
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့ကုန်းကျေးရွာကို ဩဂုတ် ၁၉ ရက် ညနေ ၄ နာရီလောက်မှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့ကုန်းကျေးရွာ ပြည်သူ့ဆေးရုံပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြို့ကုန်းကျေးရွာအနီးပတ်ဝန်းကျင်ကို ဂျက်တိုက်လေယာဉ်တစင်းနဲ့ ၂ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“မနက် ၄ နာရီဝန်းကျင်လောက်မှာ မိုးသားနားမှာလည်း တလုံးလာကြဲတယ်။ ပြီးရင် မြို့ကုန်းဘက်မှာလည်း ပြည်သူ့ဆေးရုံကို လေယာဉ်နဲ့ လာကြဲသွားတာ။ ပြည်သူတွေကတော့ ထိခိုက်တာတော့ မရှိဘူး။ ဆေးရုံကတော့ တော်တော်များများ အကုန်ပျက်စီးသွားတယ်။ ပစ္စည်းတွေလည်း ပျက်စီးသွားတယ်။ မြို့ကုန်းဆေးရုံက ရစရာ မရှိတော့ဘူး။ အခု လေယာဉ်လာကြဲသွားတဲ့ ပတ်ဝန်းကျင်နေရာမှာ တိုက်ပွဲဖြစ်တာ မရှိဘူး။ တိုက်ပွဲနေရာနဲ့ ဝေးတယ်လို့ ပြောရမယ်။ နှစ်ဖက် ပစ်ခတ်နေတာလည်း မရှိဘူး။ ဒါပေမဲ့ လေယာဉ်နဲ့ ဆေးရုံကို လာကြဲသွားတာ။”
လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်မှုမရှိခဲ့ပေမဲ့ ဆေးရုံနဲ့ ဆေးပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မြို့ကုန်းကျေးရွာဟာ ရွှေကူမြို့ အရှေ့မြောက်ဘက်မှာရှိပြီး ရွှေကူမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ကျေးရွားတွေနဲ့ မိုင်ပေါင်း ၄၀ လောက် ကွာဝေးတဲ့နေရာမှာ တည်ရှိတာ ဖြစ်ပါတယ်။
အခုရက်ပိုင်း ရွှေကူမြို့နယ်မှာတော့ တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့ နှစ်ဖက် စစ်ရေးတင်းမာနေတဲ့ အခြေအနေဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“တပ်မဟာ ၈ ရွှေကူဘက် ပတ်ဝန်းကျင်မှာလည်း ဒီရက်ပိုင်းကတော့ နှစ်ဖက်တိုက်ပွဲတွေတော့ ငြိမ်နေတယ်။ မြေပြင်မှာ တိုက်ပွဲဖြစ်တာတွေတော့ ဘာမှ သိပ်မကြားရသေးဘူး။ ဒါပေမဲ့ နှစ်ဖက် စစ်ဆိုင်ထားတဲ့ အခြေအနေ။ နှစ်ဖက် စစ်ရေးတင်းမာတဲ့ အခြေအနေဟုတ်တယ်။”
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၁၁ နယ်မြေ ရွှေကူမြို့နယ်မှာ စစ်အာဏာရှင်တပ်တွေ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲပေါင်း ၁၂ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး စစ်အာဏာရှင်တပ်တွေဘက်က လေကြောင်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေကူမြို့နယ်အတွင်း စစ်အာဏာရှင်တပ်တွေဟာ ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်လာတာ ဖြစ်ပြီး KIA ပူးပေါင်းတပ်နဲ့ စစ်အာဏာရှင်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေတာ ၃ လလောက် ကြာမြင့်လာပြီ ဖြစ်ပါတယ်။











