ပြည်သူပြည်သားတွေအားလုံးအတွက် လုံခြုံတဲ့ ကြားခံနယ်မြေတွေ တည်ဆောက်ရေးနဲ့ လေယာဉ်မပျံသန်းရနယ်မြေတွေ ပေါ်ထွက်လာရေးတို့အတွက် ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ကျောက်ကြီးမြို့နယ် ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ)က ဇူလိုင် ၉ ရက် က ထုတ်ပြန်ပါတယ်။
တိုင်းပြည်အာဏာကို တရားမဝင်သိမ်းယူခဲ့တဲ့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစတင်ကာ ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့ လူထုအစိုးရကို ထောင်တွင်းအကျဉ်းချတာ၊ မတရားအရေးယူအပြစ်ပေးတာ၊ ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်မှုတွေ ပြုလုပ်ခဲ့ပြီး အခုတိုင်ဆက်လက်ပြုလုပ်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် သူတို့ရဲ့ မတရားအာဏာသိမ်းယူမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူလူထုကို ပစ်မှတ်ထားသတ်ဖြတ်တာ၊ အကြမ်းဖက်နှိပ်ကွပ်တာ၊ ဆွေမျိုးမိသားစုတွေကိုပါ လိုက်ဖမ်းဆီးတာ၊ အနှောင့်အယှက်ပေးတာ၊ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ခိုးယူတာ၊ ချိပ်ပိတ်သိမ်းယူတာတွေကို တိုးမြှင့်ပြုလုပ်နေကြောင်းနဲ့ ဘေးလွတ်ရာဒေသတွေဆီ ရှောင်တိမ်းနေကြရတဲ့ ရွေးကောက်ခံကိုယ်စာ:လှယ်တွေ၊ ဆန့်ကျင်သူတွေကို အတင်းလိုက်လံ ဖမ်းဆီးတဲ့ လုပ်ရပ်တွေကြောင့် မခံမရပ်နိုင်တော့ဘဲ မိမိဒေသကို ကာကွယ်သူတွေနဲ့ ထိပ်တိုက်တိုးတဲ့ တိုက်ပွဲတွေ ပေါ်ပေါက်လာတာလို့ဆိုပါတယ်။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ အရပ်သားပြည်သူတွေရဲ့ ကျေးရွာ၊ နေအိမ်တွေအပေါ် လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို ပြုလုပ်နေပြီး တိုင်းပြည်တနံတလျား နယ်မြေအဝန်းအဝိုင်းအားလုံးကို ရက်စက်မှု၊ သတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှုတွေနဲ့ နိုင်ငံအဆင့် အကြမ်းဖက် ပေါ်လစီကို ချမှတ်ကာ လုပ်ဆောင်နေတယ်လို့ ကေအန်ယူက ဆိုပါတယ်။
အဲဒီလို လုပ်ရပ်တွေကြောင့် ရပ်ရွာအိုးအိမ်တွေ ပစ်ခွာထွက်ပြေးတိမ်းရှောင်ရတာတွေ၊ ကလေးငယ်တွေ စာသင်ယူနိုင်မှုအခွင့်အရေးပျက်ကွက်နေရတာတွေ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပျက်စီးတာတွေ၊ အဓမ္မ ခိုင်းစေခံရတာ၊ ငွေကောက်ယူတာ၊ ပုဂ္ဂလိကပိုင်ပစ္စည်တွေသိမ်းယူခံရတာတွေနဲ့ လူ့အခွင့်အရေးဆုံရှုံးတာတွေ ဖြစ်ပွားနေတယ်လို့ ကေအန်ယူ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
ဒါကြောင့်မို့ နိုင်ငံအဆင့် အကြမ်းဖက်လုပ်ရပ်ကို နိုင်ငံရဲ့ စနစ်တစ်ရပ်အဖြစ် ပြဋ္ဌာန်းကျင့်သုံးနေတဲ့ စစ်ကောင်စီကို လက်နက်ကိုင်ခုခံနေတဲ့နည်းတူ တိုင်းသူပြည်သားတွေကလည်း အချင်းချင်းရိုင်းပင်းလက်တွဲကြပြီး စည်းလုံးညီညွတ်စွာနဲ့ ရပ်တည်တုံ့ပြန်ကြဖို့လည်း ကေအန်ယူက တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း ကေအန်ယူအပါအဝင် စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုအကူအညီ အရေးတကြီးပေးဖို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ အဆိုပြုချက်ကို ကြိုဆိုထောက်ခံကြောင်းနဲ့ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့တောင်းဆိုကြောင်း ပူးတွဲထုတ်ပြန်ထားခဲ့ပါသေးတယ်။