DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံရှိ ဂျပန်ဆူဇူးကီးကားစက်ရုံ ကားထုတ်လုပ်မှု ယာယီရပ်ဆိုင်း
DVB
·
July 7, 2022
မြန်မာနိုင်ငံရှိ ဂျပန်ဆူဇူးကီးကားစက်ရုံ ကားထုတ်လုပ်မှု ယာယီရပ်ဆိုင်း
Donate to DVB

မြန်မာနိုင်ငံမှာ SKD စနစ်နဲ့ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ ဂျပန်ကားကုမ္ပဏီကြီး  ဆူဇူးကီး မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံဟာ ပစ္စည်းတင်သွင်းရ ခက်ခဲလာလို့ လတ်တလောမှာ ကားထုတ်လုပ်မှုကို ယာယီရပ်ဆိုင်းထားတဲ့အကြောင်း Suzuki Myanmar Motor  ကုမ္ပဏီက  တရားဝင်ထုတ်ပြန် ပြောပါတယ်။

Suzuki Myanmar Motor  က အခုလို တရားဝင်ထုတ်ပြန်မှု မရှိခင် အစောပိုင်းမှာ Pre Order စနစ်နဲ့ ဝယ်ယူဖို့ အဆိုပြုထားတဲ့ customer နဲ့ dealership လုပ်ငန်းလိုင်စင်ရ အရောင်းသမားတို့ အကြားမှာ လုပ်ငန်းပိုင်းဆိုင်ရာ အဆင်မပြေတွေ ရှိခဲ့ပါတယ်။

ဆူဇူကီးကား ကြိုတင်မှာယူစနစ်နဲ့ ဝယ်ဖို့ အဆိုပြုထားတဲ့ customer တဦးက “ကျနော်ဆိုရင် လုပ်ငန်းသုံးဖို့ Suzuki carry light truck  ကို Pre Order စနစ်နဲ့ ဝယ်ဖို့ Suzuki showroom မှာ ဖေဖော်ဝါရီလ ကတည်းက စရံငွေ ပေးထားတာနော်။ ဒါပေမဲ့ ကားအပ်နှံရမယ့် အချိန်လည်းဖြစ် ကားဈေးကလည်း တက်လာတဲ့အခါ ကားမအပ်တော့ဘဲ စရံငွေ ပြန်လာထုတ်ဖို့ဆိုပြီး ဆက်သွယ်လာတော့ ကျနော်တို့က နစ်နာတာပေါ့ဗျာ။ အဲ့အချိန်တုန်းက သူတို့သတ်မှတ်ထားတဲ့ ကားတန်ဖိုးက ၁၇၉ သိန်း ရှိပြီး အခွန်အခ အားလုံးအပြီးအစီးဆိုရင် ၁၈၇ သိန်းဝန်းကျင်ဘဲ ရှိတယ်။ အခု အဲ့ဒီ့ကားက ဈေးကွက်ထဲမှာ သိန်း ၂၂၀ ကျော်နဲ့ အရောင်းအဝယ် ဖြစ်နေတာဆိုတော့ customer ဘက်က နစ်နာတာ ပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

Dealership လုပ်ငန်းလိုင်စင်ရရှိထားတဲ့ showroom ပိုင်ရှင်တဦးက “ကျနော်တို့ သိရတာက ထုတ်လုပ်ခွင့် ပါမစ်မရလို့ စက်ရုံကို ယာယီရပ်နားထားရတယ်။ ဒီ့အတွက် လာမည့် ၁၅ ရက်နေ့မှာ Suzuki စက်ရုံက သူတွေ နဲ့ ဒီဘက်က dealership လိုင်စင်ယူထားတဲ့ showroom သမားတွေ တွေ့ဆုံပြီး အစည်းအဝေးလုပ်ဖို့ ရှိပါတယ်။ ဒီအစည်းအဝေးကနေ အဖြေတိတိ ကျကျ သိရမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာတော့ ဒီသက်ရောက်မှုကြောင့် ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ Suzuki စက်ရုံထုတ်ကားတွေဖြစ်တဲ့ Ertiga အမျိုးအစား ရန်ကုန်လိုင်စင် 2S အက္ခရာတန်းက ကျပ် သိန်း ၆၃၀ ၊ Ciaz အမျိုးအစား ရန်ကုန်လိုင်စင် 2S အက္ခရာတန်းက သိန်း ၅၀၀ နဲ့ Swift အမျိုးအစား 2S အက္ခရာတန်းက သိန်း ၃၈၀ နဲ့ အရောင်းအဝယ် ရှိနေပါတယ်။

ပြည်တွင်းမှာ SKD (Semi Knocked Down) စနစ်နဲ့ ထုတ်လုပ်ပြီး ရောင်းချနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ ပြုပြင်ထိန်း သိမ်းရေးအတွက်လိုအပ်တဲ့ spare past ပစ္စည်း ရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်လာရတာနဲ့အမျှ ဒီကားတန်ဖိုးကလည်း ပြုတ်ကျလာလိမ့်မယ်လို့ ဝယ်ရောင်းသမားတွေက ခန့်မှန်းပြောပါတယ်။

ဝါရင့်ကားဝယ်ရောင်းသမားတဦးက “ဒီဟာက spare part ပြဿနာကို အရင်ဆုံး ရင်ဆိုင်ရလိမ့်မယ်။ ဘာလို့ဆို သူက လိုတဲ့ spare part ကို စက်ရုံကပဲ ပေးနိုင်တာ။ အပြင်က ဝယ်လို့မရဘူး။ အဲ့ဒီ့ပြဿနာကို စပြီး ရင်ဆိုင်ရပြီဆိုရင် အဲ့ကားတွေက ဈေးကွက်ထဲမှာ ဈေးကျတာတွေ ဖြစ်လာလိမ့်မယ်။ အကြောင်းရင်းက ပြုပြင်ထိန်းသိမ်းမှုကို မလုပ်နိုင်တော့လို့။ နောက်တခု ဖြစ်လာနိုင်ခြေရှိတာက တခြားနိုင်ငံကနေ spare part ကို လှည့်သွင်းမယ်ဆိုရင် ဈေးက ဒီ့ထက် များလာနိုင်တယ်။ ဆိုတော့ အဓိက ပြဿနာက spare part ကို after service မှာ မလိုက်နိုင်ရင် SKD ထုတ်ကားတွေက သွားမှာနော်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆူဇူးကီးကားစက်ရုံဟာ မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၅ ခုနှစ် ကတည်းက စတင်ဝင်ရောက်ခဲ့တာဖြစ်လို့ ယခုဆိုရင် ၇ နှစ် ရှိပြီ ဖြစ်ပါတယ်။ ကားဝယ်ရောင်းဈေးကွက်အတွင်းမှာလည်း  စက်ရုံထုတ်  Ertiga ၊ Ciaz နဲ့ Swift အမျိုးအစား လူစီးယာဉ်တွေ အပြင် လုပ်ငန်းသုံး Carry light truck အမျိုးအစားတို့က လူကြိုက်များတဲ့ စာရင်းထဲမှာ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013