DVB Logo
Home
Lead Story
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ လက်ရေးစာ ရေးသားတဲ့လုပ်ငန်း ပျောက်ကွယ်တော့မည်
DVB
·
March 31, 2014
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ လက်ရေးစာ ရေးသားတဲ့လုပ်ငန်း ပျောက်ကွယ်တော့မည်
Donate to DVB

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လက်ရေးစာ ရေးသားခြင်းဟာ ရေပန်းစားတဲ့ အလုပ်တခုပါ။

စာမတတ်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ သူတို့ ဇာတိမြေက မိသားစုတွေနဲ့ မိတ်ဆွေ သူငယ်ချင်းတွေဆီကို စာပို့ဖို့အတွက် သူတို့ ပြောချင်တာကို စာရွက်ပေါ် ရေးပေးတဲ့ နေရာမှာတောင် တန်းစီစောင့်ခဲ့ကြရပါတယ်။

ဒါပေမယ့်လည်း မိုဘိုင်းဖုန်းတွေ သုံးနိုင်လာကြတဲ့သူတွေ အရေအတွက် များလာတာနဲ့ အတူ ဖုန်းခေါ်ဆိုခတွေလည်း ဈေးသက်သာတာတွေကြောင့် ခုတော့ ဒီလုပ်ငန်းဟာ ပျောက်ကွယ်တော့မယ့် လုပ်ငန်း ဖြစ်နေပါပြီ။

[caption id="attachment_54187" align="alignleft" width="400"]India_Letter_Writer_web လက်ရေးစာရေးသားသူ ရှာကီလ် အာမက်[/caption]

မွမ်ဘိုင်းမြို့ရဲ့ တောင်ဘက်က အထွေထွေစာတိုက်ရုံး အဆောက်အဦရဲ့ လမ်းညာဘက် ကလေးမှာ အသက် ၅၄ နှစ်အရွယ် ရှာကီလ် အာမက်တယောက် အပြာရောင် တာပေါ်လင်စ အောက်မှာ ထိုင်ပြီး အလုပ်လုပ်နေပါတယ်။

သူဟာ ပါဆယ်ထုပ်တွေ ထုပ်ပိုးနေပြီး စာတိုက်ကနေ ငွေပို့ပေးဖို့ ငွေလွှဲပုံစံ စာရွက်မှာ ဖြည့်နေပါတယ်။

လွန်ခဲ့တဲ့ ၈ နှစ်လောက်ကဆိုရင် သူ ဒီနေရာမှာပဲ အလုပ်လုပ်နေတာပါ။ ဒါပေမယ့် အလုပ်ကတော့ ပုံစံ နဲနဲ ကွဲပါတယ် လို့ ရှာကီးလ်အာမက်က ပြောပါတယ်။

“အရင်တုန်းကတော့ အလုပ်က မတူဘူးပေါ့ဗျာ။ လူတွေက စာတိုက်ကနေ ငွေလွှဲတာတို့၊ ပိုက်ဆံနဲ့တပါထဲ စာပါ ပို့တာတို့ လုပ်နေကျပေါ့။ အဲဒီအချိန်တုန်းကတော့ ကျနော် စာတွေ ဘာတွေ ရေးပေးနေကျပေါ့ဗျာ။”

စာမတတ်ကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက သူ့ဆိုင်ခန်းရှေ့မှာ တန်းစီကြပြီး သူတို့တွေရဲ့ ဇာတိမြေက မိသားစုတွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီ စာရေးပေးဖို့ ရှာကီးလ် အာမက်ကို ပြောကြရပါတယ်။

အာမက်ဟာ ဟင်ဒီနဲ့ အင်္ဂလိပ်ဘာသာစကားတွေမှာ ပိုင်နိုင်ချက်ချာတာကြောင့် သူ့မှာ ဖောက်သည်တွေ အများကြီး ရပါတယ်။

