DVB Logo
Home
မြန်မာသတင်း
အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသားသမဂ္ဂများ ဆန္ဒပြ
DVB
·
March 31, 2014
အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသားသမဂ္ဂများ ဆန္ဒပြ
Donate to DVB

လွှတ်တော်မှာ တင်သွင်းထားတဲ့ အမျိုးသား ပညာရေးဥပဒေကြမ်းဟာ ဗဟိုချုပ်ကိုင်မှုတွေများတဲ့ အတွက် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ လှုပ်ရှားမှုတွေကို တက္ကသိုလ်ကျောင်းသား သမဂ္ဂတွေ အပါအ၀င် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က လုပ်ဆောင်နေပါတယ်။

အမျိုးသား ပညာရေး ဥပဒေကြမ်းကို ဖော်ပြခဲ့ပြီးတဲ့နောက် ဒီဥပဒေကို ကန့်ကွက်တဲ့ ကျောင်းသား ပြည်သူများကို အခြေမခံသော ပညာရေး ဥပဒေကြမ်းကို ဆန့်ကျင်ကန့်ကွက်ကြဆိုတဲ့ လှုပ်ရှားမှုတွေ အခု ရက်ပိုင်းအတွင် ဆက်တိုက် လုပ်ဆောင်နေပါတယ်။

[caption id="attachment_54190" align="alignleft" width="400"]ဓာတ်ပုံ - Y.I.Eco Students' Union ဓာတ်ပုံ - Y.I.Eco Students' Union[/caption]

စာမေးပွဲဖြေနေဆဲ ကျောင်းတွေမှာ စတစ်ကာကပ်တဲ့ လှုပ်ရှားမှုတွေနဲ့ စာမေးပွဲဖြေ ပြီးသွားရင်လည်း လှုပ်ရှား မှုတွေ ဆက်တိုက်လုပ်ဆောင်နေမှာ ဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီ အတွင်းရေးမှူး မဖြိုးဖြိုးအောင်က ပြောပါတယ်။

ဥပဒေကြမ်းမှာ အမျိုးသား ပညာရေးကောင်စီဆိုတဲ့ အဖွဲ့ကို ထည့်သွင်းထားသလို လွတ်လပ်တဲ့ ပညာရေး စနစ်တွေမှာ အခုလို ကောင်စီတွေ မရှိဘူးလို့ သူက အခုလို ပြောပါတယ်။

“ဒါက လွန်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးကာလတုန်းက ဦးခင်ညွှန့်ဦးဆောင်တဲ့ အမျိုးသား ကော်စီပုံစံမျိုးပဲ ပြန်ပြီးတော့ တက္ကသိုလ်တွေကို ချုပ်ကိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖွဲ့ထားတဲ့ အဖွဲ့အစည်းမျိုး တရပ် ဖြစ်လာဦးမှာပေါ့။ ဥက္ကဋ္ဌက ဒုသမ္မတ၊ နောက်ပြီးတော့ ၀န်ကြီးတွေပါမယ်။  အဲဒီလူတွေနဲ့ ဒီအဖွဲ့အစည်းကို ဖွဲ့စည်းမယ်ဆိုတာ ဒါက တကယ်ကို ကျမတို့ ပညာရေး လွတ်လပ်ခွင့်ကို တောင်းဆိုနေတဲ့ အနေအထားမှာ ဒါလုံးဝ မဖြစ်သင့်ဘူး။ ဒါက သိပ်ကို အရေးကြီးတယ်။”

ပညာရေး စနစ်အတွက် ဗဟိုချုပ်ကိုင်မှုမရှိအောင် တောင်းဆိုနေပေမယ့် အစိုးရက လျော့ပေးမယ့် အနေအထားမျိုးမရှိသလို ကျောင်းသား သမဂ္ဂရဲ့ အခန်းကဏ္ဍတွေကလည်း ပါဝင်ခြင်းမရှိတဲ့ မူကြမ်း တစုံလုံးကို ကန့်ကွက်တာဖြစ်တယ်လို့ သူက ပြောပါတယ်။

မတ်လ ၃၀ ရက်နေ့မှာတော့ ရန်ကုန်မြို့ လှည်းတန်းမှာ တက္ကသိုလ် စီးပွားရေး တက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရေကြောင်း တက္ကသိုလ်၊ ကွန်ပြူတာ တက္ကသိုလ် ကျောင်းသား သမဂ္ဂ ၅ ခုက ပထမဆုံး အနေနဲ့ ဒီဥပဒေကို ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြခဲ့ပါတယ်။

ဘွဲဝတ်စုံတွေကို ၀တ်ဆင်ပြီး ပဲပြုတ်ရောင်း ဂျာနယ်ရောင်းတဲ့သူတွေလို ပါဖောင့်မန့် သဘောမျိုးနဲ့ ၃ မိနစ် ၅ မိနစ်လောက် သရုပ်ပြ ဆန္ဒပြခဲ့တာဖြစ်တယ်လို့ သူနာပြုတက္ကသိုလ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ခွန်စိုးထင်အောင်က ပြောပါတယ်။

“ဘွဲ့ဝတ်စုံနဲ့ ကျောင်းသား ၂ ယောက်က၊ ၁ ယောက်က ဂျာနယ်တွေ ရောင်းတယ်။ နောက် ၁ ယောက်က ပဲပြုတ်ဗန်း ရောင်းပြီးတော့ သူတို့က ဘွဲ့ဝတ်စုံ ၀တ်ပြီး ဆန္ဒပြတယ်။ ဒီဘွဲ့တွေက လက်တွေ့မှာ အသုံးမ၀င်ဘူးဆိုတာကို ပြချင်တဲ့ သဘောဗျ။ ပညာရေး မူကြမ်းမှာ တက္ကသိုလ်တွေမှာ ဗဟိုချုပ်ကိုင်မှု များနေတယ်။ ပြီးတော့ မူကြမ်းဆွဲတုန်းက အန်အန်အီးအာရ် နဲ့ အရပ်ဘက်အဖွဲ့အစည်းနဲ့ အစိုးရဘက်အခြမ်းနဲ့ ၃ ပွင့်ဆိုင် ဆွေးနွေးပွဲလုပ်မှာကို ရက်ကပ်ပြီးတော့မှပဲ သူတို့က ပယ်ချလိုက်တယ်။ အဲဒါလည်း ပါတယ်။ ကျောင်းသားသမဂ္ဂတွေကို ကျနော်တို့ ကျောင်းတွေမှာ တရားဝင်ဖွဲ့စည်းခွင့် မပေးတာတွေလည်း ပါတယ်ဗျ။”

မတ်လ အစောပိုင်းက နေပြည်တော်မှာအစိုးရကစီစဉ်ကျင်းပတဲ့ ပညာရေးဆွေးနွေးပွဲကို  အရပ်ဘက်အဖွဲ့ အစည်းတခုဖြစ်တဲ့ မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) အဖွဲ့ဝင်တွေကို တက်ရောက်ခွင့်မပေးဘဲ ငြင်းပယ်ခဲ့ပါတယ်။

ဒီကွန်ရက်အဖွဲ့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးမူဝါဒ ချမှတ်နိုင်ရေးအတွက် ရည်ရွယ်ပြီး တိုင်းနဲ့ ပြည်နယ် ၁၄ ခုက ပါမောက္ခ၊ ဆရာ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေအပြင် ဘုန်းတော်ကြီးတွေနဲ့ ပါဝင်ဖွဲ့စည်းထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013