DVB Logo
Home
မြန်မာသတင်း
မြန်မာ-ထိုင်းနယ်စပ်တွင် ထိုင်းလေတပ်က ဂျက်လေယာဉ်ဖြင့် စောင့်ကြည့်ပျံသန်း
DVB
·
June 30, 2022
မြန်မာ-ထိုင်းနယ်စပ်တွင် ထိုင်းလေတပ်က ဂျက်လေယာဉ်ဖြင့် စောင့်ကြည့်ပျံသန်း
1 / 3
Donate to DVB

ထိုင်းလေပိုင်နက်ထဲ မြန်မာတိုက်လေယာဉ် ကျူးကျော်ဝင်ရောက်လာပြီးနောက် မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းလေပိုင်နက်အတွင်း ထိုင်းတိုက်ခိုက်ရေး ဂျက်လေယာဉ်တစီး စောင့်ကြည့်ပျံသန်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဇွန် ၃၀ ရက် နေ့လယ်ပိုင်းက KNDO သတင်းရင်းမြစ်က ပြောပါတယ်။

ဒီကနေ့မနက် ၇ နာရီနဲ့ နေ့လယ်ပိုင်းလောက်က ဥကရစ်ထ ခြေကုပ်တပ်စခန်းကို စစ်ကောင်စီလေတပ်က လာရောက်ဗုံးကြဲတိုက်ခိုက်ရာမှာ မြန်မာလေပိုင်နက်ကို ကျော်လွန်ပြီး ထိုင်းလေပိုင်နက်ဖြစ်တဲ့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းကို ကျူးကျော်ဝင်ရောက်ပြီး ပျံသန်းခဲ့တဲ့အတွက် ထိုင်းလေတပ်က အခုလို စောင့်ကြည့်ပျံသန်းမှုတွေ လုပ်ဆောင်လာခဲ့တာပါ။

KNDO သတင်းရင်းမြစ်က “ဒီနေ့မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းလောက်က စကစရဲ့ လေယာဉ်က ထိုင်းလေပိုင်နက်ထဲ ဝင်သွားတော့ ထိုင်းပြည်သူတွေ လန့်သွားပုံရတယ်။ အရင်ကလည်း နယ်စပ်ကျော်ပြီး ထိုင်းဘက်ကို လက်နက်ကြီး မကြာခဏကျတယ်။ အခု လေယာဉ်ပါ ပျံသန်းလာတော့ သူတို့စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်စရာလေ။ ဒါကြောင့် ထိုင်းလေတပ်က လေကြောင်းကနေ စောင့်ကြည့်နေတာဖြစ်မယ်” လို့ ပြောပါတယ်။

အဆိုပါ လေကြောင်းပျံသန်းမှုကြောင့် ထိုင်းပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရသလို စစ်ကောင်စီရဲ့ လက်နက်ကြီး ထိုင်းနိုင်ငံအတွင်း ကျရောက်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံသားတဦးရဲ့ ယာဉ်ကို ထိမှန်သွားခဲ့လို့ ထိုင်းပြည်သူတွေ ဒေါသထွက်ခဲ့ရကာ ထိုင်းလူမှုကွန်ရက်ပေါ် ဗွီဒီယိုဖိုင်တွေတင်ပြီး ရေးသားခဲ့ကြပါတယ်။

စစ်ကောင်စီက တပ်စခန်းမကျရေးအတွက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို အဆက်မပြတ် လုပ်ဆောင်လာခဲ့ရာ ဇွန် ၃၀ ရက် မနက် ၈ နာရီလောက်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်မှုပေါင်း ၅ ကြိမ်ထက်မနည်းရှိပြီး Cluster Bomb ၂ ကြိမ်ကြဲချ တိုက်ခိုက်ခဲ့သလို ကင်းထောက်လေယာဉ်ပျံသန်းမှုက တောက်လျှောက်လုပ်ဆောင်လာတယ်လို့ KNDO သတင်းရင်းမြစ်ထံကနေ သိရပါတယ်။

စစ်ကောင်စီရဲ့တပ်စခန်းကို KNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းမှူး စောဝင်းမြင့်၊ Cobra စစ်ကြောင်း ဗိုလ်အယ်စေးဝါးတို့ ဦးဆောင်ပြီး ပူးပေါင်းတိုက်ခိုက်ရာမှာ နှစ်ဖက် အကျအဆုံးများပြားပြီး တပ်စခန်းကုန်းကို ဝိုင်းပတ်ပိတ်ဆို့ထားကာ မြေပြင်စစ်ကူ မလာရောက်နိုင်အောင် KNDO ပူးပေါင်းတပ်ဖွဲ့တွေက လမ်းအားလုံးကို ပိတ်ဆို့ထားပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဝေါလေ၊ ရွှေအေးမြိုင်၊ ဥကရစ်ထ၊ ဝါ့မီကလား ကျေးရွာတွေက ဒေသခံပြည်သူ ၁,၅၀၀ လောက်ဟာ ကွင်းပြင်တောစပ်တွေနဲ့ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရပြီး လေယာဉ်သံကြားတိုင်း စိုးရိမ်ကြောက်လန့်နေရတယ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013