DVB Logo
Home
မြန်မာသတင်း
သမီးကလေးကျေးရွာသားတချို့ ဒီကေဘီအေနယ်မြေမှာ သွားနေမည်
DVB
·
April 1, 2014
သမီးကလေးကျေးရွာသားတချို့ ဒီကေဘီအေနယ်မြေမှာ သွားနေမည်
Donate to DVB

စစ်တပ်ပိုင်မြေမှာ ကျူးကျော်တယ်ဆိုပြီး ဖယ်ရှားခံရတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးလေးရွာအပါအ၀င် ဖျက်စီးခံရတဲ့ရွာက ရွာသားသုံးရာခန့်ဟာ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) နယ်မြေမှာ ပြောင်းရွေ့နေထိုင်မှာဖြစ်ပါတယ်။

သမီးလေးကျေးရွာအပါအ၀င် ဖျက်စီးခံခဲ့ရတဲ့ ကျေးရွာတွေက ရွာသူရွာသား ၃၀၀ ကျော် မနက်ဖြန် ဧပြီလ ၂ ရက်နေ့မှာ သူတို့ခိုလှုံနေတဲ့ ယာယီဒုက္ခသည်စခန်းကနေ ဒီကေဘီအေ ထိမ်းချုပ်နေရာ ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်နဘေးက ကျေးရွာတရွာကို သွားရောက်ကြမှာဖြစ်ပါတယ်။

[caption id="attachment_54254" align="alignright" width="450"]သမီးလေးကျေးရွာကို အာဏာပိုင်တွေက ၀င်ရောက် ဖျက်ဆီးခဲ့စဉ် သမီးလေးကျေးရွာကို အာဏာပိုင်တွေက ၀င်ရောက် ဖျက်ဆီးခဲ့စဉ်[/caption]သူတို့တတွေကို ဒီကေဘီအေအဖွဲ့က ကနဦးပိုင်းခေါ်ဆောင်စဉ်က အစိုးရဘက်က တစုံတရာစီစဉ် ပေးမှုကိုမျှော်လင့်ပြီး လိုက်ပါဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ ဒါပေမယ့် အစိုးရဘက်က ဆက်လက် လျစ်လှူရှုထားတာကြောင့် မိုးမကျမီ လုံလုံခြုံခြုံနေထိုင်နိုင်မယ့်နေရာမှာ သွားရောက် နေထိုင်ဖို့ ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ အင်းပုတီးရွာသား ကိုမျိုးမင်းထွန်းက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ဗျာ ကိုယ်လုပ်စားကိုင်စားနေတဲ့နေရာကနေ ဘယ်သူမှ စွန့်ခွာပြီးတော့ မသွားချင်ဘူး။ အခုသွားတယ်ဆိုတာကလည်း ပျော်လို့ မဟုတ်ဘူး။ မလွှဲသာလို့သာ သွားကြတာပေါ့။ ဖြစ်နိုင်လို့ရှိရင် ကျနော်တို့နေရာမှာ ကျနော်တို့ ပြန်လိုချင်တယ်။ သူတို့က အခုနေအခါမှာ ပေးမယ်လို့သာ ပါးစပ်က ပြောပြီး တိကျရေရာတဲ့ အဖြေတခု ဒီနေ့အချိန်အထိ မထုတ်သေးတဲ့အတွက်ကြောင့် မိုးကာလက အရမ်းနီးနေပြီ။ ကျနော်တို့ တောသူ တောင်သားလက်ထဲမှာလည်း အမိုးတချပ်မရှိ ၀ါးတချောင်းမရှိ ဘ၀တွေ များတယ်။ အဲဒါကြောင့် ဟိုဘက်က ကူညီတဲ့ ဘက်ကို သွားရတာဖြစ်တယ်။ ဖြစ်နိုင်ရင် ကျနော်တို့နေရာမှာပဲ ကျနော်တို့ နေချင်တာပေါ့ဗျာ။”

ပြောင်းရွှေ့လိုက်ပါမယ့် မိသားစုပေါင်း ၁၀၀ လောက်ရှိပြီး လူဦးရေ စုစုပေါင်း ၃၀၀ သွားရောက်ဖို့ရှိ တယ်လို့ ဒီကေဘီအေခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။