“တချိန်လုံး ကျနော့်ဖောက်သည်တွေကတော့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ်တို့၊ ဘီဟာတို့ ဘင်ဂေါလ်တို့ကနေ လာကြတာဗျ။ ဒါပေမယ့် ဂူဂျာရတီ၊ တမီးလ်၊ ခန်နဒါတို့ ဘာသာစကားပေါင်းစုံ စာရေးပေးတဲ့သူတွေက ဒီမှာပဲ ရှိတာလေ။ နောက်ပြီး မာလာရာလမ် ဘာသာစကား ရေးကြပြောကြတဲ့ ကယ်ရာလာပြည်နယ်က လူတွေလဲ ရှိတယ်။”

ဖောက်သည်တွေရဲ့ စာတွေကို ရေးပေးလာတာ နှစ်ပေါင်း ၄၀ လောက် ရှိနေပြီဖြစ်တဲ့ အာမက် က “အမျိုးသမီးတယောက် ရှိတယ်ဗျ။ သူ့ယောက်ျားက သူ့ကို ဒီခေါ်လာပြီးတော့ ပြည့်တန်ဆာ လုပ်ခိုင်းတာလေ။ ဒီအမျိုးသမီး တော်တော် သနားစရာ ကောင်းပါတယ်။ သူ ကျနော့်ဆီလာပြီး သူ့အိမ်ကို ငွေပြန်ပို့ဖို့ လာတာလေ။ သူ့စာတွေထဲမှာတော့ သူ တကယ် ဘာလုပ်နေ ရပါတယ်ဆိုတာ အမှန်အတိုင်း ဘယ်တော့မှ မပြောဘူး။ သူက ရုံးတရုံးမှာ အလုပ် လုပ်နေတယ် ဆိုတာချည်းပဲ ပြောတာ”လို့ ပြောပါတယ်။

ဒါပေမယ့် သူတပါး လျှို့ဝှက်ချက်ကို ထိန်းပေးရတာက စာရေးသားပေးတဲ့ အလုပ်လုပ်သူတွေရဲ့ အရေးအကြီးဆုံး စောင့်ထိန်းရတဲ့ ကျင့်ဝတ်ပဲလို့ အာမက်က ပြောပြပါတယ်။

“ကျနော်တို့က လူတွေ ဘာလုပ်နေတယ် ဆိုတာ တခြားသူတွေကို မပြောပြပါဘူး။ ဒီအမျိုးသမီးကတော့ ဒါတွေ ဒါတွေ လုပ်နေတယ်။ ဒီလူကတော့ အဲဒီမှာ လုပ်တယ် ဆိုတာမျိုးတွေ ကျနော်တို့ လုံးဝကို ဘာမှ မပြောဘူး။ ကျနော်တို့က သူတို့ဆွေမျိုးတွေဆီ စာတိုက်လိပ်စာ၊ ကျနော်တို့ရဲ့ လိပ်စာကိုတောင် ပေးထားရတာ။ သူတို့ဆွေမျိုသားချင်းတွေ၊ အသိမိတ်ဆွေတွေ ဒီလာပြီး သူတို့ ဘယ်မှာ ဘာလုပ်နေလဲ ဆိုတာတွေ လာမေးရင်တောင် ကျနော်တို့ တလုံးမှ မပြောပြဘူး။”

လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုနီးပါးလောက်တုန်းက ဒီနေရာမှာ လက်ရေးစာ ရေးပေးသူ အယောက် ၂၀ လောက် ရှိပါတယ်။ ဒါပေမယ့် ခုကျတော့ အဲဒီတုန်းကထက် တ၀က် မရှိတရှိလောက်ပဲ ကျန်ပါတော့တယ်။ အာမက်ရဲ့ လုပ်ဖော်ကိုင်ဖက် ခပ်ငယ်ငယ် တယောက်ဖြစ်တဲ့ ဒီလစ်ပ် ပန်ဒေး ကတော့ ပြောင်းလဲသွားတဲ့ အချိန်တွေကို နှမြောတမ်းတနေပါတယ်။

