Home
မြန်မာသတင်း
မိုးတွင်းကာလ အသုံးပြုမည့် လှေဝယ်ယူနိုင်ရန် ကလေး PDF အလှူငွေကောက်ခံ
DVB
·
June 30, 2022

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက် ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ရင်းတခုဖြစ်တဲ့ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Kalay တပ်ရင်း ၇) က မိုးတွင်းကာလအတွက် စက်လှေတစီး ဝယ်ယူနိုင်ရေး ပြည်သူတွေ လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။

မိုးတွင်းကာလ ဒေသတွင်း သွားလာလှုပ်ရှားရေး မြစ်ကြောင်းကိုအသုံးပြုပြီး အရေးကြီးတဲ့ကိစ္စရပ်တွေ ဆောင်ရွက်ရတဲ့အခါမျိုးမှာ လုပ်ငန်းတွင်ကျယ်စေဖို့နဲ့ အရေးကိစ္စကြီးငယ် ကြုံလာပါက စစ်ဘေးရှောင်ပြည်သူတွေအတွက်ပါ ကူညီပေးနိုင်ဖို့ တပ်ရင်းသုံးလှေတစီး လိုအပ်တာာကြောင့် ကူညီပေးကြဖို့ ဇွန် ၂၉ ရက်က မေတ္တာရပ်ခံထားပါတယ်။

လှေတစီးရဲ့ ကုန်ကျစရိတ်ဟာ ငွေကျပ်တဆယ့်ငါးသိန်းဖြစ်ပြီး စတင်အလှူခံချိန်မှ ဒီနေ့အထိ အလှူငွေ လုံးဝနည်းပါးတဲ့ ပမာဏသာ လက်ခံရရှိသေးတဲ့အတွက် ဝယ်ယူနိုင်ဖို့ ငွေကြေးအလွန်လိုအပ်နေကြောင်း၊ အခု အရေးပေါ်အသုံးပြုနေရတဲ့လှေမှာ အများသုံးလှေဖြစ်ပြီး လုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်နေကြောင်း ကလေး PDF တပ်ရင်း ၇ က ရဲဘော်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“အရေးကြုံလာရင် ပြည်သူတွေကိုပါ ကူညီပေးနိုင်ဖို့နဲ့ တချို့ကိစ္စတွေအတွက် အရေးကြီး လိုအပ်တဲ့နေရာတွေမှာ တပ်ရင်းသုံး ကိုယ်ပိုင်လှေရှိမှ အဆင်ပြေမှာပါ။”

မိဘပြည်သူတွေက လှူဒါန်းလို့ အလှူငွေရရှိပြီး လှေဝယ်ယူနိုင်ပါက အဆိုပါကိစ္စတွေသာမက မြစ်ကိုဖြတ်ကူးပြီး သွားလာရမယ့် တခြားတပ်ရင်းတပ်ဖွဲ့ရှိ တော်‌လှန်ရေးရဲဘော်တွေ လှေအသုံးပြုနိုင်ဖို့ပါ ကူညီပေးနိုင်မှာဖြစ်ကာ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းဆောင်တာတွေအတွက် များစွာအကျိုးရှိမယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024