DVB Logo
Home
မြန်မာသတင်း
သန်းခေါင်စာရင်းကောက်ခံမှု ပြည်သူအချို့ စိုးရိမ်ကြောင့်ကြမှု ရှိ
DVB
·
April 2, 2014
သန်းခေါင်စာရင်းကောက်ခံမှု ပြည်သူအချို့ စိုးရိမ်ကြောင့်ကြမှု ရှိ
Donate to DVB

နှစ်ပေါင်း ၃၀ ကာလအတွင်း ပထမဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်ယူမှုအပေါ်မှာ ပြည်သူအချို့ ကျေနပ်အားရမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပေမယ့် အချို့တိုင်းရင်းသားဒေသ တွေမှာတော့ စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေပါတယ်။

Census2014ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်က မသန်စွမ်းသူတွေ နေထိုင်ရာအဆောင်တခုမှာ သက် ဆိုင်ရာက သန်းခေါင်စာရင်းလာကောက်ရာမှာ သူတို့ သိရှိထားသလို လူဦးရေနဲ့ အိမ်အကြောင်း အရာတွေကို ပြည့်စုံစွာ မေးမြန်းခြင်း မရှိဘဲ အပေါ်ယံသဘောလောက်သာ လာကောက် တဲ့အတွက် မသန်စွမ်းသူတွေဘက်က ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေ မရမှာကို စိုးရိမ်တယ်လို့ ရွှေမင်းသားဖောင်ဒေးရှင်း အဖွဲ့ဝင်တဦးဖြစ်သူ ဒေါ်ထူးထူးက ခုလိုပြောပါတယ်။

“မနေ့က လာကောက်တော့ ညီမတို့ မအားဘူး။ ရေချိုးနေတယ်ပေါ့။ အဲဒါနဲ့ အဲဒီ ဦးကြီးတွေက ကိစ္စ မရှိဘူး။ နာမည်၊ အသက်နဲ့ လိပ်စာဘဲ ရေးပြီင်္း ရုံးကို လာပို့လို့ ပြောတော့ ညီမတို့လဲ စာရင်းမပို့ဘဲ အလုပ်ဆင်း လိုက်တာ။ ပြောချင်တာက အဲသလို အပေါ်ယံလေးဘဲ ကောက်တယ်ဆိုတော့ ညီမတို့ မသန်စွမ်းသူတွေ လူဦးရေစာရင်း အတိအကျမရမှာ စိုးတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း မရမှာ စိုးတယ်ပေါ့။”

