DVB Logo
Home
မြန်မာသတင်း
မန္တလေးသတင်းထောက်တွေ လုံခြုံမှုအားနည်း
DVB
·
April 2, 2014
မန္တလေးသတင်းထောက်တွေ လုံခြုံမှုအားနည်း
Donate to DVB

မန္တလေးမြို့က ဆန္ဒပြပွဲမှာ အမည်မသိလူတစုက သတင်းထောက်တွေကို ရဲတပ်ဖွဲ့ဝင်တွေရှေ့မှာ ကိုယ်ထိလက်ရောက် ထိပါးတိုက်ခိုက်ပေမယ့် ရဲက လျစ်လျူရှုထားတယ်လို့ သတင်းထောက်တွေ က ပြောပါတယ်။ တိုက်ခိုက်သူတွေဟာ ရဲသတင်းပေးတွေလို့ သတင်းထောက်တွေက ယူဆပေမယ့် ရဲက ငြင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန္တလေးမြို့မှာ မီတာခ တိုးကောက်တာကို ဆန္ဒပြကြတဲ့သတင်း ရယူခဲ့ရာမှာ သတင်းထောက်တွေ တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ကိုယ်တိုင် ကြုံတွေ့ခဲသူ မန္တလေးမြို့က ဧရာဝတီသတင်းထောက် ဇာနည်မာန် ပြောပြတာက အခုလို ပြောပါတယ်။

[caption id="attachment_54315" align="alignright" width="400"]မတ်လ ၃၁ ရက်နေ့က လျှပ်စစ်မီတာတိုးမြှင့်ကောက်ခံမှုကို ကန့်ကွက်တဲ့အနေနဲ့ လူ(၃)ယောက်ဟာ မန္တလေးမြို့ ၂၆ဘီလမ်း အနောက်ကနေ အရှေ့ကို ဖယောင်းထွန်း ဆန္ဒပြစဉ် မတ်လ ၃၁ ရက်နေ့က လျှပ်စစ်မီတာတိုးမြှင့်ကောက်ခံမှုကို ကန့်ကွက်တဲ့အနေနဲ့ လူ(၃)ယောက်ဟာ မန္တလေးမြို့ ၂၆ဘီလမ်း အနောက်ကနေ အရှေ့ကို ဖယောင်းထွန်း ဆန္ဒပြစဉ်[/caption]

“သတင်းသွားယူတော့ ပထမ စတော့ ရဲမရှိဘူး။ နောက်တော့ ရဲတွေ ရောက်လာပြီးတော့မှ အရပ်ဝတ်တွေနဲ့ တချို့ပါလာတယ်။ ရဲတွေက တားတာကို ဓာတ်ပုံ ရိုက်တယ်၊ အသံဖိုင်ဖမ်းနေတဲ့ အချိန်မှာ ရဲနဲ့ သမီးနဲ့ ကြားထဲကို အရပ်ဝတ်နဲ့ တယောက်က အတင်းတိုးဝင်တယ်။ အစကတော့ သူတိုး ကိုယ်တိုးဆိုတော့ သတင်းထောက် အောက်မေ့တာ ဒါပေမယ့် မဟုတ်ဘူး။ ပထမ သူက လက်ကြီးနဲ့ ခေါင်းကို အနောက်ကို လှန်ချလိုက်တယ်။ ဦးထုတ်ဆောင်းထားတဲ့အတွက် မေးသိုင်းကြိုးလည်ပင်း အစ်သွားတယ်။ နောက်တခေါက်က ဘေးကို အတင်းတိုးဝင်ပြီးတော့မှ တိုးလို့ မတဲ့အခါ သူ့တံတောင်နဲ့ ရင်ဘတ်ကို တွန်းပြီးမှ အနောက်ကို တွန်းလိုက်တာပေါ့နော်။”

အလားတူ  မန္တလေးခေတ်ဂျာနယ်က သတင်းထောက် ကိုဇော်ဇော်၊ ဒီဗွီဘီသတင်းထောက် ကိုအိမ်ခိုင်မြဲတို့ နှောင့်ယှက် တိုက်ခိုက်ခံခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဒီလို တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး မတ်လ ၃၁ရက်မှာ မြို့ခံသတင်းထောက် အယောက် ၃၀ လောက်စုပြီး တိုင်းရဲတပ်ဖွဲ့မှုးရုံးကို သွားရောက် မေးမြန်းခဲ့ကြပါတယ်။ ဒုတိယရဲမှူးကြီးမြင့်ဦးက သတင်းထောက် ၂ ယောက်ကို လက်ခံတွေ့ဆုံခဲ့ပြီး ရဲတပ်ဖွဲ့မှာ သတင်းပေး မရှိဘူးလို့ ငြင်းဆိုခဲ့ကြောင်း ရဲမှူးနဲ့ တွေ့ခဲ့တဲ့ အယ်ဒီတာ ကိုစန်းယုက ခုလို ပြောပြပါတယ်။

