DVB Logo
Home
မြန်မာသတင်း
ဥကရစ်ထစခန်းတိုက်ပွဲ နှစ်ဖက်တပ်ဖွဲ့ဝင်များ အကျအဆုံး ဒဏ်ရာရသူများပြား
DVB
·
June 29, 2022
ဥကရစ်ထစခန်းတိုက်ပွဲ နှစ်ဖက်တပ်ဖွဲ့ဝင်များ အကျအဆုံး ဒဏ်ရာရသူများပြား
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်ဒေသရှိ ဥကရစ်ထ စစ်ကောင်စီတပ်စခန်း တိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ များတယ်လို့ ဦးဆောင်တိုက်ခိုက်နေတဲ့ KNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းမှူး စောဝင်းမြင့်က ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူနဲ့ ဒဏ်ရာရရှိသူ တိတိကျကျ မသိရသေးပေမဲ့ အများအပြားရှိသလို KNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းနဲ့  ကော်ဘရာ ပူးပေါင်းစစ်ကြောင်းဘက်က တပ်ဖွဲ့ဝင် ၁၃ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဇွန် ၂၅ ရက်ညက စတင်ကာ စစ်ကောင်စီရဲ့ တပ်စခန်းကို KNDO အထူးကွန်မန်ဒို VENOM စစ်ကြောင်းမှူး စောဝင်းမြင့်၊ ကော်ဘရာစစ်ကြောင်း ဗိုလ်အယ်စေးဝါးတို့ ဦးဆောင်ပြီး ပူးပေါင်းတိုက်ခိုက်နေတာမှာ ၄ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စခန်းနေရာ အတော်များများကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်ပေမဲ့ ဇွန် ၂၉ ရက် မနက် ၁၂ နာရီအထိ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်ဆဲ ဖြစ်ပါတယ်။

VENOM စစ်ကြောင်းမှူး စောဝင်းမြင့်က “တိုက်ပွဲက ပြင်းထန်နေတုန်း။ စစ်ကောင်စီဘက်က သေတဲ့သူနဲ့ ဒဏ်ရာရသူက များတယ်။ တိတိကျကျတော့ မပြောနိုင်သေးဘူး။ ကျနော်တို့ဘက်က ဒီနေ့ကျဆုံးသူများတယ်။ အခုထိ ၁၃ ဦီး တိုင်းပြည်အတွက် အသက်ပေးလှူလိုက်ရပြီ။ ဒဏ်ရာရသူလည်း များတယ်။ အတိအကျ မပြောနိုင်သေးဘူး။ စခန်းသိမ်းဖို့ ကြိုးစားနေတုန်း” လို့ ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းကနေ လက်နက်ကြီးပစ်ကူ ဆက်တိုက်ပစ်ခတ်ပေးခဲ့သလို လေကြောင်းကနေ ဇွန် ၂၇ ရက် ညနေ ၄ နာရီက MPA ကင်းထောက်လေယာဉ်၊ YAK-130 ဂျက်လေယာဉ် ၂ စီးနဲ့ ၁၀ ကြိမ်နီးပါး လာရောက် ဗုံးကြဲခဲ့ကာ ဇွန် ၂၈ ရက် မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ တကြိမ်စီတိုက်ခိုက်ခဲ့ပြီး ဇွန် ၂၉ ရက် မနက် ၁၁ နာရီလောက်က လေကြောင်းကနေ ထပ်မံလာရောက် ကင်းထောက်ပျံသန်းသွားခဲ့တယ်လို့ အထူးကွန်မန်ဒို VENOM စစ်ကြောင်းမှူးက ပြောပါတယ်။

ဥကရစ်ထတိုက်ပွဲအတွင်း တိုင်းပြည်အတွက် အသက်ပေးသွားခဲ့သူ ၁၃ ဦးထဲမှာ CDM ဒုတပ်ကြပ် ဝေလင်းအောင် (ခ) ဇော်ဝင်းထွဋ်နဲ့ လူရွှင်တော် အီကြာကွေးတို့လည်း ပါဝင်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ဥကရစ်ထစခန်းကို အပြီးအပိုင်သိမ်းပိုက်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပြီး  ကျူးကျော်လာတဲ့ စစ်ကောင်စီတပ်တွေကို မောင်းထုတ်သွားမယ်လို့  ဗိုလ်ကျော်သက်က ပြောပါတယ်။

