DVB Logo
Home
Lead Story
လက်နက်ကိုင်တိုက်ပွဲဝင်နေရသည့်ပုခက်လွှဲသောလက်ပိုင်ရှင်များ
DVB
·
July 1, 2022
လက်နက်ကိုင်တိုက်ပွဲဝင်နေရသည့်ပုခက်လွှဲသောလက်ပိုင်ရှင်များ
Donate to DVB

“ပုခက်လွှဲသောလက်မှ လက်နက်ကိုင်တိုက်ထုတ်မည့် အမျိုးသမီးစစ်သည်တော်များဖြစ်သည်” ဆိုတဲ့အတိုင်း အမျိုးသမီးတွေကိုယ်တိုင် လက်လုပ်မိုင်းကိုထုတ်ပြီး စစ်ကောင်စီကို အမြစ်ဖျက်ရန် ကြိုးစားနေကြပါတယ်။

အဲ့ဒီ အမျိုးသမီးတွေကတော့ နှစ်ပေါင်းများစွာ စစ်ရေးပဋိပက္ခမရှိခဲ့တဲ့ အညာဒေသလို့ လူသိများတဲ့ စစ်ကိုင်းတိုင်း မြောင်မြို့နယ်က မြောင်အမျိုးသမီး ပြောက်ကျားစစ်သည်တော်များအဖွဲ့ (M2W)ပါ။

၂၁ရာစု နွေဦးတော်လှန်ရေးမှာ အာဂအမျိုးသမီးတွေဟာ နည်းမျိုးစုံနဲ့ စစ်ကောင်စီကို တော်လှန်ခဲ့ကြသလို လက်နက်စွဲကိုင် တော်လှန်နေတဲ့ အမျိုးသမီးတွေကလည်း များစွာရှိလာပါတယ်။

ပထမဆုံး အမျိုးသမီးတပ်ဖွဲ့အဖြစ် ၂၀၂၁ခုနစ် အောက်တိုဘာလမှာ စတင်ဖွဲ့စည်းခဲ့တဲ့ M2W တပ်ဖွဲ့ဟာ လက်ရှိမှာတော့ သက်တမ်းရှစ်လသာရှိပေမယ့် လက်လုပ်မိုင်းငါးမျိုးအထိ ထုတ်လုပ်နိုင်နေပြီလို့ဆိုပါတယ်။

M2W အဖွဲ့ရဲ့ ပထမဆုံးလှုပ်ရှားမှုကတော့ ၂၀၂၁ခုနစ် အောက်တိုဘာလမှာ မြောင်မြို့နယ်အတွင်းက နဂါးပေါက်ကျေးရွာ ရဲစခန်းကို အမျိုးသမီးတွေဦးစီးပြီး တိုက်ခိုက်ခဲ့ပါတယ်။

“ သေနတ် ကျည်တထောင့်က လူတယောက်ကိုပဲ သေစေတယ်။ မိုင်းဆွဲရင် တပွိုင့်အောင်ရင် လူအနည်းဆုံး အကြမ်းဖက် ငါးဦးကို ချေမှုန်းနိုင်တယ်။ အားသာချက်က မိုင်းဖြစ်တယ်” လို့ မိုင်းထုတ်လုပ်ရေးနဲ့ ဖောက်ခွဲရေးတာဝန်ခံ အလင်္ကာ က ပြောပါတယ်။

မိုင်းထုတ်လုပ်မှုမှာ အန္တရာယ်များစွာရှိတာသိပေမယ့် မိုင်းဆွဲရင် စစ်ကောင်စီတွေ အများအပြားချေမှုန်းနိုင်တဲ့အတွက် အန္တရာယ်ကြားက ဆက်ပြီး ထုတ်သွားမယ်လို့ ဆိုပါတယ်။

M2W အဖွဲ့ စတင်တည်ထောင်ချိန်က အခက်အခဲတွေမျိုးစုံ ကြုံခဲ့ရပြီး၊ စလုပ်ချိန် အထောက်အပံ့ အကူအညီမရရှိသေးချိန်မှာ အဖွဲ့ဦးဆောင်သူက သူပိုင်ဆိုင်တဲ့မြေယာကိုရောင်းပြီး မိုင်းကို စတင်ထုတ်လုပ်ခဲ့ရပါတယ်။

“ အစကတော့ ကျမတို့ အထောက်အပံ့မရခင်မှာ အရမ်းခက်ခဲတယ်။ အခုနောက်ပိုင်းတော့ ပြည်သူတွေရဲ့ ထောက်ပံ့မှုကို ရခဲ့တယ်။ မိုင်းထုတ်လုပ်မှုကလည်း အရင်ကထပ် ပိုအရှိန်မြင့်လာတယ်။ မိုင်းလုပ်ဖို့ ကုန်ကြမ်းကတော့ အခက်အခဲ အခုထိ ရှိနေသေးတယ်” လို့ အလင်္ကာ က မိုင်းထုတ်လုပ်မှု အခြေအနေကို ပြောပြပါတယ်။

