DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် ရုရှား ပူးတွဲဥက္ကဋ္ဌအဖြစ် ကျင်းပမည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး အစည်းအဝေးအား သပိတ်မှောက်ရန် ဂျပန်နှင့် ကိုရီးယားကို တောင်းဆို
DVB
·
July 14, 2022
မြန်မာနှင့် ရုရှား ပူးတွဲဥက္ကဋ္ဌအဖြစ် ကျင်းပမည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး အစည်းအဝေးအား သပိတ်မှောက်ရန် ဂျပန်နှင့် ကိုရီးယားကို တောင်းဆို
Donate to DVB

မြန်မာနဲ့ ရုရှား နှစ်နိုင်ငံစစ်တပ်က ပူးတွဲဥက္ကဋ္ဌ အဖြစ်တာဝန်ယူကျင်းပမယ့် အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို သပိတ်မှောက်ဖို့အတွက် ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံတို့ရဲ့ ကာကွယ်ရေးဝန်ကြီးတွေဆီ မြန်မာနဲ့ နိုင်ငံတကာအဖွဲ့အစည်း ၄၀၀ ကျော်က ဇူလိုင် ၁၄ ရက်မှာ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဇူလိုင် ၂၀ ကနေ ၂၁ ရက်အထိ ပြုလုပ်မယ့် ADMM-Plus Experts ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ရုရှားနဲ့ မြန်မာစစ်တပ်တို့က ပူးတွဲ ဥက္ကဋ္ဌအဖြစ်  ဆောင်ရွက်မှာဖြစ်ပြီး ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့က မတက်ရောက်ဖို့ ဆုံးဖြတ်ထားတာကိုလည်း ကြိုဆိုတယ်လို့ အဖွဲ့အစည်း ၄၄၈ ဖွဲ့က ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးဖလှယ်တာအားလုံးကို ဆိုင်းငံ့ထားဖို့နဲ့ မြန်မာနိုင်ငံကို လက်နက်တင်ပို့တာ ပိတ်ပင်ဖို့သာမက မြန်မာစစ်အုပ်စုကို လက်နက်ထောက်ပံ့တာ ရပ်ဆိုင်းစေဖို့ တခြားနိုင်ငံတွေကို တောင်းဆိုတဲ့ ကိုရီးယားနိုင်ငံအစိုးရရဲ့ အရင်က ဆုံးဖြတ်ချက်တွေကိုလည်း ကြိုဆိုတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ကတိကဝတ်ဆောင်ရွက်ချက်တွေနဲ့ ကိုက်ညီစေဖို့အတွက် ရုရှားနိုင်ငံမှာလုပ်မယ့်အစည်းအဝေးကို မတက်ရောက်ဘဲ သပိတ်မှောက်ဖို့ကလည်း ထပ်ပြီးတောင်းဆိုလိုက်ပါတယ်။

အလားတူ ဂျပန်အစိုးရအနေနဲ့လည်း သူ့နိုင်ငံရဲ့ ကာကွယ်ရေးအစီအစဉ်တွေကနေတဆင့် မြန်မာစစ်ကောင်စီတပ်တွေကို ဆက်လက် သင်တန်းပေးနေတဲ့အတွက် စိုးရိမ်ပူပန်တဲ့အကြောင်း၊ ဂျပန်အစိုးရ သင်တန်းပေးထားတဲ့ မြန်မာစစ်သားတွေဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းလှုပ်ရှားနေတဲ့ အထောက်အထားတွေရရှိထားပြီး ဒီအခြေအနေဟာ ဂျပန်အစိုးရအား မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်ရာမှာ ကြံ့ရာပါအဖြစ် ကျရောက်နိုင်တဲ့ ဘေးအန္တရာယ်ရှိနိုင်လို့ ဂျပန်အစိုးရအတွက် အထူးစိုးရိမ်စရာ ဖြစ်တယ်လို့ စာမှာ ဖော်ပြထားပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးရဲ့  ADMM-Plus Experts  အကြမ်းဖက်မှုတိုက်ဖျက်ရေး အစည်းအဝေးမှာ ပါဝင်တက်ရောက်မှုဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ပိုပြီးတော့ ထောက်ခံ အသိအမှတ်ပြုပေးတဲ့လုပ်ရပ်အဖြစ် ရှုမြင်ခံရဖွယ်ရှိ နေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီးထံ  သီးခြားပေးပို့တဲ့ စာမှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ခေါင်းစဉ်အောက်မှာ နိုင်ငံတကာ ရာဇဝတ်မှုတွေကို နှစ်ပေါင်းများစွာ ကျူးလွန်လာခဲ့ပြီး အထင်ရှားဆုံးဖြစ်ပ်ကတော့ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်တယ်လို့ အဖွဲ့တွေရဲ့ စာမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ တွေ့ရှိချက်အရ အဲဒီလူမျိုးတုံးသတ်ဖြတ်မှုကို အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) ကို ဖယ်ရှားရှင်းလင်းရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလို့လည်း ဆိုပါတယ်။