“ဥကရစ်ထတိုက်ပွဲ အခြေအနေကတော့ ဒီနေ့ဆိုရင် ၄ ရက်မြောက်ဖြစ်ပြီပေါ့။ ဒီနေ့တော့ ပြီးမယ်ထင်တယ်။ ရန်သူကတော့ အကျအဆုံးများတယ်။ ရန်သူက တအားလေယာဉ်သုံးနေတယ် အခု။ လေယာဉ်ပျံသုံးတယ်။ လက်နက်ကြီးသုံးတယ်။ ၁၂၀ မမ တအားသုံးတယ်။ ဒါပေမဲ့ မပြီးသေးဘူးလေနော်။ အားလုံးပြောလို့မရသေးဘူး။ စစ်ကောင်စီ များများမကျန်တော့ပါဘူး။ အများဆုံး ၃၀ အဲလောက်ပဲကျန်တော့တယ်။ ဒါပေမဲ့ ကျနော်တို့ အပြုတ်တိုက်မယ်။ အဲဒီနေရာကနေ မောင်းထုတ်ရမယ်။ တကယ်လို့ မရရင် ကျနော်ကိုယ်တိုင် အဲဒီနေရာသွားပြီးတော့ ဝင်တိုက်မယ်၊ ဥကရစ်ထစခန်းကို ဒီဟာတော့ ရအောင်လုပ်ရမှာပေါ့။ ပြီးအောင်တိုက်မယ်၊ ဒီစစ်ကောင်စီကတော့ ဥကရစ်ထစခန်း မရှိအောင်တော့ တိုက်ထုတ်ရမှာပဲ။”

တိုက်ပွဲကြာလာတာနဲ့အမျှ စစ်ကောင်စီဘက်က စားသောက်ရေးအခက်ခဲနဲ့ လူနာပို့ဆောင်ရေးမှာလည်း အခက်အခဲရှိသလို ကျည်ဆန်တွေလည်း ကုန်သလောက်ဖြစ်နေပြီး ဇွန် ၂၉ ရက် ၁၂ နာရီလောက်အထိ နောက်ဆုံးရရှိသတင်းအရ စစ်ကောင်စီတပ်က  ဂျက်တိုက်လေယာဉ်နဲ့  ၂ ကြိမ် လာရောက်ပစ်ကူတာ တွေ့ရှိရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ နယ်မြေကျူးကျော်မှုကြောင့် တိုက်ပွဲဖြစ်ပွားတာဖြစ်ပြီး ကရင်တပ်ဖွဲ့တွေအနေနဲ့ ခုခံစစ်ပွဲ ဆင်နွှဲနေတာ ဖြစ်တယ်လို့လည်း ဗိုလ်ကျော်သက်က ပြောပါတယ်။

“ကျနော်တို့နယ်မြေမှာ သူတို့ လာပြီးကျူးကျော်တယ်။ ကျနော်တို့နယ်မြေမှာ ကျနော်တို့နေတာကို။ အမှန်က ကျနော်တို့ စစ်တိုက်ချင်တာမဟုတ်ဘူး။ သူတို့ ကျူးကျော်နေတဲ့ အတွက်ကြောင့် ကျနော်တို့ ခုခံတော်လှန်စစ်ပဲဖြစ်တယ်။ စစ်ကောင်စီက ဘယ်တရားမလဲ။ သူက စစ်အာဏာရှင်ဆိုတော့ ကမ္ဘာကတောင်မှ မထောက်ခံဘူးလေ။ အခု ဒီစစ်ကောင်စီဆိုတာ ဒီစစ်အာဏာရှင်ဆိုတာ သူများနိုင်ငံမှာလည်း ဘာစစ်အာဏာရှင် မရှိတော့ဘူးလေ။ အခုက လူထုကိုသတ်ဖြတ်၊ သူတို့ပဲ အာဏာပဲလိုချင်တယ်ပေါ့နော်။ အာဏာက ရှင်းရှင်းပြောရရင် မတည်မြဲပါဘူး။ သူတို့အာဏာ သူတို့ ကောင်းစားဖို့အတွက်ပဲ၊ ပြည်သူလူထုကတော့ ဒုက္ခရောက်တာပေါ့၊ သေတဲ့လူလည်း သေတယ်၊ အများကြီးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစစ်ကောင်စီကတော့ ဘယ်သူမှ သူတို့ကို မထောက်ခံဘူး။”

ဥကရစ်ထ ခြေကုပ်တပ်စခန်းဟာ မြဝတီ၊ သေ့ဘောဘိုး၊ ဝေါလေမြို့သစ်အဝင် မုလအိ၊ စုကလိ လမ်းဆုံမှာ စခန်းတည်ဆောက်ထားတာဖြစ်ပြီး စစ်ရေးအရ အချက်အချာကျတဲ့ စခန်းတခုဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် အနီးအနားက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013