DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြသူတွေကြောင့် ပြည်သူတွေရဲ့ လွတ်လပ်မှု မထိခိုက်ဖို့လို
DVB
·
April 1, 2014
ဆန္ဒပြသူတွေကြောင့် ပြည်သူတွေရဲ့ လွတ်လပ်မှု မထိခိုက်ဖို့လို
Donate to DVB

ဆန္ဒပြသူတွေအနေနဲ့ မိမိတို့ဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိပေမယ့် တခြား ပြည်သူတွေ့ရဲ့ လွတ်လပ်မှုကို အနှောက်အယှက် မဖြစ်စေဖို့နဲ့ စည်းကမ်းရှိရှိ ဆန္ဒထုတ်ဖော်ကြဖို့ လိုတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ တာမွေမြို့နယ်တွင်းက လူများသွားလာနေတဲ့ လမ်းဘေးပလက်ဖောင်းပေါ်မှာ လနဲ့ချီ ဆန္ဒဖော်ထုတ်နေတဲ့ မြေသိမ်းခံရသူတွေကို ရဲလုံခြုံရေးတာဝန်ရှိသူတွေက ဒီကနေ့ မနက်ပိုင်းက မြို့တော်ခန်းမမှာ ခေါ်ယူဆွေးနွေး ပြောဆိုလိုက်တာပါ။

[caption id="attachment_48304" align="alignright" width="400"]မိကျောင်းကန် မြေသိမ်းခံရမှုကြောင့် သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြခဲ့ကြစဉ် မိကျောင်းကန် မြေသိမ်းခံရမှုကြောင့် သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြခဲ့ကြစဉ်[/caption]ဆန္ဒပြသူတွေကြောင့် အများပြည်သူတွေရဲ့လွတ်လပ်ခွင့်တွေကို ထိပါးမှု ရှိနေတဲ့အကြောင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက ဗိုလ်မှူးကြီးတင်ဝင်းက အခုလိုပြောသွားပါတယ်။
“လမ်းဘေး ဆန္ဒပြနေကြတယ်။ ဒီဆန္ဒပြနေတဲ့ နေရာတ၀ိုက်မှာရှိတဲ့ ပြည်သူလူထုအတွက်ကို ပြန်စဉ်းစားပေးဖို့ လိုမှာဖြစ်ပါတယ်။ ကနေ့ ပြည်သူလူထုများဟာ ကိုယ့်အိမ်ရှေ့မှာ နေ့စဉ်နဲ့အမျှ ဆန္ဒပြ အော်ဟစ်နေကြတယ်။ နောက်တခုက အလေးအပေါ့တွေ စွန့်စွန့် သွားကြတယ်။ ဒီပြည်သူလူထုအနေနဲ့ အများကြီး အနှောက်အယှက်ဖြစ်ပါတယ်။ မိမိဆန္ဒကို ဖော်ထုတ်သော်လည်းပဲ တခြားသူရဲ့ လွတ်လပ်ခွင့်ကို သွားပြီး အနှောက်အယှက်ဖြစ်လို့ မရပါဘူး။”

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးချုပ် သူရဘိုနီကလည်း မိမိတို့ရဲ့အခက်အခဲနဲ့ မိမိတို့ရဲ့ဆန္ဒတွေကို တင်ပြတဲ့အခါမှာ စည်းကမ်းတကျ ဆန္ဒပြတာဟာ အကောင်းဆုံးဖြစ်တယ်လို့ အခုလိုပြောပါတယ်။

“ကျနော်တို့ နိုင်ငံရဲ့ သွားတဲ့လမ်းကြောင်းဟာ ဒီမိုကရေစီ လူ့အသိုင်းအ၀ိုင်းနဲ့ နိုင်ငံတကာ အဆင့်နဲ့ ညီအောင် ဆောင်ရွက်လာတဲ့အခါမှာ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ဆွေးနွေးခွင့်၊ နောက်တခုက မိမိဆန္ဒကိုလည်း ခွင့်ပြုချက်နဲ့ တင်ပြနိုင်ခွင့်ကို ခွင့်ပြုချက်နဲ့ တင်ပြနိုင်ခွင့်ကို ပြုလာခဲ့တဲ့ အခြေအနေဖြစ်လာပါတယ်။ ပြည်သူလူထုများအနေနဲ့ မိမိတို့ရဲ့ အခက်အခဲများ မိမိတို့တင်ပြချင်တဲ့ဟာများကို တင်ပြတဲ့အခါမှာ စည်းကမ်းတကျလုပ်တဲ့စနစ်ကို ပြုလုပ်တာက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ်ပါတယ်။”

