DVB Logo
Home
Lead Story
သတ္တိရှိပေးတော်မူကြပါဘုရား
DVB
·
June 29, 2022
သတ္တိရှိပေးတော်မူကြပါဘုရား
Donate to DVB

ဉာတကာနဉ္စသင်္ဂဟောတဲ့။

မိမိရဲ့ အမျိုးအနွယ်တွေကို တတ်စွမ်းသမျှ အကာအကွယ်ပေးခြင်း၊ ထောက်ပံ့ပေးကမ်းချီးမြှင့်မှု ပြုရခြင်းလို့ ဆိုပါတယ်။ ဗုဒ္ဓမိန့်ကြားခဲ့တဲ့ ၃၈ ဖြာ မင်္ဂလာတရားတော်များလို့ လူသိများတဲ့ တရားတော်ထဲက (၁၆) ခုမြောက် မင်္ဂလာတရားဖြစ်ပါတယ်။ ဒီသဘောကို ဗုဒ္ဓကိုယ်တော်တိုင်လည်း ဘုရားလောင်း မျောက်မင်း ဘဝကတည်းက မိမိမျိုးနွယ်စုဝင် မျောက်အပေါင်း လွတ်မြောက်ကြောင်းအတွက် အသက်စွန့်ကာကွယ်ပေးခြင်းဖြင့် သက်သေပြု ပြညွှန်းခဲ့ပါတယ်။ 

ဉာတကာနဉ္စသင်္ဂဟောရဲ့နောက်မှာ အနာဝိဇ္ဇာနိ ကမ္မာနိဆိုတဲ့ တရားက ကပ်လိုက်ပါတယ်။ နောင်သံသရာ၌ အပြစ်ဘေးမကျ ပကတိသုခကို ရစေနိုင်တဲ့ ငါးပါး၊ ရှစ်းပါးစတဲ့ သီလတရားတွေနဲ့ အများကောင်းကျိုး စေတနာ့ ဝန်ထမ်းအလုပ်တွေကို လုပ်အပ်ခြင်းလို့ ဆိုပါတယ်။ ဗုဒ္ဓရဲ့ တရားတော်တွေဟာ အရှေ့နောက် အကြောင်းအကျိုးတရားတွေနဲ့ လျော်ညီ ဆက်စပ်မှုရှိတဲ့ တရားတွေပါ။ (၃၈) ဖြာ မင်္ဂလာတရားတော်ဆိုတာက ပုထုဇဉ်တွေ ပြုကျင့်အပ်တဲ့တရားတွေပါ။ ပုထုဇဉ်လို့ ဆိုတဲ့အတွက် ဘုရားရဲ့ သာဝကအဖြစ် ခံယူထားတဲ့ ရဟန်းကိစ္စမကုန်သေးတဲ့ သာမန်ပုထုဇဉ် သံဃာတွေလည်း ပြုကျင့်အပ်တဲ့ တရားတွေပါပဲ။ 

သာဝကဆိုတဲ့ ဝိသေသပုဒ်နဲ့ စဉ်လိုက်ရင် ဗုဒ္ဓဘာသာဝင်တွေရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ ဘုန်းကြီးတွေ ကိုယ်တိုင်ကရော ဒီမင်္ဂလာတရားတော်နဲ့အညီ ပြုကျင့်နေထိုင်ကြပါရဲ့လား။ ဗုဒ္ဓကတော့ အရာရာကို မျက်စိမှိတ်မယုံဖို့ ဝေဖန်ဆန်းစစ်ဖို့ ကာလမသုတ္တန်မှာ အတိအလင်း မိန့်ကြားခဲ့ပါတယ်။ 

မျက်မှောက်ကာလ မြန်မာနိုင်ငံမှာ ဗမာတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်တွေ အနေများတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဘက်မှာ လူနေအိမ်ပေါင်း ၂၀,၀၀၀ ကျော်ကို မင်းအောင်လှိုင်ရဲ့ လက်ကိုင်တုတ်တပ်က မီးရှို့ဖျက်ဆီးထားပါတယ်။ အပြစ်မဲ့ပြည်သူ ၂၀၀၀ ကျော်ကိုလည်း  သတ်ဖြတ်ထားသလို နိုင်ငံရေးအကျဉ်းသားတချို့ကို သေဒဏ်ချမှတ်တဲ့အပြင် သေဒဏ်ကို စီရင်မယ်လို့ မိစ္ဆာရာဇသံပေးထားပါတယ်။

ရှက်စရာတော့ ကောင်းလှပါတယ်။ 

ဗုဒ္ဓဘာသာဝင်များ ဖိနှိပ်သတ်ဖြတ်ခံနေရချိန်မှာ ဗုဒ္ဓရဲ့ သာဝကအဖြစ် သင်္ကန်းစည်းထား‌တဲ့ အထင်ကရဆရာတော်ကြီးတွေဆီက စကားတခွန်း၊ စာတကြောင်း ဘာသံမှ မထွက်ချိန်မှာ ခရစ်ယာန်ဘုန်းတော်ကြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံမှာ လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်သန်ခွင့်ကို လေးစားဖို့ လိုကြောင်း တိုက်တွန်းလိုက်ပါတယ်။ 

