DVB Logo
Home
မြန်မာသတင်း
SNLD ပါတီစာရင်းများကို စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်စစ်ဆေး
DVB
·
July 6, 2022
SNLD ပါတီစာရင်းများကို စစ်ကောင်စီဩဇာခံ ရွေးကောက်ပွဲကော်မရှင်စစ်ဆေး
Donate to DVB

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ စာရင်းတွေကို စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စစ်ဆေးပြီးစီးသွားပြီဖြစ်တယ်လို့ ပါတီတာဝန်ရှိသူက  အတည်ပြုပြောပါတယ်။ 

ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့  SNLD ပါတီတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်ကနေ ဇူလိုင် ၂ ရက်နေ့အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ သုံးရက်ကြာ တွေ့ဆုံပြီး စာရင်းစစ်ခဲ့တာပါ။ 

ဒီမတိုင်ခင် ကော်မရှင်က SNLD ပါတီရဲ့ စာရင်းတွေကို  သူတို့ရုံးမှာ လာရောက်အစစ်ခံဖို့ ညွှန်ကြားထားပေမယ့် SNLD ကတော့ လုပ်ထုံးလုပ်နည်းအရ ကော်မရှင်ဘက်ကသာ ပါတီရုံးမှာ လာရောက်စစ်ဆေးရမှာဖြစ်လို့ သွားရောက်အစစ်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။ ကော်မရှင်ဘက်ကလည်း သတ်မှတ်ရက်အတွင်းလာပြီးအစစ်မခံရင် ပါတီရုပ်သိမ်းခံရမယ့်အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးတော့ နှစ်ဘက်ညှိနှိုင်းပြီး တောင်ကြီးမြို့မှာပဲ တွေ့ဆုံစစ်ဆေးခဲ့ကြောင်း ၊ စစ်ဆေးမှု မှာလည်း ဘာပြဿနာမှမရှိခဲ့ဘူးလို့ SNLD ပြောရေးဆိုခွင့်ရှိသူ စိုင်းကျော်ညွန့်က ဒီဗွီဘီကို ပြော ပါတယ်။ 

“ကျနော်တို့ နှစ်ဘက် ညှိနှိုင်းပြီးတော့ တောင်ကြီးမှာပဲ တွေ့လိုက်ကြတာပါ၊  ဘာတွေစစ်ဆေး သလဲဆိုတော့ အဓိကအားဖြင့် နည်းဥပဒေမှာ ပြဋ္ဌာန်းထားတာတွေရှိတယ်၊ အဲဒီထဲကနေ ထုတ်နုတ်ပြီးတော့ အကြမ်းဖျင်းအချက်ပေါင်း ၂၂ ချက်လောက် စစ်ဆေးပါတယ်။ ပါတီဝင်အင်အားစာရင်းတို့၊ ပါတီဖွဲ့စည်းပုံစည်းမျဉ်းတို့ ချာတာတို့ပေါ့။ ဒါတွေ တော်တော်များများက ကျနော်တို့ရှိပြီးသားပါ။ ငွေကြေးကို ဘယ်လိုသုံးစွဲသလဲ၊ ရွေးကောက်ပွဲ အသုံးစရိတ်ကို ဘယ်လိုလုပ်လဲ၊  လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းအသုံးစရိတ်က ဘယ်လိုလဲ။ ပါတီပိုင်စီးပွားရေးလုပ်ငန်း ရှိသလားပေါ့။ ပါတီပိုင်စာရင်းဇယားတွေ ဘယ်လိုထားသိုသလဲပေါ့၊ ထွေထွေထူးထူး ဘာမှတော့မရှိပါဘူး။ ကျနော်တို့ ကိုယ်စားလှယ်လောင်း ၁၂၈ ဦးထဲမှာ ၁ ဦးပဲ ရွေးကောက်ပွဲကုန်ကျစရိတ်တင်ဖို့ ပျက်ကွက်ခဲ့တယ်။ သူက နယ်စွန်နယ်ဖျားကဆိုတော့ အဆက်အသွယ်ပြတ်နေတယ်။ အဲဒါလည်း ကော်မရှင်လုပ်ထုံးလုပ်နည်းနဲ့ ဆက်လုပ်သွားမှာပါ။ စာရင်းဇယားလုပ်တာ ကျနော်တို့က ပရော်ဖက်ရှင်နယ် မဟုတ်တော့ လိုအပ်တာလေးတွေ သူတို့ထောက်ပြတယ်။ ဒါလောက်ပါဘဲ၊ ဘာမှအခက်ခဲမရှိပါဘူး။”

တွေ့ဆုံစစ်ဆေးမှုမှာ ရွေးကောက်ပွဲကော်မရှင်ဘက်က တာဝန်ရှိသူ နှစ်ယောက်၊ သတင်းတပ်ဖွဲ့က နှစ်ယောက် စုစုပေါင်း လေးယောက်တက်ရောက်ပြီး  SNLD ဘက်ကလည်း အထွေထွေအတွင်းရေးမှူး ၂ စိုင်းကျော်ညွန့်အပါအဝင် အဖွဲ့ဝင် လေးယောက် တက်ရောက်ခဲ့ပါတယ်။

စစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့တော့ ရွေးကောက်ပွဲက ဘယ်တော့ လုပ်မယ်မသိ၊ လုပ်မလား မလုပ်ဘူးလားဆိုတာ မသိသေးဘဲနဲ့ ဘာမှမှတ်ချက်ပေးစရာမရှိကြောင်း၊ ပါတီစာရင်းစစ်ဆေးတာနဲ့ ရွေးကောက်ပွဲလည်း သက်ဆိုင်ခြင်းမရှိသလို SNLD ပါတီထဲမှာလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာမှပြောဆိုဆွေးနွေးတာမရှိဘူးလို့ စိုင်းကျော်ညွန့်က ပြောသွားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲသစ်ကို အသိအမှတ်မပြုသလို တရားမဝင် စစ်ကောင်စီခန့်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေဟာလည်း တရားမဝင်ဘူးလို့ ကြေညာထားပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် မူလရွေးကောက်ပွဲ ကော်မရှင်တာဝန်ရှိသူတွေကို ဖမ်းဆီးတရားစွဲထားပြီး  သူ့ဩဇာခံတွေပါဝင်တဲ့ နောက်ထပ် ကော်မရှင်အသစ်တခု ထပ်မံဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013