တာမွေမြို့နယ်မှာရှိတဲ့ မြန်မာဂုဏ်ရောင်အိမ်ရာဝန်းက အိမ်ခြေ ၇၇၀ ကို ရေတပ်စစ်တန်းလျား ဆောက်ရန်အတွက် ၁၉၉၄ ခုနှစ်က ဖယ်ရှားခဲ့ပြီးနောက်ပိုင်းမှာ ဝါဝါဝင်းကုမ္ပဏီက အိမ်ရာ စီမံကိန်း ဆောက်လုပ်ခဲ့တာပါ။

အခု အစိုးရသစ်ပြောင်းချိန်မှာ ဒီမြေသိမ်းမှုကြောင့် ဆုံးရှုံးခဲ့ရမှုအတွက် လျော်ကြေးပေးဖို့ မူလမြေပိုင်ရှင်တွေက နှစ်လကျော်ဆန္ဒပြအပြီး အစိုးရတာဝန်ရှိသူတွေ့က အခုလို ခေါ်ယူ ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြသူတွေ့ဘက်တော့ အစိုးရတာဝန်ရှိသူတွေက တစုံတရာရှင်းပေးခြင်း မရှိတဲ့အတွက် ခုလို ရက်ရှည်လများ ဆန္ဒပြနေတာဖြစ်တယ်လို့ ဒေါ်လုံမက ပြောပါတယ်။
“ကျမတို့က နေပူခံပြီးတော့ အသနားလာခံတာ အဆင့်ဆင့်တင်ပြခဲ့ပြီးပြီ။ ၂၂ ရက် ၃ လပိုင်း ၂၀၁၄ ခုနှစ်က ဦးအောင်သိန်းလင်းက ကျမတို့ဆီလာတယ်။ ဦးအောင်သိန်းလင်းက လွှတ်တော်ပြီးရင် ရုံးကို ခေါ်ပြီး ညှိနှိုင်းပေးပါ့မယ်ဆိုပြီး မညှိနှိုင်းပါဘူး။ မတ်လ ၃၀ ရက်နေ့ကလည်း သမ္မတကြီးလက်ထဲကို စာပေးခဲ့ပါတယ်။ ကျမတို့က အသနားခံတာပါ။ ကိုယ့်ရသင့် ရထိုက်တဲ့ အခွင့်အရေးကို အသနားခံတာပါ။ နိုင်ငံတော်က အဆုံးအဖြတ်ပေးတဲ့ အဖြေကိုပဲ ကျမတို့ နာခံတာပါ။”

ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကတော့ ယခင်အစိုးရလက်ထက်က ဖြစ်ခဲ့တဲ့ ကိစ္စတွေ့ကို အစဖော် ဖြေရှင်းဖို့ အခက်ခဲရှိပြီး သက်ဆိုင်ရာက အထောက်ထားတွေ့နဲ့ ဖြေရှင်းပေမယ့်အကြောင်း ထိုက်တန်တဲ့ လျှော်ကြေးရရှိတဲ့အထိ ကုမ္ပဏီနဲ့ ဆွေးနွေး ပေးမည်ဖြစ်ပြီး ဆန္ဒပြသူတွေ့အတွက် ဆန္ဒပြဖို့ နေရာတွေကိုလည်း သတ်မှတ်ပေးသွားမယ်လို့ ပြောကြားသွားပါတယ်။

ဒီကနေ့ အာဏာပိုင်တွေနဲ့ တွေဆုံအပြီးမှာတော့ မြန်မာဂုဏ်ရောင်အိမ်ရာက ဆန္ဒပြသူတွေ့ဟာ သပိတ်စခန်းကို ပိတ်သိမ်းပြီး မိမိတို့ နေထိုင်ရာ ဒဂုံဆိပ်ကမ်းမြို့နယ်ကို ပြန်ဖို့ ဆုံးဖြတ်ထား တယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013