“ခုကျတော့ ၉၉ ရာခိုင်နှုန်းလောက် အချိန်တွေမှာ လူတွေက စာမရေးခိုင်းချင်တော့ဘူးဗျ။ တချိန်တုန်းကတော့ ဒီကလူတွေက သူတို့တွေဆီမှာ စာလာရေးကြအောင် အရင်ဆုံး လူခေါ်တာတို့ ဘာတို့တောင် လုပ်ကြသေးတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်လောက်ကပေါ့။ ၂၀၀၈ ခုနှစ် နောက်ပိုင်းကျတော့ အားလုံး ပြောင်းလဲသွားပြီ။”

မွမ်ဘိုင်းမြို့က နိုင်ငံပေါင်းစုံကုမ္ပဏီတခုရဲ့ ကားဒရိုင်ဘာ အသက် ၂၉ နှစ်အရွယ် ဆရီနီဗာစ်ဟာ အစက အန်ဒရာပရာဒက်ရှ် ပြည်နယ်ကနေ ရောက်လာခဲ့ပြီး ၁၉၉၇ ခုနှစ်ကတည်းက မွမ်ဘိုင်းမှာ နေထိုင်လာတာပါ။

ကားဒရိုင်ဘာ ဆရီနီဗာစ် က “အရင်တုန်းကတော့ ကျနော်တို့ အိမ်ကို ငွေပြန်ပို့ချင်ရင် စာတိုက်ကြီး အပြင်ဘက်မှာ တန်းစီ ရတယ်ဗျ။ နာရီဝက်၊ ၁ နာရီလောက် ကြာတာပေါ့ဗျာ။ နောက်ပြီးတော့ စာတွေ ဘာတွေ ရေးပေးနိုင်တဲ့သူကိုလဲ ရှာရသေးတယ်။ တခါတလေကျတော့ သူတို့ကနေတဆင့် ဆက်သွယ်ရတာ ပင်ပန်းတယ်။ သူတို့ကိုလဲ ကိုယ့်အကြောင်း အကုန်လုံး မပြောပြနိုင်ဘူးလေ။ ဟုတ်တယ်မလား”လို့ ပြောပါတယ်။

ဒါပေမယ့် အဲဒီလိုနေ့တွေ ပြီးဆုံးသွားပါပြီ။

ဒီနေ့မှာတော့ ဆရီနီဗာစ်ဟာ သူ့မိန်းမနဲ့ ကလေး ၂ ယောက်ဆီကို တနေ့ကို ၃ - ၄ ကြိမ်လောက် ဖုန်းဆက်ဖြစ်ပါတယ်။

“ခုတော့ ကျနော် တချို့ပိုက်ဆံတွေကို ကျနော့်မိုဘိုင်းဖုန်းကနေပဲ တခါထဲ လုပ်လိုက်တယ်။ နောက်ပြီး ဖုန်းက နာရီဝက်လောက် ပြောဖြစ်သေးတယ်။ တခါတလေတော့လဲ ၁ နာရီလောက်ပေါ့။ အစတုန်းကတော့ ကျနော်တို့ အိမ်ကို စာပို့ဖို့ ကြိုးစားရ၊ ပို့မယ့်စာထဲမှာ ဘာတွေ ရေးရမယ်ဆိုတာကို စဉ်းစားရနဲ့။ ဒါပေမယ့် ခုတော့ အဲဒါတွေ မလုပ်ရတော့ဘူး။”

အိန္ဒိယနိုင်ငံဟာ မိုဘိုင်းဖုန်းဈေးကွက် အကြီးဆုံးနိုင်ငံ ဖြစ်ပါတယ်။ အိန္ဒိယလူဦးရေ ၁ ဒသာမ ၃ ဘီလီယံရဲ့ တ၀က်ကျော်လောက်က မိုဘိုင်းဖုန်းတွေ သုံးနေကြပါပြီ။ ဒါကပဲ သူ့လို လက်ရေးစာ ရေးပေးသူတွေအတွက် အလုပ်မရှိတော့သလို ဖြစ်သွားတာလို့ ဒီလစ်ပ်ပန်ဒီက ပြောပါတယ်။