တကယ်တမ်းမှာတော့ အဲဒီဆောင်ရွက်မှုမှာ ရိုဟင်ဂျာတွေကို သတ်ဖြတ်တာ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ နှိပ်စက်ညှဥ်းပန်းတာ၊ မုဒိမ်းကျင့်တာနဲ့ အုပ်စုလိုက် မုဒိမ်းကျင့်တာတွေ ကျူးလွန်ခဲ့ကြပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆိုတဲ့ခေါင်းစဉ်အောက်မှာ လူပေါင်း ၇၀၀,၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးစေခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို အလွဲသုံးစားလုပ်တာဟာ တရားမဝင်အာဏာသိမ်းဖို့ ကြိုးပမ်းတာရဲ့ နောက်ပိုင်းမှာလည်း ရှိနေခဲ့ပြီး စစ်အုပ်စုရဲ့ မဟာဗျူဟာတခုက ဒီမိုကရက်တစ်အစုအဖွဲ့တွေကို တိုက်ခိုက်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို အကြမ်းဖက်သမားတွေအဖြစ် တံဆိပ်ကပ်ပြီး သူတို့ ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တာတွေမှန်ကန်ကြောင်း သက်သေပြနေတယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်မှာ  သူတာဝန်ယူရတဲ့ ADMM Experts’ လုပ်ငန်းအဖွဲ့ ပူးတွဲဥက္ကဋ္ဌရာထူးကို သုံးပြီး သူတို့ တရားဝင်စေဖို့၊ NUG၊ CRPH နဲ့ PDF တွေကို အကြမ်းဖက်သမားအဖြစ် တံဆိပ်ကပ်ဖို့အတွက် ထောက်ခံမှုတွေရဖို့ လုပ်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင်စစ်ကောင်စီဟာ အာဆီယံဥက္ကဋ္ဌ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ပန်ကြားချက်ကို ပယ်ချပြီး အများလေးစားတဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၂ ယောက်အပါအဝင် လူ ၄ ယောက်ကို အခြေအမြစ်မရှိတဲ့ အကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ သေဒဏ်စီရင်ဖို့ ကြေညာခဲ့တာဟာလည်း အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအကြား တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုထားတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အလေးမထားတာ၊ အကောင်အထည်ဖော်ဖို့ စိတ်ဆန္ဒ လုံးဝမရှိတာကို ပြသနေတာပဲလို့လည်း ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်တာ၊ ရွာတွေကို မီးရှို့တာအပါအဝင် အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်နည်းတွေ သုံးနေတာဟာလည်း နိုင်ငံတကာနဲ့ ပြည်တွင်းဥပဒေတွေအရ အကြမ်းဖက်မှု မြောက်တာထင်ရှားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဲဒီလို အဖွဲ့အစည်းဟာ  ADMM-Plus Experts ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့မှာ ဦးဆောင်ဖို့ နေရာမရသင့်သလို ပါဝင်တက်ရောက်ဖို့လည်း နေရာမရှိသင့်ဘူးလို့ ထောက်ပြထားပါတယ်။

အဲဒီလိုပဲရုရှားဟာလည်း ယူကရိန်းနိုင်ငံကို မကြေညာဘဲ ကျူးကျော်ဝင်ရောက်ခဲ့သလို စစ်ရာဇဝတ်မှု အမြောက်အမြား ကျူးလွန်ထားတာကြောင့် အာဆီယံရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းလုပ်ဆောင်တာတွေကို ဦးဆောင်ဖို့ ဒါမှမဟုတ် ပါဝင်ဖို့ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

ADMM-Plus Experts ရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကို တက်ရောက်တာဟာ မြန်မာစစ်အုပ်စုနဲ့ ရုရှားတို့ကို နိုင်ငံတကာရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်စေဖို့ ပိုအတင့်ရဲစေမှာဖြစ်လို့ သပိတ်မှောက်ဖို့နဲ့ တခြား  ADMM အစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုနဲ့ ရုရှားတို့ကို ဖယ်ထုတ်ထားဖို့အတွက် နောက်ထပ်အရေးယူတာတွေလုပ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013