Home
မြန်မာသတင်း
တနင်္သာရီတိုင်း၌ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၈၄ လုံး ဆုံးရှုံး
DVB
·
July 5, 2022

တနင်္သာရီတိုင်းအတွင်းရှိ ဒေသအသီးသီးမှာ ၂၀၂၁ စက်တင်ဘာကနေ အခုနှစ် ဇွန်လအထိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက အရပ်သားပြည်သူတွေရဲ့ နေအိမ် ၈၄ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တိုင်းအတွင်း ပဋိပက္ခအခြေအနေတွေကို သုတေသနပြုလုပ်နေတဲ့ Southern Monitor အဖွဲ့က ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်တွေဟာ ပုလောမြို့နယ်ထဲက  ၃၁ လုံး၊ သရက်ချောင်းမြို့နယ်ထဲက ၂၅ လုံး၊ တနင်္သာရီမြို့နယ်က ၁၈ လုံး၊ ထားဝယ်မြို့နယ်က ၄ လုံး၊ ရေဖြူမြို့နယ်က ၃ လုံး၊ မြိတ်မြို့နယ်က ၁ လုံးနဲ့ လောင်းလုံမြို့နယ်က ၂ လုံးတို့ဖြစ်ကြပါတယ်။

အဲဒီလို မီးရှို့ဖျက်ဆီးတာတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ပျူစောထီးအဖွဲ့ဝင်နဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ) တပ်ဖွဲ့ဝင်တွေ ပြုလုပ်ခဲ့ကြတာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

အခုလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာနဲ့ပတ်သက်ပြီး Southern Monitor အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက "ကျနော်တို့ တွေ့ရသလောက်က စစ်ကြောင်းထိုးဝင်လာတဲ့အချိန်၊ ကျေးရွာအတွင်း ဝင်ရောက်စီးနင်းချိန်နဲ့ စစ်ကြောင်း ပြန်လည်ဆုတ်ခွာတဲ့အချိန်တွေမှာ ရှို့တာ" လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာဟာ တော်လှန်ရေးမှာ ပြည်သူတွေ မပူးပေါင် မပါဝင်ရဲအောင် လုပ်တာလို့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်သူတွေက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အများစုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် ထိတွေ့ပစ်ခတ်မှုများတဲ့ ဒေသက အများစုဖြစ်ကြပြီး တနင်္သာရီတိုင်းထဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ပျူစောထီးအဖွဲ့ဝင်ဆိုသူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ အလားတူ နေအိမ်မီးရှို့ဖျက်ဆီးတာတွေကို လက်နက်ကိုင် တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းရှိ ဒေသတချို့မှာ မကြာခဏ ပြုလုပ်လေ့ရှိပြီး စစ်ကောင်စီကတော့ အဲဒီလုပ်ဆောင်ချက်တွေဟာ သူတို့ရဲ့ လက်ချက်မဟုတ်ဘူးဆိုပြီး ငြင်းဆိုလေ့ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024