DVB Logo
Home
မြန်မာသတင်း
မြန်မာတိုက်လေယာဉ် ထိုင်းဘက်ကို ကျူးကျော်လာသဖြင့် ထိုင်းရွာသားများနှင့် ကျောင်းသားများ ဗုံးခိုကျင်းထဲ ဝင်ပုန်း
DVB
·
June 30, 2022
မြန်မာတိုက်လေယာဉ် ထိုင်းဘက်ကို ကျူးကျော်လာသဖြင့် ထိုင်းရွာသားများနှင့် ကျောင်းသားများ ဗုံးခိုကျင်းထဲ ဝင်ပုန်း
1 / 4
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေဒေသ၊ ဥကရစ်ထစခန်းမှာ စစ်ကောင်စီတပ်တွေနဲ့   KNLA၊  KNDO ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်နေရာမှာ  ဒီကနေ့ ဇွန် ၃၀ ရက်နေ့မှာတော့  မြန်မာလေတပ်က တိုက်လေယာဉ် ၁ စီး ထိုင်းဘက်ခြမ်းကို ကျော်လွန်ဝဲပျံလာတယ်လို့  AEC အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဆိုပါတိုက်လေယာဉ်ဟာ မြန်မာနယ်စပ်ကနေ ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ်ထဲကို  အကွာအဝေး ၄ ကီလို မှ ၅ ကီလိုမီတာထိ ဝင်ရောက်ဝဲပျံလာတယ်လို့  မျက်မြင်ဒေသခံတွေက ပြောပါတယ်။ 

တိုက်လေယာဉ်ဟာ ဖုပ်ဖရမြို့နယ် ဝေါ်လေကျေးရွာအုပ်စု ဝေါ်လေတိုက်နယ် စာသင်ကျောင်း အဆောက်အဦီ အနောက်ဘက်ကိုပါ ဝဲပျံလာလို့  ရွာသားတွေ အထိတ်တလန့် ထွက်ပြေးပုန်း ရှောင်ကြသလို ဝေါ်လေအုပ်စုထဲက စာသင်ကျောင်း ၂ ကျောင်းကို အရေးပေါ်ပိတ်လိုက်ရတယ်လို့  ကျောင်းအုပ် ဆရာမက ပြောပါတယ်။

သူတို့ကျောင်းဟာ မြန်မာနယ်စပ်နဲ့နီးတဲ့အတွက် အရင်ကတည်းက ဗုံးခိုကျင်းတွေ ပြင်ဆင်ထားခဲ့ကြောင်း၊ ဒီကနေ့ တိုက်လေယာဉ်လာတော့ ကျောင်းသားတွေရော ရွာသားတွေပါ အဆိုပါ ဗုံးခိုကျင်းထဲဝင်ပုန်းပြီး ကျောင်းသားငယ်တွေကိုတော့ သက်ဆိုင်ရာမိဘအုပ်ထိန်းသူတွေက လာကြို ကြတယ်လို့ ဆိုပါတယ်။ 

ဝေါ်လေရွာသား ၁ ဦးကလည်း ဒီနေ့သူဟာ မြန်မာနယ်စပ်နဲ့ ၁ ကီလိုကွာဝေးတဲ့ ဆီအုန်းခြံထဲမှာ အလုပ်လုပ်နေစဉ် လေယာဉ်ပျံအသံကိုရော  ပေါက်ကွဲသံပါကြားရကြောင်း ၊ အဲဒီနောက် ခြံထဲရပ်ထားတဲ့ သူ့ရဲ့ဟိုင်းလပ်စ်ကားမှာ ဗုံးစလွှင့်စင်ရာတွေနဲ့ ပျက်စီးနေတာ တွေ့ရတယ်လို့ သတင်းထောက်ကို ပြောပါတယ်။

အသက် ၆၀ ကျော်ရွယ် ဝေါ်လေရွာသူ ၁ ဦးကလည်း သူအဲဒီရွာမှာ နေလာတာ နှစ် ၃၀ ကျော်ပြီဖြစ်ပြီး အရင်ကလည်း ဟိုဘက်ကမ်းကတိုက်ပွဲသံတွေ ကြားနေရကြောင်း အခုခေတ်မှာတော့ လေယာဉ်ကိုပါ အသုံးပြုလာကြောင်း၊  ရွာဘက်ကို ဝဲပျံလာတာ အသံအကျယ်ပြီး ကြောက်စရာအလွန်ကောင်းတယ်လို့  သတင်းထောက်ကို ပြောသွားပါတယ်။ 

တဘက်ကမ်းကတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေလည်း ထိုင်းဘက်ကိုနောက်ထပ်အများကြီး ဝင်ရောက်လာတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာဘက်က တိုက်ပွဲအခြေအနေကြောင့် မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းလေပိုင်နက်အတွင်း ထိုင်းတိုက်ခိုက်ရေး ဂျက်လေယာဉ်တစီး စောင့်ကြည့်ပျံသန်းမှုတွေ လုပ်ဆောင်နေပါတယ်။

ကိုးကား - siamrath.co.th

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013