လက်ရှိ ရွှေမင်းသားဖောင်ဒေးရှင်းမှာ အဖွဲ့ဝင်ထားတဲ့ မသန်စွမ်းသူ ဦးရေပေါင်း ၆ ထောင် ကျော်ရှိပြီး အများစုက အလုပ်အကိုင် မရှိကြောင်း။ သူတို့အနေနဲ့ ခန္ဓာကိုယ် အားလုံး မသန်စွမ်းပေမယ့် မိမိ လုပ်နိုင်တဲ့အလုပ်ကို လုပ်လိုတဲ့ ဆန္ဒရှိကြောင်း ဒေါ်ထူးထူးက ဆက်ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ပလောင်အုပ်ချုပ်ခွင့်ရဒေသမှာ နေထိုင်သူတဦးကတော့ အစိုးရက သန်းခေါင်စာရင်းကောက်ယူမှုမှာ ဘာအကျိုးရှိမှန်း မသိပေမယ့် လက်ရှိ လက်ဖက်ခူးရာသီမှာ တအိမ်တယောက် သန်းခေါင်စာရင်း လာကောက်မယ့်အဖွဲ့တွေ စောင့်နေရလို့ အလုပ်ပျက် အကိုင်ပျက်ဖြစ်ကြောင်း ပြောပါတယ်။
“ပြည်သူတွေ အကျိုးရှိ မရှိတော့ မသိဘူးဗျ။ စာရင်းကောက်တဲ့ ဆရာနဲ့ ဆရာမတွေတော့ ၁ ရက် ၈ ထောင် ရတာပေါ့။ ကျနော်တို့တော့ အလုပ်မဆင်းရလို့ အလုပ်အကိုင် ပျက်တယ်။ အမ ပြောသလိုမျိုး အချက် ၄၁ ချက်လည်း မကောက်ပါဘူး။ အဲဒီအတိုင်း ကောက်ရင် ၁ လတောင်ပြီးမှ မဟုတ်ဘူး။”
ချင်းပြည်နယ် ဟားခါးမြို့မှာတော့ အိမ်ထောင်စုစာရင်းတွေပါ သူတို့လက်ထဲ တပါတည်း ပါလာပြီး လက်ရှိ နေထိုင်မှုအခြေအနေနဲ့ နိုင်ငံခြားရောက်နေသူစာရင်းတွေပါ မေးမြန်းကောက်ယူ သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်း တမူးမြို့နယ် ကဘော်ချိုင့်ဝှမ်းဒေသ ချောင်းနက်ကြီးကျေးရွာအုပ်စုထဲမှာတော့ ကူကီးလူမျိုး ဖြစ်ပေမယ့် ချင်းလူမျိုးထဲမှာဘဲ အထည့်ခံရတဲ့ ရွာသားတွေ အများကြီးရှိတယ်လို့ ကူကီးတိုင်းရင်းသားအဖွဲ့က ဦးသောင်းခိုထန်က ခုလိုပြောပါတယ်။
“ဒေသထဲက လူကြီးတချို့ကြောင့်ပေါ့ဗျာ၊ ကူကီးလို့ မရေးနဲ့ ရွာကနေ မောင်းထုတ်ခံရ မယ်လို့ ရွာသားတွေကို ပြောတယ်တဲ့ ၊ အဲဒါ ကူကီးလူမျိုး ၁ ထောင်မှာ ၁၀၀၊ ၅၀၊ ၂၀၀ လောက်က ချင်းလို့ ထည့်ရတယ်။”
ကချင်ပြည်နယ်ထဲမှာဆိုရင် ကချင်လွတ်လပ်ရေးအဖွဲ့(ကေအိုင်အို) သူတို့ ထိန်းချုပ် နယ်မြေထဲ သန်းခေါင်စာရင်း ကောက်မှု တားမြစ်ထားတဲ့အတွက် မံစီမြို့နယ် မန့်ဝိန်းကြီး ကျေးရွာအုပ်စု လွယ်ဂျယ်မြို့နယ်ခွဲက ရွာပေါင်း ၆၀ ကျော်က ရွာသားတွေဟာ သန်းခေါင်စာရင်းမှာ ကိုယ့်နာမည် ပါသွားစေချင်ပေမယ့် မထည့်လိုက်ရကြောင်း တိုင်ကြားလာတယ်လို့ ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ နာယက ဦးစိုင်းသာဇုံက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း မိုင်းရှုးမြို့နယ်မှာတော့ အနီးနားပတ်ဝန်းကျင် ရွာပေါင်း ၂၀ ကျော်ကို အရင် ကောက်ယူနေကြောင်း၊ အိမ်ထောင်စုစာရင်းအရ မကောက်ဘဲ လက်ရှိနေထိုင်သူစာရင်းဘဲ ကောက် ယူတဲ့အတွက် ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေတဲ့ မိသားစုဝင်စာရင်းမပါမှာ စိုးရိမ်ပြီး အခြားဒေသ ပြည်မကနေ ရောက်ရှိနေထိုင်သူ လူဦးရေတွေ တိုးထည့်မှာ၊ မိမိလူမျိုးအတွက် အခွင့်အရေးမရမှာ စိုးရိမ်တယ်လို့ ဒေသခံအမျိုးသမီး တဦးက ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013