ဇွန်လ ၁၉ ရက်က စိန့်ပီတာရင်ပြင်မှာ ကျင်းပတဲ့ ယေရှုခရစ်တော် လူဝင်စားခြင်းနေ့ အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲအပြီးမှာ ကမ္ဘာသိ တိုက်တွန်းပြောဆိုသွားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နေအိမ်တွေမီးရှို့ခံရပြီး၊ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူအများအပြားဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရပြီး၊ သူတို့အတွက် အခြေခံလူသားချင်းစာနာမှု အထောက်အပံတွေလည်း မရှိဘူးဖြစ်နေတယ်လို့ ပုတ်ရဟန်းမင်းကြီးက ထောက်ပြပြောဆိုထားတာပါ။

လူ့ဂုဏ်သိက္ခာနဲ့ အသက်ရှင်ရပ်တည်ခွင့်ဆိုတာကို လေးစားကြဖို့ တိုက်တွန်းလိုက်ပြီး စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေနဲ့ ဘာသာရေး အဆောက်အဦတွေကိုလည်း လေးစားကြဖို့၊ မတိုက်ခိုက်ကြဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောဆိုခဲ့တဲ့အပြင် မြန်မာနိုင်ငံက ခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့ တောင်းဆိုချက်တွေမှာ သူလည်းအတူ ပူးပေါင်းပါဝင်ကြောင်းနဲ့ မြန်မာပြည်သူတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက မေ့လျော့မထားပါဘူးလို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောဆိုလိုက်ပါတယ်။  

ဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံကြည်အားထားမှုနဲ့အတူ လှူဖွယ်ဝတ္ထုအများအပြားကို လက်ခံထားတဲ့ အထင်ကရဘုန်းကြီးတချို့ကတော့ အင်မတန်ရှက်စရာကောင်းတဲ့ ရေငုံနှုတ်ပိတ် ဝစီပိတ် အကျင့်ကို ကျင့်နေကြပါတယ်။ အင်မတန်ရှက်ဖွယ်ကောင်းပါတယ်။ ဗုဒ္ဓဘာသာက ရှက်ဖွယ်ကောင်းတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေရဲ့ လှူဒါန်းမှု အများအပြားကို လက်ခံရယူထားတဲ့ အထင်ကရ ဘုန်းကြီးတွေ ရှက်ကြရမှာပါ။ ရှက်သင့်ကြတာပါ။ အထင်ကရဘုန်းကြီးတချို့ကို အထူးပြုရတာက သူတို့ဟာ ပိုလုပ်နိုင်စွမ်းရှိသူတွေလို့ ယုံမှတ်ပြီး ဘာသာဝင်တွေက ပိုယုံကြည်ကိုးကွယ်၊ လှူဒါန်းထားကြလို့ပါပဲ။

ဗုဒ္ဓဘာသာဝင်တွေအပေါ် ဖိနှိပ်သတ်ဖြတ်တာ၊ သေဒဏ်ပေးတာတွေကို ရှေးက သံဃာတော်တွေလည်း ရှေးဘုရင်တွေအပေါ် မေတ္တာရပ်ခံ တားမြစ်တာတွေ ဆောင်ရွက်ပေးခဲ့ကြတဲ့ သာဓကတွေ ရှိပါတယ်။ ကိုလိုနစ် အင်္ဂလိပ်အစိုးရ လက်ထက်ကတောင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ မေတ္တာရပ်ခံလို့  တော်လှန်ရေးခေါင်းဆောင် ဗိုလ်ရာညွန့်ကို သေဒဏ်က ပယ်ဖျက်ပေးခဲ့ပါတယ်။ ဒါတွေဟာ သံဃာနဲ့ မအပ်စပ်တဲ့ အပြုအမူ ဆောင်ရွက်ချက်တွေ မဟုတ်၊ ဆောင်ရွက်အပ်တဲ့ အမှုတွေဆိုတဲ့ သက်သေသာဓကတွေပါပဲ။ ဗုဒ္ဓကိုယ်တော်‌တိုင်လည်း ရောဟိဏီမြစ်ရေကို ‌အကြောင်းပြုပြီး စစ်မက်ပြုမယ့် ကပိလဝတ်ပြည်နဲ့ ကောလိယတိုင်းကို ဖျောင်းဖျခဲ့လို့ ငြိမ်းအေးချမ်းသာ ရသွားခဲ့ကြဖူးပါတယ်။ 

သက်သေ သာဓက အထပ်ထပ်နဲ့ ဘုန်းကြီး စာချ၊ မိကျောင်းမင်း ရေကင်းပြနေကြရတဲ့ အဖြစ်က ရယ်စရာကောင်းလှပါလိမ့်မယ်။ စာကို အတိုချုပ်လို့ အနှစ်ထုတ်ရရင် ဗုဒ္ဓ၏ သာဝက အထင်ကရ ဘုန်းတော်ကြီးများဘုရား ယခုအခါသမယတွင် ဗမာတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်အများအပြား ဖိနှိပ်အသတ်ဖြတ်ခံနေရပါ၍ နေစိမ့်တော်မမူဘဲ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ဖို့ ကြံစည်နေသော မင်းအောင်လှိုင်အား ဖျောင်းဖျ နားချနိုင်ရန်အရေး သတ္တိရှိရှိ ဆောင်ရွက်ပေးတော်မူကြပါရန် ဗုဒ္ဓ ဘာသာဝင်များ ကိုယ်စား ဗုဒ္ဓဘာသာဝင်တဦးအနေဖြင့် လျှောက်ကြားအပ်ပါသည် ဘုရား။ 

မြတ်ကောင်းခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013