DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ မွတ်စလင် ၈ ဦးကို အေအေပြန်လွှတ်၊ ရွာသားများအတွက်အဝတ်အထည် ထောက်ပံ့
DVB
·
July 11, 2022
ဖမ်းဆီးခံ မွတ်စလင် ၈ ဦးကို အေအေပြန်လွှတ်၊ ရွာသားများအတွက်အဝတ်အထည် ထောက်ပံ့
Donate to DVB

ရက္ခိုင့်တပ်တော် (အေအေ)က ဖမ်းဆီးထားတဲ့ မွတ်စလင်  ၈ ယောက်ကို ဇူလိုင် ၁၀ ရက်  ကုရ်ဘာနီအီးဒ်နေ့ အထိမ်းအမှတ်အဖြစ် ပြန်လွှတ်ပေးလိုက်ပြီး မွတ်စလင်ကျေးရွာ ၂၂ ရွာရှိ ဆင်းရဲနွမ်းပါးသူတွေအတွက်လည်း အဝတ်အထည်တွေ ထောက်ပံ့ပေးအပ်လိုက်ပါတယ်။

ရခိုင်တွေနဲ့ မွတ်ဆလင်တွေအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေဖို့ အခုလို ထောက်ပံ့လှူဒါန်းပွဲကို အေအေထိန်းချုပ်ရာ အဲလ်ဖာ ၂ စစ်ဒေသမှာ ပြုလုပ်ခဲ့တာလို့ အေအေတပ်ဖွဲ့က ပြောပါတယ်။ 

အေအေ ပြောခွင့်ရသူ ခိုင်သုခက "အဓိက အခုလိုပြုလုပ်ရတာက ရခိုင်နဲ့ မွတ်စလင်တွေအကြား ချစ်ကြည်ရင်းနှီးမှုပိုခိုင်မာလာစေဖို့ ရည်ရွယ်ပြီးပြုလုပ်ရတာဖြစ်တယ်။ သူတို့ရဲ့ပွဲတော်မှာ အပြစ်သား ၈ ဦးကိုလွှတ်ပေးတယ်။ မွတ်စလင် ရွာပေါင်း ၂၂ ရွာက ဆင်းရဲနွမ်းပါသူ အမျိုးသား၊ အမျိုးသမီး ၄၅၀ ဦးကိုလည်း  အဝတ်အထည်တွေ လှူဒါန်းပေးခဲ့တယ်။"လို့ ပြောပါတယ်။

ပြန်လွှတ်ပေးလိုက်သူတွေကတော့  ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း အေအေက ဖမ်းဆီးခဲ့တဲ့ ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်အောင်ဘရွာသား မော်လဝီမာမောက်တာမီ၊ ခေါ်လီမူလ္လာ၊ အာယက်ဖိုယက် ဖုံညိုလိပ် (မွတ်စလင်)ရွာမှ ရော်ဖီးမာမောက်တူဆောင်း၊ ဆွေယောစ်နိုရ်၊ နိုရ်ရူဆာဒိတ်၊ မာမောက်အာယာစ်နဲ့  ရီချမ်းပြင်ရွာသစ်မှ ချုပ်ကူတို့ဖြစ်ကြပါတယ်။

ဘူးသီးတောင် ထိပ်တူးပေါက်ကျေးရွာမှ မွတ်ဆလင်လူကြီးတစ်ဦးက "အခုလို ကျနော်တို့ အစ္စလာမ်ဘာသာရေးပွဲမှာ အပြစ်သားတွေကို လွှတ်ပေးတာ၊ အဝတ်အထည်တွေ ထောက်ပံ့တာတွေဟာ လက်ရှိအချိန်အထိ ရက္ခိုင့်တပ်တော်တခုတည်း လုပ်ပေးတာတွေ့ရသေးတယ်။ ဒီလိုသိရမြင်ရတော့ ဝမ်းလည်းနည်းမိတယ်။ အလွန်မှလည်း ဝမ်းသာမိတယ်။"လို့ ပြောပါတယ်။

အေအေထောက်ပံ့ပေးခဲ့တဲ့ မွတ်ဆလင်ကျေးရွာ ၂၂ ရွာမှာ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ်ထဲက  ကျေးရွာတွေ ဖြစ်ကြကြောင်း ဒေသခံ မွတ်ဆလင်တွေထံက သိရပါတယ်။

အစ္စလာမ်ဘာသာဝင်တွေရဲ့  "ကုရ်ဘာနီအီးဒ်" ပွဲတော်ဟာ အခုနှစ်မှာာ ဇူလိုင် ၁၀ ရက်က ကျရောက်ခဲ့တာဖြစ်ပြီး  ဒီပွဲတော်ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ပွဲတော်လည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013