လက်ရေးစာ ရေးပေးသူ ဒီလစ်ပ်ပန်ဒီက “အစောပိုင်းတုန်းကတော့ ဖုန်း ၁ ခါခေါ် ၅ ရူပီးလောက် ပေးရတယ်ဗျ။ အ၀င်ကောလ်တွေတောင် ပေးရတယ်။ အခုတော့ အများကြီး တိုးတက်သွားပြီ။ ခုဆို တယောက်ယောက်က စာလေးတစောင် ပို့ချင်တယ်ဆိုရင် ၅ ရူပီးနဲ့ ပီဆာ ၂၀ ပဲ ကုန်တော့မယ်။ ဒါပေမယ့် သူ တရူပီးလောက်နဲ့ ဖုန်းခေါ်မယ်ဆိုရင်လဲ တမိနစ်ခွဲ ၂ မိနစ်လောက်တော့ ပြောလို့ ရတယ်”လို့ ပြောပါတယ်။

ရှာကီးလ်ဆီ ပြန်ကြည့်မယ်ဆိုရင် သူဟာ ဖောက်သည်အသစ်တယောက်နဲ့ ပြောဆိုနေပါတယ်။ ဘာ စာမှ ရေးစရာ မရှိတော့ပေမယ့်လဲ ရှာကီးလ်ဟာ စာတိုက်ကနေ ပို့မယ့် ပါဆယ်ထုပ်တွေကို ထုပ်ပိုးပေးတဲ့ အလုပ် လုပ်နေတာပါ။

“ဒီနေ့ဆိုရင် ၀င်ငွေကတော့ အမှန် မရှိဘူးပေါ့။ အလုပ်ကောင်းတဲ့နေ့ ဆိုရင်တော့ ကျနော် ရူပီး ၁၀၀ ကနေ ၄၀၀ ကြားလောက် ရပါတယ်။ မရဘူးဆိုရင် ၁၀၀၊ ၂၀၀ လောက်ပါပဲ။ ဒါပဲ။ လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကတော့ ဒါ့ထက် အများကြီး အများကြီး ပိုကောင်းတာပေါ့ဗျာ။ ကျနော့်အလုပ် ကူလုပ်ပေးဖို့ လူ ၃ ယောက်တောင် ငှားထားရတာ။ ကျနော့်မှာ အပိုချိန်ဆိုတာ မရှိသလောက်ပဲ။ အဲဒီတုန်းက ရှာဖွေ စုဆောင်းထားခဲ့တဲ့ ပိုက်ဆံကြောင့် ကျနော် ခုလို နေ နေရတာ။ ကျနော် ဒီမှာ လုပ်နိုင်သလောက် အလုပ် ဆက်လုပ်နေရဦးမယ်။ ကျနော့်ကလေးတွေကို ဒီအလုပ်ထဲ ဆွဲမသွင်းချင်ဘူးဗျာ။ ဒီအလုပ်လုပ်တာ ကျနော်ပဲ နောက်ဆုံးလူ ဖြစ်ရမှာပေါ့။”

ရှာကီးလ်လို အသက်မွေးဝမ်းကျောင်း ကြသူတွေ ရာနဲ့ ထောင်ချီပြီး အလုပ်တွေ ပြုတ်ကုန်ကြပါပြီ။ အိန္ဒိယနိုင်ငံက ခေတ်မီလာကြတဲ့ မျိုးဆက်တွေမှာတော့ အောင်မြင်သူတွေနဲ့ ကျဆုံးသူတွေ ၂ မျိုးလုံး ရှိနေတာပါ။

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဂါယာထရီ ပါရာမီဆွာရန်က အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကနေ သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013