DVB Logo
Home
Lead Story
ထူးပေ ဆန်းပေသည်
DVB
·
June 29, 2022
ထူးပေ ဆန်းပေသည်
Donate to DVB

အဘစောမူးသာတို့ရွာမှာ ခိုနားလာတာ အတော်ကြာပါပြီ။ ရွာခံတွေနဲ့ ပြောမနာ ဆိုမနာကို ဖြစ်နေပါပေါ့။ ဒီရွာကလူတွေက တဦးနဲ့တဦး ‘ပိသာလေးနဲ့ ဘေးပစ်’ လည်း ‘မနာတတ်’ ကြတာက ချစ်စရာပေါ့ ခင်ဗျာ။

ဒီရွာမှာ အစိမ်းလည်းရှိတယ်၊ အနီလည်းရှိတယ်။ တဦးနဲ့တဦး ကြိုက်သလိုသာပြော . . . စိတ်ဆိုးတယ်မရှိဘူး။ တောင်ကျောင်းဆရာတော်က အစိမ်း၊ မြောက်ကျောင်းကိုယ်တော်က အနီဗျ။ တောင်ကျောင်းဆရာတော် ‘ဦးစိတ္တ’ ကို ‘ဦးအစိမ်းတ’ လို့နောက်လည်း မနာဘူး။

ရွာထဲက မူလတန်းပြဆရာမ ညီအစ်မအရင်းနှစ်ဦးမှာ တဦးက CDM၊ တဦးက Non CDM။ အတော်များများအိမ်တွေက DVB တို့ Mizzima တို့ အမြဲတမ်းကြည့်ပြီး တချို့အိမ်တွေက မြဝတီလိုင်းကိုပဲ ပုံမှန်အားပေးတာ မြင်ရတယ်။

မတူတာတွေအများကြီး။ မတူကြပေမဲ့ အခေါ်အပြော မပျက်ကြဘူး။ ရိလို့လည်းရတယ်၊ ထေ့လို့လည်းရတယ်၊ နောက်လို့လည်းရတာ မြင်တွေ့နေရပါတယ်။ ရွာမှာ ‘ဒလန်’ မရှိတာတော့ စိတ်ချမ်းသာစရာပေါ့။

“ဟေ့ကောင် ကြီးရွှေ . . . မင်းတို့ကောင် ‘ဇော်မဲလုံး’ က ‘ဗိုလ်ချုပ်’ ရာထူးကြီးနဲ့ စကားပြောတော့ ‘ပြည့်တန်ဆာ’ အဆင့်ပဲ ရှိပါလား . . . ဟားဟားဟားဟားဟား”

“ဒါကတော့ သူ့ ‘ဝသီ’ ကိုးကွ မူးသာရ”

အဘစောမူးသာတို့ အဘထွန်းခင်တို့ အဘရစ်ချတ်တို့က ‘စိမ်းသရဖူစိမ်းတွေ’ နဲ့ဆုံရင် ဒီလိုပဲ နောက်နေကျ။ ဦးကြီးရွှေကလည်း မျက်နှာတချက် မပျက်ဘူးဗျာ။ ‘ဟဲဟဲ ဟဲဟဲ’ နဲ့ အလိုက်သင့် ပြန်ပြောတယ်။

ဒီရွာမှာ ကြာပြီဆိုတော့ ဘယ်သူက ဘယ်လို၊ ဘယ်သူက ဘာညာဆိုတာ သိနေပြီပေါ့ခင်ဗျ။ အဲသည်မှာ မတရားအာဏာသိမ်းပြီး တိုင်းပြည်ကို ချောက်ထဲဆွဲချခဲ့တဲ့ လူယုတ်မာ ‘မအလ’ လက်ထက်မှာ မအလနဲ့ ‘မပူးပေါင်းသူတွေ’ နဲ့ ‘လိုလားသူတွေ’ ကို အတိုင်းသား ကွဲကွဲပြားပြား မြင်ရတယ် ခင်ဗျ။