“တရားဝင်ခန့်ထားတဲ့ သတင်းပေးတွေလား။ ဒါမဟုတ် ရဲတပ်ဖွဲ့က ဖွဲ့ထားတဲ့ သတင်းပေးလားလို့ မေးတယ်။ သူတို့က တပ်ရင်း တပ်ဖွဲ့ကနေ ခန့်ထားတဲ့ သတင်းပေးတွေ မဟုတ်ဘူး။ မရှိဘူး။ သို့ပေမယ့် အခြားဌာနပေါ့နော် ပြည်ထဲရေးဝန်ကြီးဌာနက အခြား စသုံးလုံးတို့ အက်ဘီတို့ ရှိမရှိတော့ သူတို့ မသိဘူးပေါ့။ အဲဒီတော့ ကျနော်တို့ သတင်းယူတဲ့နေရာမှာ အနှောက်အယှက် ပေးနေတယ်။ အနှောက်အယှက်ပေးတာမျိုးတွေ ကြုံနေရတယ်။ သတင်းပေးဆိုတာ ကျနော်တို့ သိထားတာက ရဲလို့ပဲ သိထားတာဖြစ်တဲ့အတွက် ရဲ သိက္ခာကျတယ်။ ရဲသိက္ခာကျတယ်ဆိုတာ အစိုးရ သိက္ခာကျတာနဲ့ အတူတူပဲ။ ပြီးတော့ ကျနော်တို့ သတင်းသမားတွေ သတင်းယူရတာ စိတ်အနှောက်အယှက်ဖြစ်တယ် ပြဿနာ တက်နိုင်တဲ့အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ အကူအညီ တောင်းဖို့ဆိုပြီး သွားတွေ့တယ်။ သူတို့ကတော့ ဘယ်သူတုန်းတို့ ဘယ်ဝါတုန်းတို့ သူတို့လူတွေ မဟုတ်ဘူးတို့ ရဲအလုံအလောက်ရှိတယ်။ သတင်းပေးတွေ ခန့်ထားတာမရှိဘူးလို့ ပြောတာပေါ့။”

သတင်းထောက်တွေ အခုလို တိုက်ခိုက်ခံနေရတာနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့  တိုင်းအစိုးရ အဖွဲ့ထံ စာရေးသားပေးပို့ တောင်းဆိုသွားမယ်လို့လည်း ပြောပါတယ်။

သတင်းမီဒီယာသမားတွေကို အကာအကွယ်ပေးမယ့် ဥပဒေတွေ တိတိကျကျ ထွက်မလာခင် သတင်းသမားတွေ ပါပါးနပ်နပ်နဲ့ သတင်းရယူကြဖို့ စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။

“ဥပဒေရှိတယ်။ အခွင့်အရေးရှိတယ်ဆိုတာထက် အခု အခြေအနေမှာတော့ ပါးပါးနပ်နပ်နဲ့ သတင်းယူရဦးမယ်။ ဘာလို့လဲဆိုတော့ သမ္မတက မီဒီယာဥပဒေကို လက်မှတ်ထိုးထားပေမယ့် လည်း အဲဒီဥပဒေတွေကို ဘယ်လို ကျင့်သုံးမလဲဆိုတဲ့အပေါ်မှာ ကျနော်တို့ လေ့လာစမ်းစစ်ဖို့ လိုသေးတယ်။ ဒါကြောင့်မို့လို့ သတင်းသမားတွေ သတင်းယူတဲ့အခါမှာ ပါးပါးနပ်နပ် လုပ်ဖို့ မဟုတ်ရင် သူတို့ရဲ့ နယ်မြေထဲ သူတို့ရဲ့ ပိုင်နက်ထဲ ၀င်သွားတာနဲ့ အချိန်မရွေး ဒုက္ခပေးနိုင်တယ်။ ခုနပြောတဲ့ ၀တ္တရားနှောက်ယှက်မှုတို့ ပိုင်နက်ကျူးလွန်မှုတို့ အသရေဖျက်မှုတို့ နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုတို့ ဒီဥပဒေနဲ့ သူတို့က ကျနော်တို့ကို ဒုက္ခပေးနိုင်တာ ရှိတဲ့အတွက် ဒီလိုအချိန်မှာတော့ သတ္တိကြီးကြီးထားပြီးတော့ ပါးပါးနပ်နပ် သွားရမယ်။”

အစိုးရဌာနတွေဟာ သတင်းထောက်တွေကို လုပ်ဖော်ကိုင်ဘက်လို သဘောမထားနိုင်သေးဘဲ ရန်သူလို ရှုမြင်နေတုန်းပဲလို့လည်း ပြောပါတယ်။

လတ်တလောမှာ ယူနတီဂျာနယ် အယ်ဒီတာနဲ့ သတင်းထောက် ၃ ဦးတို့ကို နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေနဲ့ အမှုဖွင့် အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013