DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက တော်လှန်ရေးကို ပုံဖျက်သည့် သတင်းတု၊ သတင်းမှား ဖြန့်ချိနေဟု NUG ပြော
DVB
·
June 30, 2022
စစ်ကောင်စီက တော်လှန်ရေးကို ပုံဖျက်သည့် သတင်းတု၊ သတင်းမှား ဖြန့်ချိနေဟု NUG ပြော
Donate to DVB

နွေဦးတော်လှန်ရေး အရှိန်အဟုန်ရလာတာနဲ့အမျှ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေ အစုအဖွဲ့တွေက တော်လှန်ရေးကို ပုံဖျက်တဲ့ သတင်းတု၊ သတင်းယောင်၊ သတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်ဖြန့်ချိနေကြတာကို တွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

NUG အစိုးရနဲ့အတူ အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ တိုင်းရင်းသားညီနောင်မဟာမိတ်တွေဟာ အကြမ်းဖက်စစ်ကောင်စီကို အပြီးသတ် ဖျက်သိမ်းပြီး ပြည်သူလူထုတရပ်လုံး မျှော်လင့်တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတရပ် ပေါ်ထွန်းရေးအတွက် အားသွန်ကြိုးပမ်းနေချိန်မှာပဲ ခုလို မမှန်သတင်းဖြန့်ဝေမှုတွေ လုပ်ဆောင်လာခဲ့တာလို့ ဇွန် ၃၀ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်တာပါ။

အဲဒီလို သတင်းတု၊ သတင်းယောင်၊ သတင်းမှားတွေထဲမှာ NUG အစိုးရအနေနဲ့ အမြင်သဘောထားမတူသူ လူပုဂ္ဂိုလ်တချို့အား အသက်အန္တရာယ်ရန်ရှာဖို့ စာရင်းပြုစုထားတာကို အစည်းအဝေးဆုံးဖြတ်ချက်နဲ့တကွ လုပ်ငန်းစဉ်တွေပါ ချမှတ်ထားသယောင် လုပ်ကြံဖန်တီးဖြန့်ချိနေတဲ့ သတင်းမှားတခုလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

လုပ်ကြံဖန်တီးထားတဲ့ အဲဒီလို သတင်းမှားဟာ ခုတကြိမ်သာမကပဲ လွန်ခဲ့တဲ့ ၈ လလောက်ကလည်း ပုံစံတူ သတင်းမှားတခုကို လူပုဂ္ဂိုလ်တချို့က လုပ်ကြံဖန်တီးကာ  နိုင်ငံတကာအဝန်းအဝိုင်းကို ပေးပို့ခဲ့ဖူးတယ်လို့ NUG ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG အစိုးရအနေနဲ့ လူ့အဖွဲ့အစည်းအတွင်း အကြောက်တရားသွတ်သွင်းကာ လူ့အဖွဲ့အစည်းကို မလုံခြုံမှုတွေဖြစ်စေတဲ့  အကြမ်းဖက် စစ်အာဏာရှင် ခေါင်းဆောင်တွေကိုသာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လူသားလုံခြုံရေးအတွက် ဘုံရန်သူဖြစ်တယ်လို့ သတ်မှတ်ကာ အမြစ်ပြတ် တွန်းလှန်နိုင်ရေးကို နိုင်ငံရေးအမြင်မတူ ကွဲပြားမှုတွေကို လေးစားတန်ဖိုးထားပြီး ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ခုလို တော်လှန်ရေးပုံပျက်စေဖို့ လုပ်ကြံဖန်တီး ဖြန့်ချိနေတဲ့ သတင်းမှားမှာ ပါဝင်တဲ့ လုပ်ရပ်မျိုးဟာ NUG အစိုးရ စွဲကိုင်ဆောင်ရွက်နေတဲ့ မူဝါဒ၊ လုပ်ငန်းစဉ်၊ ရည်မှန်းချက်တွေနဲ့ ကိုက်ညီမှုမရှိတဲ့ လုပ်ရပ်တွေ ဖြစ်တာကြောင့် ဘယ်လိုနည်းနဲ့မှ လုပ်ကိုင်ဆောင်ရွက်သွားမှာ မဟုတ်ကြောင်းနဲ့  နိုင်ငံရေးအမြင်မတူ ကွဲပြားမှုတွေကို လက်မခံဘဲ အဓမ္မနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်တဲ့ လုပ်ရပ်တွေကို ဘယ်အဖွဲ့အစည်းက ကျူးလွန်တယ်ဖြစ်စေ ပြင်းထန်စွာရှုတ်ချပြီး ကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်နိုင်ရေးကို တွန်းအားပေးလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက် စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ တနှစ်ခွဲနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်သလို ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အကြမ်းဖက်စစ်အုပ်စုကတော့ ဒီကာလတွေအတွင်း စစ်ကောင်စီဒေါက်တိုင် မီဒီယာအသီးသီးကနေ မဟုတ်မမှန် လုပ်ကြံဖန်တီးထားတဲ့ သတင်းတု၊ သတင်းမှားတွေကို ဆက်တိုက်ထုတ်လွှင့်ဖြန့်ချိနေတာ တွေ့ရပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013