တောင်ကျောင်းကိုယ်တော် ‘ဦးအစိမ်းတ’ တို့ ဆရာတော့်နှမ ဒေါ်စိမ်းမြတို့ ဦးကြီးရွှေတို့ ဦးစိမ်းမောင်တို့ . . . စသူတွေဟာ မအလကို ကြည်ညိုသူတွေပေါ့။ အခုနှစ် ဆယ်တန်းစာမေးပွဲကို မြန်မာတပြည်လုံးမှာ သပိတ်မှောက်ပြီး ဝင်မဖြေသူတွေရဲ့ ရာခိုင်နှုန်းဟာ မအလတွေအတွက် သွေးလန့်စရာ။ အရှက်ရစရာ။

ဖြေဆိုသူအရေအတွက်က ရာခိုင်နှုန်း နည်းနည်းလေးပါ။ အဲသည်တော့ ဒီရွာမှာကော ဘယ်သူတွေ ဖြေကြသလဲ။ မဖြေတဲ့သူက များပြီး ဖြေတဲ့သူက လူနည်းစုပေါ့ဗျာ။ ထူးခြားမှုကတော့ ဖြေတဲ့ကလေးတွေ အကုန်လုံးလိုလို အောင်ကြတာပါပဲ။

ဦးကြီးရွှေသမီးလေး အောင်လို့ မုန့်ဟင်းငါးကျွေးတာနဲ့ ဟိုတနေ့က အဘစောမူးသာတို့ အဖွဲ့နဲ့အတူ သွားစားခဲ့ကြရပါသေးတယ်။ အဲသည်နေ့က အဘစောမူးသာက ဦးကြီးရွှေသမီးလေး “မဟူရာကြီးရွှေ” ကို မေးနေတာ ကြားရတယ်။

“ဟဲ့ မဟူရာ . . ‘ဂုဏ်ထူး’ ပါသေးတယ်ဆို”

“ဟုတ်ကဲ့ အဘ . . . ‘ပထဝီ’ ဂုဏ်ထူး”

“ဟေ . . . ‘ထွက်’ ဖို့ မလွယ်တဲ့ဘာသာပဲ၊ ညည်းက ‘မှန်း’ ထားသေးလား”

“‘မှန်း’ ကိုမထားပါဘူး . . . ဘယ်လိုလုပ်ပြီး ဂုဏ်ထူးထွက်တယ် မပြောတတ်ဘူး . . ဟီး ဟီး ဟီး ဟီး”

“ဟားဟား ဟားဟား ဟားဟား . . ကောင်းကွာ”

ဒီနေ့လည်း အဘစောမူးသာနဲ့ အဘလုံးတုံးတို့က “ဖေကြီးရေ ‘ဝါးကြော’ ရှိသေးတယ်ဟ” လို့ လှမ်းခေါ်တာနဲ့ ထွက်ခဲ့တာ ‘ဦးသိမ်းမောင်’ တို့အိမ်ပဲဗျ။ သူတို့ကတော့ ‘စိမ်းမောင်’ လို့ပဲ ချစ်စနိုး ခေါ်ကြတာလေ။

‘စိမ်းဆိုမှ စိမ်း’ ကိုး။

ဒီနေ့တော့ နို့စိမ်းခေါက်ဆွဲဗျ။ ဦးစိမ်းမောင်သား စိမ်းကိုကိုလည်း ဆယ်တန်းအောင်ပါသတဲ့။ မုန့်စားနေရင်းတောင်မှ နောက်နေတာ ဖေကြီးတို့ဝိုင်းမှာ ‘တဝါးဝါး’ ဗျ။

“ဒီနှစ်တော့ အတော်ထူးခြားတယ်ဆိုပဲကွ၊ မဖြေတဲ့သူနဲ့ သေတဲ့လူကလွဲရင် အကုန်အောင်ဆိုပဲ စိမ်းမောင်ရ”

“ဟားဟား ဟားဟား ဟားဟား . . .”

