DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါးအခက်ကြုံ
DVB
·
July 14, 2022
ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာနှင့် ဆေးဝါးအခက်ကြုံ
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်လာတာ တနှစ်ကျော်ပြီဖြစ်တဲ့ ကရင်နီပြည်က စစ်ဘေးရှောင်စခန်းတချို့မှာ အလှူရှင်တွေ နည်းပါးလာတာ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာတာနဲ့ တင်းကျပ်မှုအမျိုးမျိုးကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်တောက်လာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။

အထူးသဖြင့် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းတွေက စစ်ရှောင်တွေဟာ စစ်ရှောင်ရတာ တနှစ်ကျော်လာတဲ့အတွက် အလှူရှင်ကိုပဲ အဓိကအားကိုးရတဲ့ စစ်ရှောင်တွေအတွက်တော့ အခုနှစ်မှာ ခက်ခဲလာတယ်လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တွေ့နေတဲ့ဟာ အဓိက ဆေးဝါးတွေ လိုအပ်တယ်ပေါ့နော်။ ဆေးဝါးက လိုက်ကူညီတဲ့လူ ကိုယ်တိုင်က ဆေးဝါးမရှိတဲ့ဟာ ကြုံတွေ့လာရတာ ရှိတယ်ပေါ့။ အခုများတာက ပြီးခဲ့တဲ့တလောကပဲ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆုံးသွားတာရှိတယ်။ အဲဒါမျိုးက မဆုံးသင့်ဘဲ ဆုံးရတယ်။ ဆေးရှိတယ်ဆိုရင်တော့ မဆုံးသင့်တဲ့ဟာမျိုးပေါ့။ ဆေးဝါးတွေ လိုအပ်နေတာကို တွေ့ရတယ်။ နောက်တခုက မိုးကာတွေ လိုအပ်နေသေးတယ်။ စခန်းထဲမှာနေတဲ့လူက တချို့က လုံတယ်၊ တချို့က မလုံဘူးပေါ့နော်။ တချို့ကလည်း ရေရှားပါးပြီး ရေမလောက်ဘူး။ ဘာကြောင့်ရေမလောက်လဲဆိုရင် မိုးရေပဲခံတယ်။ မိုးကာအပိုရှိတဲ့လူတွေက မိုးရေခံလို့ရပေမဲ့ မိုးကာမရှိတဲ့လူတွေကတော့ ခံစရာမရှိဘူး။ အဲလိုဖြစ်လာတယ်ပေါ့။ တချို့ကျတော့ ဆန်ပြတ်တာရှိတယ်။ ကျနော့်နားမှာနေတဲ့ Camp တွေကဆိုရင် တချို့က ဆန်ပြတ်လို့ တချို့မိသားစုဝင်တွေဆီ သွားချေးငှားတဲ့ဟာမျိုးတွေ ရှိတာပေါ့။ အဲဒီဟာမျိုးဆိုရင် ကျနော်တို့နဲ့ အဆက်အသွယ်လုပ်ခိုင်းတယ်။ ပြီးမှ ပေးတဲ့ဟာမျိုး လုပ်တယ်။ တချို့ကျတော့လည်း အဆက်အသွယ်မရှိ၊ တောင်းရမှာရှက်ကြောက်ပြီး မတောင်းရဲတဲ့လူတွေ ရှိတယ်။ သူတို့မိသားစုထဲမှာ နည်းနည်းပဲစားတယ်။ လုံလောက်အောင် မစားဘူးပေါ့နော်။ အဲလိုမျိုးတွေ တွေ့ရတယ်။ ဆိုတော့ ရိက္ခာအပိုင်းလည်း လိုအပ်နေတယ်ပေါ့နော်။”

ဒီလို စစ်ရှောင်လာတာ တနှစ်ကျော်တဲ့သူတွေ ခက်ခဲလာမှုတွေ ရှိသလိုပဲ ပြီးခဲ့တဲ့လပိုင်းကမှ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဖယ်ခုံမြို့နယ်က ပြည်သူတချို့လည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ ၄ လ၊ ၅ လ ရှိလာပြီဖြစ်ပေမဲ့ အလှူရှင်တွေ မရောက်သေးတဲ့ နေရာလည်း ရှိနေပါတယ်။

ဖယ်ခုံမြို့နယ်က လွန်ခဲ့တဲ့ ၇ လလောက်က မိုးဗြဲတိုက်ပွဲကြောင့် စစ်ရှောင်လာတဲ့ ကလေး ၄ ယောက်ဖခင် ကိုလောရိန်းက သူစစ်ရှောင်တဲ့နေရာမှာ အိမ်ခြေ ၂၀ လောက်သာရှိပြီး ဘယ်အဖွဲ့ကမှ ရောက်ရှိ ကူညီပေးနိုင်တာမရှိဘဲ ရှိတာလေးပဲ ရှာဖွေစားသောက်နေကြရတယ်လို့ ပြောပါတယ်။

“အရင် နှစ်လသုံးလပိုင်းတုန်းက ရေရှားပါးတဲ့အချိန် ရေလာလှူပေးတာတော့ ရှိခဲ့ဖူးတယ်။ ဆရာမတချို့ကတော့ ကလေးဆေးဖိုးဝါးခဖို့တော့ ထောက်ပံ့တယ်။ ဒါပေမဲ့ စားနပ်ရိက္ခာကတော့ တခါတလေမှ လာပေးတဲ့သူရှိတယ်။ အခု ကျနော်တို့က ရေလိုတယ်။ မိုးရေခံဖို့ မိုးကာလည်းလိုတယ်။ စားဖို့သောက်ဖို့ ရိက္ခာလည်းလိုတယ်။”

