DVB Logo
Home
မြန်မာသတင်း
အသေးစားနှင့် အလတ်စား စက်သုံးဆီအရောင်းဆိုင်များ အရှုံးပေါ်နေ
DVB
·
July 13, 2022
အသေးစားနှင့် အလတ်စား စက်သုံးဆီအရောင်းဆိုင်များ အရှုံးပေါ်နေ
Donate to DVB

စက်သုံးဆီရောင်းချရာမှာ အခွန်အခ အပါအဝင် သယ်ယူစရိတ်တွေကြောင့် ရောင်းရှုံးဘဝ ဖြစ်နေရတယ်လို့ တဆင့်ပြန်လည်ရောင်းချတဲ့  မန္တလေး အခြေစိုက် အသေးစားနဲ့ အလတ်စား စက်သုံးဆီအရောင်းဆိုင်ရှင်တွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက စက်သုံးဆီကို ရည်ညွှန်းနှုန်းအတိုင်း ရောင်းချဖို့နဲ့ သတ်မှတ်နှုန်းထားထက် ကျော်လွန်ပြီး ရောင်းချပါက ဒဏ်ကြေး ပေးဆောင်ရမယ်လို့ သတိပေး ထားပါတယ်။ 

ဒါပေမဲ့ တဖက်မှာတော့ အရောင်းကိုယ်စားလှယ်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာက စက်သုံးဆီကို လွယ်လင့်တကူ သယ်ယူရောင်းချခွင့် မရရှိတဲ့အပြင် စက်သုံးဆီ ရရှိဖို့အတွက် စောင့်ဆိုင်းရတဲ့ ကြားကာလအချိန်ကလည်း ကြာမြင့်တာကြောင့် များစွာ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

စက်သုံးဆီအရောင်းကိုယ်စားလှယ်တဦးက “သူတို့ သတ်မှတ်တဲ့ဈေးက တချို့နယ်တွေအဖို့ ခက်ခဲတယ်။ ကုမ္ပဏီကတော့ သူတို့ သွင်းတဲ့ ဆီကို သူတို့ သတ်မှတ်ဈေးနဲ့ ဘယ်လိုရောင်းရောင်း အဆင်ပြေတာပေါ့ဗျာ။ ဒါပေမဲ့ တဆင့် ပြန်ဝယ်ရတဲ့ ကျနော်တို့လို အသေးစား၊အလတ်စားဆိုင်တွေက နည်းနည်း ဒုက္ခရောက်တာပေါ့။ ဘယ်လိုပြောရမလဲ ကြာလာရင် ဆိုင်ပိတ်သိမ်းရမယ့် အနေအထား ဖြစ်လာမယ်။ ဆီ မရှိတဲ့ ဒုက္ခနဲ့ ဆီ ရှိပြန်တော့လည်း သယ်ယူရတဲ့ စရိတ်ကမြင့်မား၊ ကိုယ်ပြန်ရောင်းတဲ့အခါမှာလည်း သူတို့ ရည်ညွှန်းဈေးနဲ့ ရောင်းရမယ်ဆိုတော့ ဘယ်လိုမှ တွက်ခြေမကိုက်ဘူး ဖြစ်နေတယ်။ ရောင်း ရှုံး ဖြစ်နေရတဲ့ ဘဝပေါ့။ ပြီးခဲ့တဲ့လ နဲ့ ဒီလ ဆိုရင် သိန်း ၃၀၀ ခန့် ရှုံးသွားပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စက်သုံးဆီ ရရှိဖို့အတွက် အဆင့်ဆင့်တင်ပြနေရတာကြောင့် မလိုအပ်ဘဲ အချိန်ကြန့်ကြာမှုတွေ ရှိလာပြီး ဆုံးရှုံးမှုတွေ ရှိလာ ရပါတယ်။