အညာဒေသဖြစ်တဲ့အလျောက် လက်နက်ခဲယမ်းရရှိရန် အလွန်ခက်ခဲတဲ့ကိစ္စရပ်တခုဖြစ်သလို မိုင်းထုတ်လုပ်ရန် လိုအပ်သည်များကို တခြားမှဝယ်ယူရသဖြင့် မြောင်ဘက်ကိုရောက်ရှိရင် စစ်ကောင်စီဘက်မှ လမ်းကြောင်းပိတ်ဆို့ခြင်းကိုလည်း ခံရပါတယ်။

မိုင်းထုတ်လုပ်တဲ့အမျိုးသမီးတွေဟာ အသက် (၂၀) ဝန်းကျင် ကနေ အသက် (၄၀) ဝန်းကျင်ထိ ရှိပြီး၊ အဲ့မိုင်းထုတ်တဲ့ နေရာမှာ တာဝန်ယူတဲ့ မအလင်္ကာ ကတော့ အသက် ၂၀ နှစ်အရွယ်သာရှိသေးပါသေးတယ်။

“ မိုင်းထုတ်တာ ကျမတို့ကြောက်ရွံ့မှု မရှိတာမဟုတ်ဘူး။ ရှိတယ်။ ယမ်းတွေလုပ်တဲ့အချိန် အရမ်းသတိထားရတယ်။ အရမ်းထုလို့လည်းမရဘူး။ ဘေးကနေ ပြီးတော့ အရမ်းမထုဖို့ စိတ်ငြိမ်ဖို့ သတိပေးရတယ်” လို့ အလင်္ကာ က မိုင်းလုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောပြပါတယ်။

အလင်္ကာဟာ မိုင်းထုတ်လုပ်ရေးဌာနကို မရောက်ခင် ဖခင်ဖြစ်သူနဲ့အတူ ပွိုင့် မိုင်းဆွဲပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

ပွိုင့်မိုင်းကို ပထမဆုံးဆွဲချိန်တွင် ဖခင်နှင့်အတူ တိုက်ပွဲ၀င်ခဲ့ပြီး အဲ့ဒီအချိန်က ဖခင်ဖြစ်သူက “ သမီး ရတယ်နော် အသံတော်တော်ကြီးတယ် ရမှာလား” ဆိုပြီး ထပ်ခါထပ်ခါ မေးခဲ့ပေမယ့် သူမဟာ နောက်မဆုတ်ဘဲ ပွိုင့်ကို ဆွဲခဲ့ပြီးပါတယ်။

အလင်္ကာရဲ့ ဆွဲမိုင်း ပထမအကြိမ်မှာ စစ်ကောင်စီဘက်မှ ၆ယောက် သေဆုံးခဲ့တဲ့အတွက် ထိုချိန်မှစပြီး ဆွဲမိုင်းထုတ်ရန်ပြီး စစ်အာဏာရှင်ကို အမြစ်ဖျက်ချေမှုန်းရန် ဆန္ဒပြင်းပြလာခဲ့တယ်လို့ ဆိုပါတယ်။

အညာအမျိုးသမီးတွေဟာ စစ်အာဏာမသိမ်းခင်ထိ အေးအေးချမ်းချမ်းနေထိုင်ခဲ့ကြပြီး၊ နိုင်ငံရေး နားမလည် မသိရှိကြသလို အလင်္ကာ တယောက်လည်း စက်ချုပ်အလုပ်ကို လုပ်ကိုင်ကာ တချိန်တွင် အထည်စက်ရုံပိုင်ရှင်အထိ ရည်မှန်းချက်ကြီးသူ တစ်ဦး ဖြစ်ပါတယ်။

ဒ့ါပေမယ့် ၂၀၂၁ခုနစ် ဖေဖော်ဝါရီ ၁ရက် စစ်အာဏာသိမ်းမှုကြောင့် အလင်္ကာနဲ့အတူ အညာဒေသ အမျိုးသမီးတွေဟာ အိပ်မက်တွေပျောက်ကွယ် ခဲ့ရပြီး လမ်းတွေပျောက်ခဲ့ကြပါတယ်။

ဒါ့ကြောင့် စစ်အာဏာရှင် တိုက်ဖျက်ရေး ဒီမိုကရေစီ ပြန်ရရှိရေးအတွက် အားတင်းပြီး တော်လှန်ရေးထဲကို ဝင်ခဲ့တာပါ။

“ ကျမတို့ တောင်သူတွေဟာ ရိုးကြတယ်။ အေးချမ်းတယ်။ တောင်ယာစိုက်ကြတယ်”လို့ သူမ က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးဟာ ယခင်က စစ်မြေပြင် မကြုံဖူးခဲ့တဲ့ ဒေသတခုဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဖြုတ်ချရေးအတွက် ပြည်သူတွေဟာ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး စစ်ကာင်စီကို တိုက်ခိုက်မှုတွေ နေ့စဥ်နဲ့အမျှ ရှိလာပါတယ်။