သမီးလေးကျေးရွာအပါအ၀င် ဒုက္ခရောက်နေတဲ့ ကျေးရွာသူကျေးရွာသားတွေကို အခုလို ဒီကေဘီအေနယ်မြေထဲနေရာချပေးတာဟာ လူသားခြင်းစာနာထောက်ထားတဲ့အနေအထားတဲ့ လုပ်ဆောင်တာဖြစ်ပြီး တခြားဘာရည်ရွယ်ချက်မှာမရှိကြောင်းလည်း ဗိုလ်မှူးဆန်းအောင်က ပြောပါတယ်။
“ဆာလောင်မွတ်သိပ်ပြီး ငတ်ပြတ်နေတဲ့ မိသားစုကို ကျနော်တို့ ကူညီတာပဲ ဖြစ်တယ်။ အနေမဲ့ အခိုမဲ့ ကြာလာရင် ငတ်ပြတ်သွားမယ်။ သူတို့အတွက် မကောင်းဘူးဆိုရင် ကျန်တဲ့အနာဂတ်မှာ ကိုယ့်တိုင်းပြည်အတွက်လည်း မကောင်းဘူးပေါ့ဗျာ။ ကျနော်တို့က ၀ိုင်းပြီး ကူညီတာပဲ ရှိတယ်။ ကျနော့်ကို ဆက်သွယ်လာလို့ ကျနော် စီမံတာပဲ ရှိပါတယ်။”

ပြောင်းရွှေ့လာမယ့် အိမ်ထောင်စုတွေကို ကရင်ပြည်နယ် မြ၀တီမြို့နယ် ကျောက်ခက် ကျေးရွာမှာ နေရာချထားပေးမှာဖြစ်တယ်လို့ ပြောပါတယ်။
“သူတို့ ရောက်တာနဲ့ သူတို့နေရာမယ့်နေရာ ပြပေးမယ်။ သူတို့လိုတဲ့ ဖက်တွေ သစ်၊ ၀ါးတွေ ပြပေးမယ်။ သယ်တာတော့ ကျနော်တို့ ၀ိုင်းသယ်ပေးမှာ ပေါ့နော်။ လောလောဆယ် သူတို့ အိမ်ဆောက်နေတဲ့ ကာလမှာ ကျနော်တို့ ထမင်းကြွေးမယ်။ ကျောက်ခက်ရွာနယ်မြေ အနေအထားကလည်း နယ်ပေါင်းစုံ၊ ရွာပေါင်းစုံက လာနေတဲ့ သူတွေပဲလေ။”

ဒီကေဘီအေ အနေနဲ့ ဒီကနေ့မှာ ၁၂ ဘီကား ၅ စီးနဲ့ သွားကြိုနေကြောင်းနဲ့ မနက်ဖြန် မနက်ပိုင်းမှာ ရန်ကုန်ကနေစတင် ထွက်ခွာပြီး မနက်ဖြန်ညနေပိုင်းမှာ ကောကရိတ်မြို့ကိုရောက် မှာဖြစ်ပြီး ရောက်တဲ့အခါ ရွာသားတွေကို ကြိုဆိုပွဲလုပ်ပေးမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက တပ်ပိုင်နယ်မြေဆိုပြီး လှည်းကူးမြို့နယ် သမီးကလေး၊ အုတ်ဖို၊ အင်းပုတီး၊ လတ်ကျိုက်၊ ထီးပနာ၊ တောင်လုံးမြောင်၊ ထော်ကာလေ စတဲ့ ရွာပေါင်း ၆ ရွာ ဖျက်စီးခံခဲ့ရပါတယ်။

ဒေသခံတွေအနေနဲ့ အစောပိုင်းမှာ ရွာဖျက်ခံရလို့ ဘုန်းကြီးကျောင်းမှာ ခိုလုံခဲ့ကြပြီး နောက်ပိုင်း ဘုန်းကြီးကျောင်းပါ ဖျက်ခံရတဲ့အတွက် တောတွင်းမှာ လိုက်လံနေထိုင်ကြပြီး စေတနာရှင်တွေကလှူတဲ့ အလှူနဲ့ပဲ နေ့စဉ် စားသောက်ကြရတယ်လို့ ရွာသားတွေက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013