DVB Logo
Home
မြန်မာသတင်း
အမေရိကန် ၁ ဒေါ်လာ ပြင်ပပေါက်စျေး ကျပ် ၂,၁၅၀ ထိမြင့်တက်
DVB
·
June 30, 2022
အမေရိကန် ၁ ဒေါ်လာ ပြင်ပပေါက်စျေး ကျပ် ၂,၁၅၀ ထိမြင့်တက်
Donate to DVB

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ရည်ညွှန်းဒေါ်လာငွေလဲနှုန်းကို အမေရိကန်တဒေါ်လာ ကျပ် ၁,၈၅၀ အဖြစ် နှုန်းသေသတ်မှတ်ထားပေမဲ့ ပြင်ပငွေလဲစျေးကွက်မှာ ကျပ် ၂,၁၅၀ ထိ မြင့်တက်နေပါတယ်။

ပြင်ပငွေလဲစျေးကွက်မှာ ပြီးခဲ့တဲ့တပတ်က အမေရိကန်တဒေါ်လာကို မြန်မာငွေ ကျပ် ၂,၀၈၀ ဝန်းကျင်ရှိခဲ့ပြီး ဒီနေ့ ဇွန် ၃၀ ရက်မှာတော့ ၂,၁၅၀ ကျပ်အထိ စျေးတက်လာကာ ဗဟိုဘဏ်သတ်မှတ်စျေးနှုန်းနဲ့ ကျပ် ၃၀၀ ကွာဟချက် ရှိလာပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ဖရိုဖရဲဖြစ်လာတဲ့ ပြည်တွင်းငွေကြေးစျေးကွက်ကို ထိန်းကျောင်းဖို့အတွက် စစ်ကောင်စီ ဗဟိုဘဏ်က ငွေကြေးဆိုင်ရာမူဝါဒ အပြောင်းအလဲ များစွာချမှတ်ခဲ့ပါတယ်။

ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်းကို ၁,၈၅၀ ကျပ် နှုန်းသေသတ်မှတ်ခဲ့ပြီးနောက် စျေးနှုန်းကွာဟချက်အရ ပြည်တွင်းက တရားဝင်ငွေလဲကောင်တာတွေကို ဒေါ်လာ လာရောင်းချသူ နည်းပါးလာပြီး လိုအပ်သူတွေကို ပြန်လည်ရောင်းချပေးဖို့လည်း ကောင်တာတွေမှာ အခက်အခဲတွေ ရှိလာပါတယ်။

အဲဒီနောက် စျေးကွက်မှာ အမေရိကန်ဒေါ်လာ ရှားပါးလာပြီး မှောင်ခိုစျေးကွက်လည်း ဖြစ်ပေါ်လာခဲ့ပါတယ်။

စစ်ကောင်စီက ရည်ညွန်းဒေါ်လာငွေလဲနှုန်းကို နှုန်းသေသတ်မှတ်ထားပေမဲ့ မြေပြင်မှာ ပြင်ပဒေါ်လာပေါက်စျေးနဲ့သာ အရောင်းအဝယ်တွေကို ဆောင်ရွက်ကြတာဖြစ်လို့ ဆေးဝါး၊ လူသုံးကုန် အပါအဝင် ဒေါ်လာနဲ့ ဝယ်ယူတင်သွင်းရတဲ့ ကုန်ပစ္စည်းတွေ ပြည်တွင်းမှာ စျေးနှုန်းမြင့်တက်နေဆဲပါ။

ဒါ့အပြင် အဲဒီသတ်မှတ်ချက်ကြောင့် ပို့ကုန်လုပ်ငန်းတွေအပြင် ပို့ကုန်သီးနှံ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေအထိ ထိခိုက်သက်ရောက်မှုတွေ ရှိနေပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တဦးက “၁,၈၅၀ နဲ့ ထိန်းချုပ်ထားတော့ ပို့ကုန်သမားတွေ ခက်ကုန်တယ်။ ပြည်တွင်းပို့ကုန်သီးနှံ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေကိုလည်း ထိခိုက်စေတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ အာဏာမသိမ်းခင်က အမေရိကန်တဒေါ်လာကို ကျပ်ငွေ ၁,၃၀၀ ဝန်းကျင်သာ ရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုး အဆမတန်‎ ကျဆင်းလာပြီး စားသုံးသူတွေရော၊ ကုန်သည်တွေပါ အခက်ကြုံနေကြရတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းမှာ ပြင်ပဒေါ်လာပေါက်စျေး ကျပ် ၂,၇၀၀ ကျော်အထိ စံချိန်တင် အမြင့်စျေး ရောက်ရှိခဲ့ပြီး စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာစျေးနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် အမေရိကန်ဒေါ်လာတွေ စံချိန်တင် ဆက်တိုက်ထုတ်ရောင်းခဲ့ကာ ဒေါ်လာအသုံးပြုမှု လျှော့ချနိုင်ဖို့အတွက် သွင်းကုန်တွေအပေါ် မူဝါဒချ ကန့်သတ်ခဲ့ပါတယ်။

ဒါ့အပြင် နယ်စပ်ဂိတ်တွေမှာ နိုင်ငံအလိုက် ငွေကြေးတွေနဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်လဲလှယ် အသုံးပြုဖို့ ခွင့်ပြုခဲ့ပါတယ်။

အဲဒီနောက် ပြည်ပကနေ လိုင်စင်ရဘဏ်တွေဆီ ဝင်လာတဲ့ နိုင်ငံခြားသုံးငွေတွေကို အလုပ်လုပ်ရက် တရက်အတွင်း ကျပ်ငွေနဲ့ လဲလှယ်ရောင်းချရမယ်ဆိုတဲ့ ညွှန်ကြားချက်ကို ဧပြီ ၃ ရက်မှာ ဗဟိုဘဏ်က ထုတ်ပြန်လာခဲ့ပြီး ဒီညွှန်ကြားချက်ကြောင့် ဒေါ်လာအသုံးပြုမှုရှိနေတဲ့ လုပ်ငန်းကဏ္ဍတွေကို ဂယက်ရိုက်သွားစေခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013