
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အမြင့်မြို့ဟောင်းကို ဇူလိုင် ၃ ရက် ညနေ ၅ နာရီခွဲလောက်မှာ နမခ စစ်တပ်ဌာနချုပ်ကနေ ဂျိုင်ရိုကာ်ပတာ ၃ စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် ၄ နှစ်အရွယ် မိန်းကလေးတယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမြင့်ရွာသူတယောက်က “ဘာတိုက်ပွဲမှ မရှိပါဘူး။ အကြောင်းမဲ့သက်သက်ကြီးကို လာကြဲချတာ။ ကြဲချတဲ့နေရာက အမြင့်မြို့၊ နတ်ကြီးရပ်ကို လာချသွားတာ။ လာတာက ၃ စီးပေါ့။ တစီးက နတ်ကြီးရပ်ကွက်ကို လာချတယ်။ နောက်ထပ်တစီးက အနိမ့်ရွာအနီးကို ကြဲချတယ်။ နောက်ထပ်တစီးက ဆားလင်းကြီးမြို့နယ်ဘက်ကို ကြဲတာ။ အဲဒီ ၃ နေရာစလုံးမှာ နတ်ကြီးရပ်ကွက်ထဲချတဲ့ အလုံးက မိန်းကလးငယ်တဦး ကျည်စထိမှန်တယ်။ ထိမှန်တဲ့ ကလေးက ၄ နှစ်ခန့်ရှိတဲ့ အမည် အိထိပ်ထားစံ ဆိုတဲ့ကလေးမလေး၊ ကျည်ထိမှန်ခဲ့တယ်” လို့ ပြောပါတယ်။
အခုလို ဂျိုင်ရိုကော်ပတာ နဲ့ ဗုံကြဲလို့ လူနေအိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ချောင်းဦးပကဖ ရဲဘော်တယောက်က “ရန်သူက ရန်သူအလုပ် အပီအပြင်လုပ် နေတာ အကိုတို့လည်းအမြင်ပဲ။ ကျနော်တို့ တော်လှန်ရေးရဲဘော်တွေကလည်း ဟိုပြဿနာဖြစ်လိုက်၊ ဒီပြဿနာဖြစ်လိုက်နဲ့ဆိုတော့ စခဘက်က ထင်သလို လုပ်တာ ကိုယ့်ဘက်က ခံရမှာပဲ။ နောက်ပြီး မုံရွာပလဖအဖွဲ့တွေ အသတ်ခံရပြီး မုံရွာပလဖဘက်မှ ရန်သူဘက်ကို ကူးပြောင်းသူတွေလည်း ရှိတယ်။ အဲဒါတွေကနေ အခုလို အဆက်ဆက်နဲ့လာကြဲတာလည်း ဖြစ်နိုင်တယ်။ နောက်ဆုံး ဖြည့်စွက်အနေနဲ့ တော်လှန်ရေးရဲဘော်အချင်းချင်း တူမီးခေတ်ကလို စည်းစည်းလုံးလုံးနဲ့ ဖြစ်စေချင်ပါတယ်” လို့ ပြောပါတယ်။
အမြင်မြို့ဟောင်းဟာ ချောင်းဦးမြို့အနောက်မြောက်နဲ့ မုံရွာမြို့အနောက်တောင်ဘက် ချင်းတွင်းမြစ်ကမ်းဘေးမှာ တည်ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။
စစ်သင်္ဘောတွေကလည်း ချင်းတွင်းမြစ်အတိုင်း ဇူလိုင် ၃ ရက်နေ့ကတည်းက မုံရွာမြို့ဘက်ကို ဆန်တက်လာနေတာကြောင့် ဒေသခံအများစု နေရပ်စွန့်ခွာနေကြရတယ်လို့ သိရပါတယ်။











