DVB Logo
Home
မြန်မာသတင်း
ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ၁ ဦးနှင့် ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ၁ ဦးတို့ကို အေအေဖမ်းဆီး
DVB
·
July 11, 2022
ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ၁ ဦးနှင့် ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ၁ ဦးတို့ကို အေအေဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ ပြည်သူစစ်ခေါင်းဆောင်ဟောင်းတယောက်ကို  ရက္ခိုင့်တပ်တော် (အေအေ)က  ဖမ်းဆီးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင်ဟောင်း ဦးထွန်းမြတ်ဦးကို ဇူလိုင် ၈ ရက်က အငူမှော်ဆိပ်ကမ်းမှာ ထမင်းစားနေတဲ့အချိန်မှာ ဖမ်းဆီးသွားတာလို့ အငူမှော်ဒေသခံတယောက်က ပြောပါတယ်။ 

ဦးထွန်းမြတ်ဦးဟာ ၂၀၁၇ ခုနှစ် မောင်တောဒေသ အကြမ်းဖက်မှုအပြီး ၂၀၁၈ ခုနှစ်မှာ သင်္ဘောကွေ့ ကျေးရွာကိုခွင့်ပြုချက်မရှိပဲ တည်ထောင်ခဲ့လို့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၆ လ  အမိန့်ချမှတ်ခံရဖူးသူဖြစ်ပါတယ်။ 

အခုလို ဖမ်းဆီး ခေါ်ဆောင်သွားတာနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် အေအေဘက်ကို ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ လယ်ပိုင်းကလည်း အငူမှော်ဆိပ်ကမ်းမှာ တာဝန်ကျနေတဲ့ ရဲတပ်ကြပ် ကျော်နိုင်ကို အေအေတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ရဲတပ်ဖွဲ့နီးစပ်သူတွေထံကသိရပါတယ်။  

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာလည်း စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဦးဝင်းနိုင်ကို ဇူလိုင် ၉ ရက်ညနေက  ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကမ္ဘာ့ရတနာဘဏ်မိသားစုတွေဆီကနေ သိရပါတယ်။ 

အဆိုပါဘဏ်နဲ့နီးစပ်သူတစ်ဦးက "ကျနော်တို့သိရသလောက်တော့  သူက ကျောက်တော်ဒေသက အေအေ တာဝန်ခံနဲ့ ဆက်ဆံရာမှာ သဟဇာတမဖြစ်တဲ့အတွက် ဖမ်းသွားတာလို့သိရတယ်။" လို့ ပြောပါတယ်။

ကျောက်တော်မြို့ အလယ်ကျွန်းကျေးရွာဇာတိ အသက် ၅၂ နှစ်အရွယ် ဦးဝင်းနိုင်ဟာ စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌလည်းဖြစ်ပြီး ဇူလိုင် ၉ ရက်နေ့က အလယ်ကျေးရွာရှိ ဆွေမျိုးတွေထံ မိသားစုနဲ့အတူ လာရောက်စဉ် ညနေပိုင်းမှာ အေအေတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဒါပေမဲ့ အဖမ်းခံရသူဟာ အေအေမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိအဆင့်အထိ ဆွေမျိုးတွေ ရှိနေကြောင်း ဒေသခံတဦးက ပြောပါတယ်။ 

"သူက မိသားစုနဲ့ သူ့ရွာကိုလာလည်တဲ့အခါ ဖမ်းသွားကြတာ။ သူ့ဆွေမျိုးတွေလည်း အေအေဘက်မှာ အရာရှိအဆင့်အထိရှိတယ်လို့သိရတယ်။ အခုလိုဖမ်းဆီးတာက ဘာကြောင်းဖမ်းလည်းဆိုတာတော့ အတိမသိရသေးပါ။”

ပြီးခဲ့တဲ့ ဇွန် ၂ဝ ရက်ကလည်း ကျောက်တော်မြို့မရဲစခန်းမှာတာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင် သုံးယောက်ကို အေအေက ဖမ်းဆီးသွားခဲ့သလို ဇွန် ၁၁ ရက်ကလည်း ကျောက်တော်မြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက်ကို အေအေက ဖမ်းဆီးခဲ့ပါတယ်။  

အလားတူ စစ်ကောင်စီတပ်ကလည်း ကျောက်တော်မြို့ရှိ ဒေသခံအရပ်သား ၃ဝ ထက်မနည်းကို ဖမ်းဆီးထားပြီး လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းအပါအဝင် တချို့ကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှု  ဥပဒေပုဒ်မ ၅ဝ၅(က)နဲ့ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)တို့နဲ့ ကျောက်တော်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013