DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် SL သတင်းဌာနတာဝန်ခံ ပစ်သတ်ခံရ
DVB
·
July 11, 2022
ကလေးမြို့တွင် SL သတင်းဌာနတာဝန်ခံ ပစ်သတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ  SL သတင်းဌာနတာဝန်ခံ ဦးစိန်လင်းနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ကို သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကလေးမြို့ပြပြောက်ကျားတပ်ဖွဲ့က      ပြောပါတယ်။

ကလေးမြို့၊ ပင်လုံလမ်းမတော်ရှိ ရနံ့သစ်လက်ဖက်ရည်ဆိုင်မှာ  ဦးစိန်လင်းနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့ဟာ  ဒီနေ့ ဇူလိုင် ၁၁ ရက် နေ့လယ် ၁၂ နာရီလောက်က ပစ်သတ်ခံရတာဖြစ်ပါတယ်။

ကလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက "သူက ဒလန်အကြီးစားပါ။ အခု စစ်တပ်ထဲမှာနေပါတယ်။ မြို့ကနေ နှင်ထုတ်ခံထားရပါပြီးပြီ လင်မယားနှစ်ယောက်စလုံးရဲ့ ခေါင်းတွေ ပစ်ခတ်ခဲ့တာပါ။"လို့ ပြောပါတယ်။

အဆိုပါပစ်သတ်ခံရသူဟာ ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာဘုန်းကြီးကျောင်းအနီး နေထိုင်သူဖြစ်ပြီး ရှုဒေါင့်မှုခင်းသတင်းဌာန (SH) ရဲ့ ကလေးခရိုင်ဥက္ကဋ္ဌ၊  ဗဟိုကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ အာဏာသိမ်းစက ဒလန်ပြုလုပ်ခဲ့လို့  သူနဲ့အတူ တစ်မိသားစုလုံး ရပ်ကွက်မှ ကလေးမြို့ပြင်သို့ အထုပ်အပိုးတွေနဲ့ မောင်းထုတ်ခံခဲ့ရပြီး အဲ့ဒီနောက် သဖန်းအိုင်ကျေးရွာသို့ ပြောင်းရွေ့နေထိုင်ခဲ့ရကာ စစ်တပ်က တပ်အတွင်းသို့ ပြောင်းရွေ့နေထိုင်စေခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ SL News Agency ကို ထပ်မံတည်ထောင်ပြီး ကလေးမြို့ပေါ်ရပ်ကွက်တွေရှိ လက်ဖက်ရည်ဆိုင်တွေမှာ အမြဲလိုလိုသွားရောက်သတင်းယူကာ စစ်တပ်သတင်းပေးအဖြစ် ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒါ့အပြင် ဦးစိန်လင်းဟာ Facebook account များစွာ ပြုလုပ်သုံးစွဲပြီး ဒေသတွင်းမှာ သတင်းထောက်တွေခန့်အပ်တာ၊ ရာထူးတွေပေးတာတွေပြုလုပ်ပြီး SL သတင်းဌာနဟာ လူအင်အားအများအပြားနဲ့ ဖွဲ့စည်းထားသယောင် ဝါဒဖြန့်လေ့ရှိတယ်လို့လည်းဆိုပါတယ်။

"ငါ့ဘာသာငါ စစ်တပ်ထောက်ခံတာ မင်းတို့အပူပါလား။ မင်းအဖေ PDF မင်းပထွေး PDF တွေကို ‌‌ စောက်ဂရုစိုက်ရမှာလား။ ငါကကြောက်ရမှာလား"ဆိုပြီး ပြီးခဲ့တဲ့ ဧပြီလက ဖေ့စ်ဘွတ်ခ်ပေါ်မှာ တိုက်ရိုက် Live လွှင့်ပြီး PDF တွေကို ဆဲဆိုကြိမ်းမောင်း စိန်ခေါ်ခဲ့ဖူးပါတယ်။

ဦးစိန်လင်းဟာ သူ မောင်းနှင်တဲ့ ကားမှာလည်း  SL သတင်းဌာနစတေကာတွေကပ်ထားကာ ကလေးခရိုင်တွင်းရှိ မြို့နယ်တွေ၊ ကျေးရွာတွေကို လှည့်လည်သွားလာလေ့ရှိတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကလေးမြို့အတွင်း စစ်တပ်ကိုသတင်းပေးဒလန်လုပ်နေသူတွေရှိရင် သတင်းပေးကြဖို့   ကလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက  တိုက်တွန်းပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013