“မူးသာရာ . . . နင်ကတော့ ပေါက်ပေါက်ရှာရှာဟာ”

“တကယ်ပြောတာ စိမ်းမောင်ရ . . . သမ္မတရူးကြီး လူထုအချစ်တော် မင်းတို့အဘဘုတို မအလလက်ထက်တော်မှာ ‘ဒီလို ဒီလို’ အောင်ချက်တွေ လန်ထွက်ခဲ့တယ်လို့ သမိုင်းမော်ကွန်း ရေးထိုးဖို့ ကြံစည်နေတယ်ဆိုပဲဟ”

“ဟားဟား ဟားဟား ဟားဟား . . .”

အဘစောမူးသာကထောင်ပေးလိုက် အဘရစ်ချတ်က ထပ်ပြီးထောင်လိုက် စစ်ပြန်တပ်ကြပ်ကြီး အဘလုံးတုံးက ရိုက်ချလိုက်နဲ့ အတိုင်အဖောက်ကို ညီလို့ ခင်ဗျ။

“စိမ်းမောင် . . . မင်းလည်း လိုင်းပေါ်မှာ တွေ့တယ်မဟုတ်လား . . . ၆ ဘာသာဖြေခဲ့တဲ့ ကလေးတယောက် အောင်စာရင်းစာရွက်ထဲမှာ ၇ ဘာသာတောင်မှ ဂုဏ်ထူးထွက်နေတာကွ”

“ဟားဟား ဟားဟား ဟားဟား . . .”

“ထူးလည်းထူးတဲ့နှစ် ရူးလည်းရူးတဲ့ခေတ်”

“ဟားဟား ဟားဟား ဟားဟား . . .”

“ဟေ့ကောင်လုံးတုံး . . . မင်းဆယ်တန်းအောင်တုန်းက ဂုဏ်ထူးပါသေးလား”

“‘သင်္ချာ’ တဘာသာပဲ ပါတယ်ကွ”

“ဖေကြီးကို နောက်မှ ပြောပြလိုက်ပါအုံး၊ လုံးတုံး ‘ဗိုလ်’ မဖြစ်ခဲ့တဲ့ဇာတ်လမ်းကို”

စိတ်ဝင်စားစရာ ဇာတ်လမ်းပမာတခုကို နောက်မှပြောပြမည်ဟု အဘလုံးတုံးက ကတိပြုပါ၏။ အခုတော့ ဦးစိမ်းမောင်သား စိမ်းကိုကို၏ အောင်ပွဲ စားပွဲကိုး။

“ငါတို့ရွာက ကလေးတွေ ‘တော်ချက်’ ကတော့ကွာ၊ ဖြေတဲ့လူတိုင်းလိုလို အောင်တယ်၊ ဒါ့အပြင် ‘ဂုဏ်ထူးတွေ’ ပါတယ်”

“ဟုတ်တယ်မူးသာ . . . မင့်တူ ငါ့သား စိမ်းကိုကိုလည်း ‘ဂုဏ်ထူး’ ပါတယ်လို့ ပြောတယ်ကွ”

“ဟေ . . . ဟုတ်သလားဟ . . . ဒါနဲ့ ဘယ်ဘာသာလို့ ပြောလဲ”

“အဲ . . . ဟိုကောင် ဘယ်ရောက်နေလဲမသိဘူး၊ ငါလည်း သိပ်မပြောတတ်ဘူး၊ ဟိုကွာ . . . ပါးစပ်ဖျားလေးတင်ပါ . . .”

“စဉ်းစားကြည့်ပါအုံးဟ . . . ကြီးရွှေသမီးက ‘ပထဝီ’ ဂုဏ်ထူးတဲ့ကွ”

ဦးစိမ်းမောင်တယောက် ခေါင်းတဗြင်းဗြင်းကုတ်ကာ စဉ်းစားနေပါလေ၏။ ခဏနေတော့ အားရဝမ်းသာ ပြောချလာပါ၏။

“ငါ့သား ဂုဏ်ထူးထွက်တဲ့ဘာသာက ဟိုကွာ . . . ‘ဘောမဗေဒ’ ဆိုလား”

“ဟားဟား ဟားဟား ဟားဟား . . .”

“ဝါး ဟားဟား ဟားဟား ဟားဟား . . .”

ဖေကြီး (လေရှီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013