DVB Logo
Home
မြန်မာသတင်း
ရနောင်းလွှတ်တော်အမတ်၏ဖခင် ပြန်ပေးဆွဲအသတ်ခံရမှု မြန်မာလုပ်သား ၁၅ ဦးဖမ်းဆီးခံရ
DVB
·
July 11, 2022
ရနောင်းလွှတ်တော်အမတ်၏ဖခင် ပြန်ပေးဆွဲအသတ်ခံရမှု မြန်မာလုပ်သား ၁၅ ဦးဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း၊ ရနောင်းခရိုင်မှာ ထိုင်းလွှတ်တော်အမတ်ရဲ့ဖခင်  သက်ကြီးရွယ်အို တယောက် ပြန်ပေးဆွဲ အသတ်ခံခဲ့ရတာနဲ့ ပတ်သက်လို့ မြန်မာအလုပ်သမား ၁၅  ယောက်ကို  သံသယနဲ့ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ရနောင်းခရိုင်၊ ကရပူရီမြို့နယ်၊ ပတ်ကျန်အုပ်စု ဘန့်ဟတ်တွန်ရပ်ကွက်ရှိ ရာဘာခြံတခြံထဲမှာ ဇူလိုင် ၁၀ ရက်မနက်က  အသတ်ခံထားရတဲ့အလောင်း  တလောင်းတွေ့ရှိကြောင်း အကြောင်းကြားလာတဲ့အတွက် တာဝန်ရှိသူတွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ပတ်ကျန်နယ်မြေ ရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောပါတယ်။ 

သေဆုံးသူဟာ အသက် ၈၁ နှစ်အရွယ် နိုင်းထနူးကျိုင်ဒီဖြစ်ပြီး ရနောင်းလွှတ်တော် အမတ်လက်ထောက် နိုင်းထဝပ်ကျိုင်ဒီနဲ့ ပတ်ကျန်အုပ်စုစီမံခန့်ခွဲရေးမှူး နန်းနရစ်မွန်း ဘွန်းချွယ့်တို့ရဲ့ ဖခင် ဖြစ်တယ်လို့ ဆိုပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ မိသားစုဝင်တွေက သူ့အလောင်းကို ရာဘာခြံထဲရှိ နေအိမ်ဘေးက ကျင်းဟောင်းတစ်ခုထဲမှာ တွေ့ရှိပြီး ရဲစခန်းကို အကြောင်းကြားခဲ့ကြောင်း၊ ရဲစစ်ဆေးချက်အရ သေဆုံးသူရဲ့ ဦးခေါင်း၊ လက်နဲ့ ပေါင်တွေမှာ ရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေရှိတယ်လို့ ဆိုပါတယ်။

သေဆုံးသူဟာ ရာဘာခြံထဲမှာပဲ အနေများပြီး အိမ်ကို တခါတလေမှသာ ပြန်လာကာ  မြန်မာအလုပ်သမားတွေနဲ့အတူတူ  နှစ်ပေါင်း  ၂၀ ကျော် နေထိုင်လာတာလို့ သေဆုံးသူရဲ့ သားဖြစ်သူ နိုင်းထဝပ်ကျိုင်ဒီက ပြောပါတယ်။ 

ဒီလ ၈ ရက် နေ့လယ်က ဖခင်အတွက် စားစရာတွေသွားပို့ပေးပြီး လူမတွေ့လို့ အိမ်ရှေ့မှာ ချိတ်ဆွဲထားပေးခဲ့ကြောင်း၊ ၉ ရက်နေ့က ဖခင်ဆီ တယ်လီဖုန်းဆက်တာ အဆက်အသွယ်မရ တော့လို့ ခြံကိုလိုက်လာပြီး မြန်မာအလုပ်သမားတွေကို မေးကြည့်ရာမှာ ၉ ရက်နေ့ မနက်ကတည်းက ဆေးခန်းသွားမယ်ဆိုပြီး ဆိုင်ကယ်တစီးက လာကြိုသွားတယ်လို့ ဖြေပါတယ်။ 

၉ ရက်နေ့ မွန်းလွဲပိုင်းလောက်မှာတော့ သေဆုံးသူရဲ့ မြေးဖြစ်သူရဲ့ တယ်လီဖုန်းထဲကို မက်ဆေ့ချ်တခုဝင်လာပြီး နိုင်းထနူးကျိုင်ဒီကို သူတို့ပြန်ပေးဆွဲထားကြောင်း၊ ပြန်လွှတ်ပေးစေချင်ရင် ဘတ်ငွေ ၈ သိန်းနဲ့ လဲရမယ်လို့ ဆိုပါတယ်။

အဆိုပါဖုန်းကို ဆက်သွယ်ရာမှာ တဘက်က ဘာမှပြန်မပြောဘဲ ခဏအကြာ ဘတ်ငွေ ၁ သန်းကို လေဟာပြင်ဈေးနားလာပို့ပေးဖို့ မြန်မာလို ရေးလာကြောင်း၊ အဆိုပါလေဟာပြင်ဈေးမှာ မြန်မာနိုင်ငံ ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ရဲ့ မျက်နှာချင်းဆိုင်မှာရှိတယ်လို့ ဆိုပါတယ်။

သားဖြစ်သူကတော့ ဖခင်ပြန်ပေးဆွဲခံရတာကို မယုံကြည်ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အတူ ဖခင်ရဲ့ အိမ်ထဲနဲ့ အနီးတဝိုက်စစ်ဆေးကြည့်ရှုရာမှာ ဖခင်ရဲ့ တောပစ်ပြောင်းရှည်သေနတ် တလက်ပျောက်ဆုံးနေပြီး အိမ်ပြင်ဘက် အုတ်နံရံမှာ သွေးစတွေ ၊ အနီးမှာ ပေါက်ပြား တလက်နဲ့ ဖခင်ရဲ့ တုတ်ကောက်လဲကျနေကြောင်း၊ ၈ ရက်နေ့က သူလာထားသွားတဲ့ စားစရာအထုပ်မှာလည်း နဂို ချိတ်ထားတဲ့အတိုင်း လက်ရာမပျက်ရှိနေလို့  မသင်္ကာတာနဲ့ အိမ်အနီးနားနဲ့ ခြံထဲကိုလှည့်ပတ်ရှာဖွေရာမှာ ကျင်းထဲပစ်ထားတဲ့အလောင်းကို တွေ့ရတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက လမ်းထဲက စီစီကင်မရာတွေကို ပြန်စစ်ဆေးရာမှာလည်း  သေဆုံးသူဆိုင်ကယ်စီးပြီး ထွက်လာတဲ့ ပုံတွေမရှိဘူးလို့ ပြောပါတယ်။ 

ဒါကြောင့် လိမ်လည်ထွက်ဆိုတဲ့ အလုပ်သမားကိုရော အဆိုပါခြံထဲက မြန်မာလုပ်သား ၁၅ ယောက်စလုံးကို ဖမ်းဆီးစစ်ဆေးနေပြီး  အဲဒီခြံထဲက မြန်မာအလုပ်သမား နှစ်ယောက်ကတော့ ထွက်ပြေး လွတ်မြောက်နေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Ref- Thairath

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013