အဲ့ဒီနောက်မှာ စစ်တပ်ဘက်မှ စစ်ကိုင်းတိုင်းအရပ်သားနေအိမ် ၁၄၀၀၀ နီးပါးနဲ့ မြောင်မြို့နယ်ထဲက အိမ်ခြေ ၅၀၀ ကျော်ကို မီးရှို့ခဲ့ကြောင်း Data for Myanmar ရဲ့ ဇွန် ၇ ရက် ထုတ်ပြန်ချက်အရသိရပါတယ်။

လက်ရှိ Data for Myanmar က ဖော်ပြတဲ့စာရင်းဟာ မြေပြင်စာရင်းထက် နည်းနိုင်ကြောင်းလည်း ၎င်းအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

အဲ့ထဲမှာ မြောင်မြို့နယ်ထဲက နေအိမ်တွေလည်း ပြာကျတဲ့အထိရှိခဲ့ပြီး လက်ရှိအချိန်ထိ ပြည်သူတွေဟာ ဘေးလွှတ်ရာသို့ ထွက်ပြေး တိမ်ရှောင်နေရပြီး အခက်အခဲများနဲ့ ရင်ဆိုင်နေရပါတယ်။

“ ကျမတို့ ပြည်သူတွေနေအိမ်လည်း ပြာကျကုန်ပြီ။ ဒီမှာကတော့ စစ်ရှောင်စခန်းဆိုတာ သီးသန့်တော့မရှိဘူး။ စစ်တပ်က လာရင် ပြေးကြတယ်။ လွှတ်ရာကိုပြေးပြီး နေနေရတယ်။ ပြည်သူတွေအတွက် ကတော့ လိုအပ်တာတွေများတယ်” လို့ M2W မှ အဖွဲ့ဝင် အမျိုးသမီး မထရေဇာ က ပြောပါတယ်။

M2W ဟာ လက်လုပ်မိုင်း ထုတ်လုပ်မှု တခုဖြင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေရုံမက နေအိမ်မီးလောင်ပြာကျတဲ့ ပြည်သူများနှင့် ကလေးငယ်တွေရဲ့ ပညာရေး အခန်းကဏ္ဍကိုလည်း လိုက်လံ ကူညီထောက်ပံ့ပေးနေပါတယ်။

နေအိမ် မီးရှို့ခံရပြီး ပြာကျတဲ့ထဲမှာ M2W အဖွဲ့ဝင်တွေရဲ့ နေအိမ်တွေလည်းပါဝင်တဲ့အတွက် တော်လှန်ရေးပြီးဆုံးရင်တောင် ပြန်စရာနေအိမ်ဆိုတာ မရှိကြကြောင်း အလင်္ကာ က ဆိုပါတယ်။

“ တော်လှန်ရေးအောင်မြင်သွားရင်တောင် ပြန်စရာနေအိမ်ဆိုတာ မရှိဘူး။ ကျမတို့ ပေးဆပ်လိုက်ရတဲ့အရာတွေများတော့ ဒီတော်လှန်ရေးကို အရှိန်မြင့်ပြီး တိုက်ဖို့ပဲရှိတော့တယ်”လို့ အလင်္ကာ က အားမာန်အပြည့်နဲ့ ပြောလာပါတယ်။

ဒီတော်လှန်ရေး မပြီးမချင်းတော့ မိန်းကလေးဆိုပြီး အားမငယ်၊ စိတ်ဓာတ်မကျစေချင်ကြောင်း၊ စစ်ကောင်စီတွေ မကျဆုံးသရွေ့ ပြင်းအားများတဲ့ မိုင်းတွေကို ထပ်ထုတ်သွားမှာဖြစ်ပြီး မိုင်းထုတ်လုပ်ရေးမှာ မပါဝင်လိုက်တဲ့ အညာအမျိုးသမီးတွေလည်း ကိုယ်တတ်နိုင်တဲ့ နည်းလမ်းနဲ့ ပါဝင်ပြီး အာဏာရှင်ကို တိုက်သွားမယ်လို့ M2W အဖွဲ့က ပြောဆိုလိုက်ပါတယ်။

ပြာကျတဲ့ နေအိမ်တွေ၊ ဟာလာဟင်းလင်းဖြစ်တဲ့ ကွင်းပြင်ကို မြင်တိုင်း ပုခက်လွဲတဲ့ လက်တွေဟာ ပြင်းအားမိုင်းကို ထုတ်လုပ်ပြီး စစ်ကောင်စီကို တိုက်ဖျက်ဖို့ ကြိုးစားသွားမယ်လို့ M2W အဖွဲ့ဝင်တွေက ပြောပါတယ်။

နန်းဆိုင်နွမ်

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013