DVB Logo
Home
မြန်မာသတင်း
အခြေခံပညာပြီးမြောက်ကြောင်းအကဲဖြတ်စစ်ဆေးမည့် ၁၀ တန်းစာမေးပွဲ NUG အစိုးရက ကျင်းပမည်
DVB
·
July 12, 2022
အခြေခံပညာပြီးမြောက်ကြောင်းအကဲဖြတ်စစ်ဆေးမည့် ၁၀ တန်းစာမေးပွဲ NUG အစိုးရက ကျင်းပမည်
Donate to DVB

လာမယ့်နှစ် ဖေဖော်ဝါရီလမှာ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်မှာဖြစ်လို့ သင်ခန်းစာတွေ ကြိုတင်လေ့လာထားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် အသိပေးထားပါတယ်။

အခြေခံပညာနဝမတန်း စနစ်ဟောင်းကို တက်ရောက်ဖူးပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃၁ ရက်နေ့မှာ အသက် ၁၇ နှစ် ပြည့်ပြီးသူတွေ ဖြေဆိုနိုင်မယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ဆေးအကဲဖြတ်ရာမှာ အရင်စနစ်ဟောင်း ဒသမတန်း သင်ရိုးညွှန်းတမ်းကို အခြေခံမှာ ဖြစ်ပေမဲ့ အလွတ်ကျက်မှတ်တာကို အားပေးတဲ့ မေးခွန်းတွေအစား ကျောင်းသားကျောင်းသူတွေရဲ့ ဘာသာရပ်ဆိုင်ရာ သိရှိနားလည်သဘောပေါက်မှု၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြီး အသုံးချနိုင်မှုနဲ့ လက်တွေ့ဘဝနဲ့ ဆက်စပ်ပြီး ပြဿနာတွေကို တီထွင်ဖန်တီးဖြေရှင်းနိုင်မှုဆိုတဲ့ ဓမ္မဓိဋ္ဌာန် မေးခွန်းအမျိုးအစားတွေဖြစ်မယ်လို့လည်း ဆိုပါတယ်။

လက်ရှိကာလမှာ အခြေအနေအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကျောင်းသား၊ ကျောင်းသူတေတွေ အဆင်ပြေစေဖို့အတွက် အင်တာနက်ရတဲ့ ဒေသတွေမှာ အွန်လိုင်းကဖြေဆိုတာ၊ အင်တာနက်ခက်ခဲတဲ့ ဒေသတွေမှာတော့ အင်တာနက်မလိုတဲ့နည်းပညာသုံး ဖြေဆိုစေမှာဖြစ်သလို နယ်မြေစိုးမိုးမှုရှိပြီး လုံခြုံရေးအာမခံချက်ရှိတဲ့ ဒေသတွေမှာတော့ မြေပြင်ဖြေဆိုတာမျိုး လုပ်မယ်လို့လည်း ဆိုပါတယ်။

မေးခွန်းတခုစီအတွက် နိုင်ငံတကာစစ်ဆေး အကဲဖြတ်ပုံစံတွေအတိုင်း စဉ်းစားတွေးခေါ်မှုကို အခြေပြု ခွဲခြမ်းစိတ်ဖြာ ဖြေဆိုရတဲ့ ပုံစံနဲ့ ဖြေဆိုချိန် ၂ နာရီပေးမယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။

လာမယ့်နှစ် ဖေဖော်ဝါရီလ ပထမအကြိမ်မှာ ပါဝင်ဖြေဆိုဖို့ ခက်ခဲတဲ့ သူတွေအတွက် ဩဂုတ်လမှာ ဒုတိယအကြိမ်ဖြေဆိုနိုင်မယ်လို့ ဆိုပါတယ်။

စစ်ဆေးအကဲဖြတ်တဲ့ ရလဒ်တွေထုတ်ပြန်ရာမှာလည်း ဘာသာရပ်တခုမှာ ကျရှုံးရုံနဲ့ ဘာသာရပ်အားလုံးကို ပြန်ဖြေရတဲ့ စနစ်သုံးမှာ မဟုတ်ဘဲ ကျောင်းသား၊ ကျောင်းသူတွေရဲ့ စွမ်းရည်အပေါ် အခြေပြုတဲ့ ရလဒ်အဆင့်တွေထုတ်ပြန်ပေးမည်ဖြစ်ပြီး ဆက်လက် သင်ယူမယ့် အဆင်မြင့်ပညာ ဒါမှမဟုတ် သက်မွေးပညာဆိုင်ရာ ပညာရေးအဖွဲ့အစည်းတွေရဲ့ ဝင်ခွင့် သတ်မှတ်ချက်တွေအပေါ်မူတည်ပြီး ပြန်လည်ဖြေဆိုဖို့လိုအပ်တဲ့ ဘာသာရပ်တွေကိုပဲ ထပ်ဖြေကြရမယ်လို့ ဆိုပါတယ်။

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်တာနဲ့ ပတ်သက်ပြီး ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေနဲ့ မိဘပြည်သူတွေ သိထားရမယ့်အချက်တွေကို ပညာရေးဝန်ကြီးဌာနက အချိန်မီဆက်ထုတ်ပြန်ပေးမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တော်လှန်ရေးမှာ ပါဝင်နေသူတွေ၊ မသန်စွမ်းသူတွေ၊ စစ်ဘေးသင့် ပြည်သူတွေအတွက် သင့်တော်မယ့် ကြားကာလ ဒါမှမဟုတ် တော်လှန်ရေးလွန်ကာလမှာ အထူးပညာသင်ကြားရေးစနစ်နဲ့ စစ်ဆေးအကဲဖြတ် အသိအမှတ်ပြုရေး အစီအစဉ်တွေကို သီးသန့် အကောင်အထည်ဖော်ပေးမယ်လို့လည်း ဆိုပါတယ်။

အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်တာနဲ့ပတ်သက်ပြီး မြို့နယ်တချို့က ပညာရေးဘုတ်အဖွဲ့တွေကလည်း အသိပေးထုတ်ပြန်ထားသလို အဲဒီတက္ကသိုလ်ဝင်တန်းကလွဲပြီး တခြားအတန်းအားလုံးက ကျောင်းသားကျောင်းသူတွေကိုတော့ သတ်မှတ်အရည်အချင်း ပြည့်တယ်ဆိုရင် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ အတန်းကူးပြောင်းပေးမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013