DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အင်အားမသုံးဖို့ တောင်းဆို
DVB
·
April 3, 2014
ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အင်အားမသုံးဖို့ တောင်းဆို
Donate to DVB

ရန်ကုန်မြို့လယ်က ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အင်အားသုံးဖို့ ကြိုးစားခဲ့မှုနဲ့ ပတ်သက်လို့ အပြင်းအထန် ကန့်ကွက်ကြောင်းနဲ့ ပြဿနာကို ငြိမ်းချမ်းစွာ ကိုင်တွယ် ဆွေးနွေးဖြေရှင်းဖို့ အမျိုးသား ဒီမိုကရေစီပါတီသစ်က တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်က ဖယ်ရှားခံရသူတွေရဲ့ သပိတ်စခန်းကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ အာဏာပိုင်တွေက အင်အားသုံး ဖယ်ရှားခဲ့တဲ့အပေါ် သင်္ကန်းကျွန်းမြို့နယ် အခြေစိုက် အမျိုးသားဒီမိုကရေစီပါတီက သဘောထားထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

[caption id="attachment_54084" align="alignright" width="300"]မိကျောင်းကန် သပိတ်စခန်းအား အကြမ်းဖက် ဖြိုခွင်းစဉ် မိကျောင်းကန် သပိတ်စခန်းအား အကြမ်းဖက် ဖြိုခွင်းစဉ်[/caption]ဒီ ပြဿနာကို တရားဥပဒေဘောင်တွင်းက ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အာဏာပိုင်တွေကို တိုက်တွန်းရတာလို့ ပါတီခေါင်းဆောင် ဦးသိန်းညွန့်က ဒီဗွီဘီကို ခုလို ပြောပါတယ်။
“ဖြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာ အထူးသဖြင့် ကျင့်ထုံးဥပဒေ ပုဒ်မ ၁၃၂ မှာ လူကို ထိခိုက်မှုနည်းစေရန် အင်အားကို ဘယ်လိုသုံးရမယ်ဆိုတာ ပြဋ္ဌာန်းထားတယ်။ အဲဒါကြောင့် ညပိုင်းတွေမှာ ဒီလို အင်အားသုံးဖြေရှင်းဆောင်ရွက်တာတွေ မလုပ်သင့်ဘူး။ လုပ်ရင်လည်း ကျနော်တို့ ကန့်ကွက်တယ်။”

ပြီးခဲ့တဲ့ မတ် ၃၀ ရက်နဲ့ ၃၁ ရက်နေ့တွေက ရန်ကုန်မြို့လည် မဟာဗန္ဓုလ ပန်းခြံရှေ့လမ်းဘေး ပလက်ဖောင်းပေါ်မှာ သပိတ်စခန်းဖွင့်ဆန္ဒပြနေသူတွေကို စည်ပင်နဲ့ ရဲလုံခြုံရေးတွေက နံနက်လင်းအားကြီးအချိန် အင်အားသုံး ဖယ်ရှားဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးတာဝန်ရှိသူတွေကတော့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေအနေနဲ့ အများပြည်သူတွေရဲ့ လွတ်လပ်ခွင့်ကို မထိခိုက်စေဖို့ မနေ့ကပဲ မီဒီယာတွေနဲ့ မြို့တော်ခန်းမမှာ တွေ့ဆုံ ပြောကြားထားပါတယ်။

လွတ်လပ်စွာဆန္ဒထုတ်ဖော်နိုင်ရေးအတွက် ရန်ကုန်တိုင်းအတွင်း ပြည်သူ့ဟစ်တိုင်လို နေရာတခု သတ်မှတ်ပေးသွားဖို့ ရှိတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ခုလိုပြောပါတယ်။
“နေရာတကာမှာ တချို့ကလည်း မသင့်တော်တဲ့နေရာတွေမှာ အများပြည်သူ အနှောက်အယှက် ဖြစ်တဲ့နေရာတွေမှာ ကျနော်တို့ အကြောင်းပြပြီးတော့ ဆန္ဒပြခွင့်ကို ငြင်းပယ်ခဲ့လို့ ရှိရင် သူတို့ကလည်း ဆက်လုပ်မယ်ဆိုရင် ကျနော်တို့က အရေးယူမှုသာ အဖက်တင်တယ်။ အဲဒီတော့ နေရာတနေရာလေးကို ရှာဖွေပြီးတော့မှ အရင်တုန်းက ပေါ်ခဲ့သလို ဟစ်တိုင် ပုံစံမျိုး လုပ်ပေးလိုက်မယ်ဆိုရင် အဆင်ပြေမယ်ဆိုတဲ့ အတွေးလည်း ကျနော်တို့ရှိတယ်။ ၀န်ကြီးချုပ်ကြီးလည်း နေရာပြန်ရှာခိုင်းထားတယ်။”

မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေ၊ နည်းဥပဒေတွေအရ ပြဌာန်းပေးထားပြီးဖြစ်ပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွနဲ့ ပတ်သက်လို့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေအကြား ထိပ်တိုက်တွေ့မှုတွေ မကြာခဏ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013