DVB Logo
Home
မြန်မာသတင်း
NUG ကျန်းမာရေးဌာနက စစ်ကောင်စီနှင့်မပတ်သက်သူ CDM ဆရာဝန်၊ သူနာပြု ၁၅၀ ခေါ်ယူ
DVB
·
July 14, 2022
NUG ကျန်းမာရေးဌာနက စစ်ကောင်စီနှင့်မပတ်သက်သူ CDM ဆရာဝန်၊ သူနာပြု ၁၅၀ ခေါ်ယူ
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားကျန်းမာရေးဌာနတွေရဲ့ ဆေးရုံ/ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ CDM ဆရာဝန်၊ သူနာပြုဦးရေစုစုပေါင်း ၁၅၀ ကို ခေါ်ယူနေပါတယ်။

ဇူလိုင် ၁၄ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ အရိုးအထူးကုဆရာဝန်၊ အရိုးအထူးကု ဘွဲ့လွန်သင်တန်းသား၊ ခွဲစိတ်အထူးကုဆရာဝန်၊ ခွဲစိတ်အထူးကု ဘွဲ့လွန်သင်တန်းသား၊ မေ့ဆေးအထူးကုဆရာဝန်၊ မေ့ဆေးအထူးကု ဘွဲ့လွန်သင်တန်းသား၊ အရေးပေါ်အထူးကုဆရာဝန်၊ အရေးပေါ်အထူးကု ဘွဲ့လွန်သင်တန်းသား၊ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်၊ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးဘွဲ့လွန်သင်တန်းသား စတဲ့နေရာတွေအတွက် ၁၀ နေရာစီနဲ့ လက်ထောက်ဆရာဝန် နေရာ ၂၀ နဲ့ သူနာပြု နေရာ ၃၀ စီ အသီးသီးလျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

လျှောက်ထားသူတွေအနေနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဖွား၊ ကျန်းမာရေးကောင်းမွန်သူ၊  တာဝန်ချထားမယ့် နေရာဒေသတွေမှာ သွားရောက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမှာ ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများရော၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သူတွေပါ လျှောက်ထားနိုင်မှာဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်မှုမရှိသူ ဖြစ်ရမယ်လို့ ဆိုပါတယ်။

စိတ်ပါဝင်စားသူတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာနရဲ့ Telegram Account - https://t.me/HR_MOHNUG  ဒါမှမဟုတ် Telegram Username -  @HR_MOHNUG မှာ လျှောက်လွှာပုံစံတွေကို ထုတ်ယူနိုင်ပြီး လာမယ့် ဇူလိုင် ၂၈ ရက်နောက်ဆုံးထားကာ ပေးပို့လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ခုလို လျှောက်လွှာခေါ်ယူတာဟာ တော်လှန်ရေးကာလ လိုအပ်ချက်အရ ပထမအသုတ်အဖြစ် ခေါ်ယူတာဖြစ်ပြီး တခြားသော ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ထပ်မံခေါ်ယူသွားမယ်လို့ ဖော်ပြထားပါတယ်။

လျှောက်လွှာမှာ ဖြည့်သွင်းရမယ့် ပုံစံနဲ့ အချက်လက်တွေ၊ ပူးတွဲပါရှိရမယ့် Soft Copy တွေနဲ့ အသေးစိတ်အချက်လက်တွေကိုတော့ ဖော်ပြပါ Telegram Account မှာ နေ့စဉ် ပိတ်ရက်မရှိ၊ နံနက် (၁၀) နာရီမှ ည (၈) နာရီအတွင်း အသေးစိတ် စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

NUG အစိုးရက တော်လှန်ရေးကာလနဲ့ ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေးသူရဲကောင်းတွေအတွက် လက်ရှိကာလတွေအတွင်း လူမှုဘဝလုံခြုံမှုနဲ့ လုပ်ငန်းခွင်လုံခြုံမှုတွေကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်ဖို့ အစီအစဉ်တွေ အတတ်နိုင်ဆုံး ချမှတ်ထားရှိပြီး တော်လှန်ရေးအလွန် ကာလတွေမှာလည်း ဘဝအာမခံချက်တွေကို ဖက်ဒရယ်ဒီမိုကရေစီ မူဝါဒတွေနဲ့အညီ ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013