အရောင်းဆိုင်ရှင်တဦးကလည်း “သူတို့ဆီ စာ အရင်တင်ရတယ်။ သူတို့က ဒီဆိုင်ကို ဘယ်လောက် ပေးသင့်တယ်ဆိုပြီး ပြန်စိစစ် တာပေါ့။ အဲ့မှာတင် ၃ ရက်လောက်ကြာတယ်။ ဒါအမြန်ဆုံးပြောတာ။ စာပြန်ကျလာတော့လည်း ဆီတင်တဲ့ တွဲကား က ရန်ကုန်မှာ၊ စောင့်ပါ ဆိုတော့ စောင့်ရသေး။ ရန်ကုန် - မန္တလေး က ကားနဲ့ သယ်တာဆိုတော့ ၂ ရက်လောက် ကြာတယ်။ ဆိုတော့ ကိုယ့်ဆီ ဆီရောက်ဖို့က အနည်းဆုံး တပတ် ခန့် အချိန်ပေးရတယ်။ အခု ဆီဈေး ကျနေတဲ့အချိန်မှာ ဆီက ကိုယ့် လက်ထဲ ရောက်မလာသေးဘူး။ ကြားကာလမှာ ကိုယ်က ရှုံးနေပြီ။ ပြီးတော့ သူတို့ သတ်မှတ်တဲ့ဈေးကလည်း ကိုယ့်အတွက် တွက်ခြေကိုက်လားဆိုတော့ ကားခတောင် မရဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

လုပ်ငန်းလည်ပတ်မှုတွေ ခက်ခဲ ကြန့်ကြာနေပေမယ့် စစ်ကောင်စီကတော့ မိမိ အခွန်အခရရှိဖို့ တခုတည်းသာ ဆောင်ရွက်နေတယ်လို့ အသေးစားနဲ့အလတ်စားစက်သုံးဆီအရောင်းဆိုင်တွေက ဆိုပါတယ်။

“အခွန်ဥပဒေတွေက မပြောင်းလဲဘူးနော်။ အခွန်အတွက် ဘယ်လောက်မြတ်ရင် ဘယ်လောက်ဘဲ ဆောင်ရမယ်ဆိုတာမျိုး မရှိဘူး။ အခုက ဘယ်လို ကောက်လို့ ကောက်မှန်း မသိဘူးဖြစ်နေတယ်။ သူတို့ရဲ့ လက်ထဲမှာဘဲ ရှိနေတာလေ။ မင်းတို့ ဘယ်လောက် ဆောင်ဆိုပြီးတော့၊ ရှုံးလည်း အမြတ်ခွန်ဆောင်ရတယ်။ ဒီလဆိုရင် ကျနော်တို့ ရှုံးတယ်နော်။ ဒါပေမယ့် အမြတ်ခွန်က ပုံမှန် ဆောင်ရတယ်။ အဲ့လို အနေအထားတွေ ရှိနေတော့ ပိုပြီး ခက်ခဲလာတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေက ပြီးခဲ့တဲ့ ရက်သတ္တပတ် ဇူလှိုင်လ ၆ ရက်နေ့မှာ ၁ လီတာကို ကျပ် ၂၀၀၀ ကျော် ရှိခဲ့တာပါ။ ဒါပေမယ့် လက်ရှိမှာတော့ စက်သုံးဆီဈေးနှုန်းက ၁ လီတာကို ကျပ် ၂၀၀၀ အောက် ကျဆင်းလာတာ တွေ့ရပါတယ်။

စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ဇူလိုင်  ၁၃ ရက် အတွက် ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးနှုန်းက ၁ လီတာကို ဓါတ်ဆီ(၉၂ အမျိုးအစား) ၁၈၆၀ ကျပ်၊ ဓာတ်ဆီ(၉၅ အမျိုးအစား) ၁၉၃၀ ကျပ် နဲ့ ဒီဇယ်(ရိုးရိုး) ၂၂၀၀ ကျပ်၊ ဒီဇယ်(ပရီမီယံ) ၂၂၅၅ ကျပ် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013