သူတို့အနေနဲ့ကတော့ သူတို့နေတဲ့နေရာနဲ့ သိပ်မဝေးလှတဲ့ ကျေးရွာတခုမှာ ကလေးတွေကို ကျောင်းသွားပို့ထားပြီး မိဘတွေကတော့ ရှိတဲ့နေရှာ ပြောင်းတွေ လိုက်ပျိုးနေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တွေကို လိုက်လံကူညီပေးသလို ကလေးငယ်တွေကို အာဟာရ လိုက်လံတိုက်ကျွေးတဲ့ CDM ဆရာမ ဒေါ်လူစီးယာကတော့ စစ်ရှောင်စခန်းတွေမှာ လိုအပ်မှုတွေ အများကြီးရှိနေပြီး အစားအစာ မလုံလောက်မှုတွေရှိသလို ကလေးငယ်တွေကို ကိုယ်ထူကိုယ်ထကျောင်းမှာ တလ ၂,၀၀၀ ကျပ်သွင်းဖို့ တောင်းဆိုတာတောင် မပေးနိုင်တဲ့ အခြေအနေ ရှိနေတယ်လို့ ပြောပါတယ်။

“တချို့ကျတော့လေ လုံးဝကို အလုပ်အကိုင် အခွင့်အလမ်းလည်းမရှိ၊ ဘာလုပ်လို့ လုပ်ရမှန်းလည်းမသိ လုံးဝကို အသုံးစရိတ်မရှိတဲ့လူတွေလည်း ရှိတယ်ပေါ့နော်။ ကလေးကို ကျောင်းထားပေးဖို့ တလကို ၂,၀၀၀ သတ်မှတ်တာတောင်မှ မသွင်းနိုင်တဲ့ မိသားစုတွေ ရှိတယ်။ အခုနက မေးလိုက်သေးတယ်၊ ကလေးက ၇ ယောက်ရှိတယ်ဆိုတော့ တလကို ၁၄,၀၀၀ ကုန်မှာ၊ အဲဒီ တလ ၁၄,၀၀၀ ကို မပေးနိုင်ဘဲ အခုဆိုရင် အကြွေးတွေတောင် တင်သွားတယ်တဲ့။ ဒါကြောင့် ကျောင်းကို နောက်မှပေးမယ်နော်ဆိုပြီး ပြောလာတဲ့ မိဘရှိတယ်။ ကျောင်းကလည်း ပေးနိုင်မှ ပေးပါလို့ ပြောထားပေးမယ်၊ သူတို့က ပေးချင်ပေမဲ့ လုံးဝကို မပေးနိုင်တဲ့ အခြေအနေ ရှိတာပေါ့နော်။ တချို့ကျ ကလေးဆေးခန်းပြဖို့ တသောင်းနှစ်သောင်းကအစ သူများနား အတိုးနဲ့ချေးယူရတဲ့ အခြေအနေရှိတယ်။”

အရင်က စစ်ရှောင်စခန်းတွေမှာ ပရဟိတ အသင်းအဖွဲ့တွေ အများကြီး လာရောက်ကူညီတာတွေ ရှိပေမဲ့ အခုနောက်ပိုင်းမှာတော့ အလှူရှင်တွေ နည်းသွားသလို  ရှားပါးလာမှုကြောင့် လာရောက်ကူညီတာတွေ သိပ်မရှိကြတော့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် စစ်ရှောင်ကူညီရေးကော်မတီက ထောက်ပံ့တဲ့ လူတယောက်ကို ဆန်တပြည်နှုန်းနဲ့ တခြားစားသောက်ဖွယ်တချို့သာ ရရှိတော့တဲ့ အနေအထား ဖြစ်နေပါတယ်။ အလှူရှင် ရှားပါးလာမှုကြောင့်လည်း စစ်ရှောင်ကူညီရေးကော်မတီရဲ့ ဂိုဒေါင်တွေထဲမှာ ဆန်မရှိတော့တဲ့ အခြေအနေ ဖြစ်နေရကြောင်းလည်း ပြောပါတယ်။ ကရင်နီပြည်မှာ စစ်ရှောင် တနေ့ထက်တနေ့ ပိုမိုများပြားလာပြီး ပြည်တွင်းပြည်ပ အလှူရှင် နည်းပါးလာတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) ကနေပြီး ရှမ်းပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေတဲ့ ကရင်နီ စစ်ဘေးရှောင်တချို့ဆီကို လိုက်လံကူညီပေးမှုတွေ ရှိသလို လွိုင်ကော်မြို့ပေါ်မှာလည်း ကူညီပေးတာတွေရှိပေမဲ့ စစ်ရှောင်အများစု သွားရောက်ခိုလှုံနေတဲ့ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းနဲ့ ဖရူဆိုမြို့နယ်တွေမှာတော့  လာရောက်ကူညီပေးတာတွေ မရှိသေးဘူးလို့ ကရင်နီ စစ်ရှောင်ကူညီရေး အဖွဲ့တွေက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ရှောင်ပြည်သူ ၂ သိန်းကျော်ရှိလာပြီဖြစ်ပြီး အလှူရှင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ထောက်ပံ့မှုမရှိရင်တော့ အငတ်ဘေး ကြုံတွေ့လာနိုင်ကြောင်းလည်း ကရင်နီပြည် လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013