဆေးဝါးတွေကို ဖြည့်တင်းနိုင်ဖို့ ပြည်တွင်းပြည်ပ မိဘပြည်သူတွေထံ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO - Local PDF) က အကူအညီတောင်း မေတ္တာရပ်ခံထားပါတယ်။

DMO - Local PDF သတင်းပြန်ကြားရေးတာဝန်ခံက “ဆေးဝါးတွေ အဓိကလိုအပ်တယ်ပေါ့နော်။ ဆေးပိုင်းတော့ အများကြီးလိုအပ်တယ်ပေါ့။ ဆေးရုံလည်ပတ်ရတာလည်း မိဘပြည်သူတွေ လှူဒါန်းမှုနဲ့ပဲ မိဘပြည်သူတွေကို ပြန်ပြီးတော့ ဝန်ဆောင်မှုပေးတာပေါ့။ ကျနော်တို့ကိုယ်ပိုင်က ပိုက်ဆံဘဏ္ဍာငွေလည်း မရှိဘူးလေ။ အဆင်မပြေဘူး။ အဆင်မပြေတဲ့အခါကျတော့ စတည်ထောင်ကတည်းကလည်း ဆေးဝါးလှူဒါန်းမှုနဲ့ပဲ ဆေးဝါးဝယ်သုံးပြီးတော့ မိုဘိုင်းစနစ်တို့ အထိုင်စနစ်တို့ ဒီလိုပဲ ကုသပေးတာရှိတယ်လေ။ အဲဒီလို လှူဒါန်းမှုတော့ အဓိကကျတယ်ပေါ့။ လှူဒါန်းမှုမရှိတော့ ခုနပြောသလို မိုဘိုင်းရပ်ထားရမယ့် သဘောမျိုးတော့ ရှိတယ်ပေါ့လေ” လို့ ပြောပါတယ်။

ခါနာန်ဆေးရုံအတွက် ဆေးဖိုးကုန်ကျစရိတ်ငွေ တလကို ငွေကျပ်သိန်း ၂၀ လောက် ကုန်ကျလေ့ရှိတယ်လို့ သိရပါတယ်။

ပြည်တွင်းပြည်ပက ဆေးဝါးနဲ့ ဆေးဖိုး လှူဒါန်းလိုပါက ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DMO - Local PDF) နဲ့ Canaan Hospital တို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013