
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် DKBA ထိန်းချုပ်ဒေသရှိ ကျားဖြန့်စခန်းမှ နိုင်ငံခြားသား ၁၃ ယောက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ်ဘက်ကို လွတ်မြောက်လာပြီး နောက်ထပ် ၅, ၀၀၀ လောက် ကျန်ရှိနေသေးတယ်လို့ ဇွန် ၃၀ ရက် Thai PBS သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ ၁၃ ယောက်မှာ အာဖရိက၊ ကင်ညာ၊ ကင်မရွန်၊ ရဝမ်ဒါ၊ နိုင်ဂျီးရီးယား၊ ဇင်ဘာဘွေ၊ ယူဂန္ဓာ စတဲ့နိုင်ငံတွေက ဖြစ်ပြီး ဒီမတိုင်ခင်က သူတို့ကို ကယ်ဆယ်ပေးဖို့ ထိုင်းအခြေစိုက် လူကုန်ကူးမှု ၏တိုက်ဖျက်ရေး အရပ်ဘက်အဖွဲ့အစည်းထံ အကူအညီတောင်းခံခဲ့တယ်၊ အဖွဲ့အစည်းက DKBA တာဝန်ရှိသူတွေထံ ဆက်သွယ်အကူအညီတောင်းတာကြောင့် တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ် တာဝန်ရှိသူထံ ပြန်အပ်နှံပေးခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ကို ဖုပ်ဖရရဲစခန်းမှာ ထိန်းသိမ်းထားပြီး လဝက ဥပဒေနဲ့ အရေးယူခံရဖို့ ရှိနေတယ်။ ဒါပေမဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး အရပ်ဘက်အဖွဲ့အစည်းကတော့ သူတို့ဟာ လူကုန်ကူးခံရတဲ့ သားကောင်တွေသာဖြစ်လို့ တာ့ခ်ခရိုင် စိစစ်ရေးစခန်းကနေတဆင့် ဘန်ကောက် ဒွန်းမောင်းလေဆိပ်ရှိ ထိန်းသိမ်းရေးစခန်းဆီ ဆက်လက်ပို့ပေးဖို့ အဆိုပြုထားတယ်။
အဲဒီစခန်းမှာ လဝကရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေးအဖွဲ့ အတူရှိပြီး သက်ဆိုင်ရာ နိုင်ငံခြား သံရုံးတာဝန်ရှိသူတွေပါ တပြိုင်တည်း လာရောက် စစ်ဆေးနိုင်မယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဖုပ်ဖရ ရဲစခန်းကနေ မဲဆောက် လူကုန်ကူးမှုစိစစ်စောင့်ရှောက်ရေးစခန်းမှာ ရောက်ရှိနေပြီလို့ ဆိုပါတယ်။
သူတို့ ၁၃ ယောက်ဟာ မြဝတီမြို့နယ်ရှိ ကျားဖြန့်စခန်း ၂ ခုကနေ လွတ်မြောက်လာတာဖြစ်ပြီး စခန်းတွင်းရှိစဉ် အတင်းအဓမ္မ ကျားဖြန့်လုပ်ငန်း ခိုင်းစေခံရတယ်၊ မလုပ်ရင် ရိုက်နှက်နှိပ်စက်ခံရတာတွေရှိလို့ ဒဏ်ရာကိုယ်စီ ရလာကြတယ်၊ အဲဒီထဲက တစ်ဦးဆိုရင် လက်သန်းပြတ်သွားတဲ့ထိ နှိပ်စက်ခံထားရတယ်လို့ ဆိုပါတယ်။
မြဝတီခရိုင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ထိန်းချုပ်နယ်မြေက ကျားဖြန့်စခန်းတွေမှာ နောက်ထပ် လူပေါင်း ၅,၀၀၀ ခန့် ကျန်နေသေးတယ်လို့ လွတ်မြောက်လာသူတွေက ပြောကြောင်း သတင်းမှာ ဖော်ပြပါတယ်။
Source : Thai PBS











