DVB Logo
Home
မြန်မာသတင်း
မန္တလေး စက်သုံးဆီပန့်အရောင်းဆိုင်များ ရောင်းစရာဆီမရှိသဖြင့် ပိတ်ပစ်ရမည့် အခြေဆိုက်နေ
DVB
·
June 28, 2022
မန္တလေး စက်သုံးဆီပန့်အရောင်းဆိုင်များ ရောင်းစရာဆီမရှိသဖြင့် ပိတ်ပစ်ရမည့် အခြေဆိုက်နေ
1 / 2
Donate to DVB

စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီကြီးတွေက  လက်လီအရောင်းဆိုင်တွေကို အလျင်မှီအောင် ပြန်လည်ရောင်းချပေးနိုင်မှုမရှိလို့ ဆိုင်တွေ ပိတ်ရတော့မယ့် အခြေအနေ ဖြစ်နေပြီလို့ မန္တလေးအခြေစိုက် အသေးစားနဲ့ အလတ်စား စက်သုံးဆီ ပန့်အရောင်းဆိုင်တွေက ပြောပါတယ်။

လက်ရှိ မန္တလေး စက်သုံးဆီ ပန့်အရောင်းဆိုင်တွေမှာ ဓာတ်ဆီ ၉၅ အမျိုးအစားက ရောင်းစရာ မရှိတော့သလို ဓာတ်ဆီ ၉၂ နဲ့ ဒီဇယ်လည်း ပြတ်သလောက် ရှိနေပြီလို့ စက်သုံးဆီပန့် အရောင်းဆိုင် အရောင်းဆိုင်တွေထံက သိရပါတယ်။

နိုင်ငံတဝန်းရှိ လက်လီအရောင်းဆိုင်တွေမှာ စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနဲ့ လိုအပ်တဲ့ စက်သုံးဆီ ဖြည့်ဆည်းပေးနိုင်ဖို့ စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ လက်တွေ့ အခြေအနေမှာတော့ လက်လီအရောင်းဆိုင်တွေထံ ပြန်လည်ဖြန့်ဖြူးပေးနိုင်မှု မရှိလို့ အရောင်းဆိုင်တွေ ပိတ်သိမ်းရတော့ အနေအထားနဲ့ ကြုံတွေ့နေရပါတယ်။

စက်သုံးဆီပန့်အရောင်းဆိုင်ပိုင်ရှင်တဦးက “လက်ရှိတော့ ဒုက္ခရောက်နေတယ်။ ဝယ်ချင်သလို ဝယ်လို့ မရ၊  သူတို့ သတင်းစာတွေထဲမှာ စက်သုံးဆီ လုံလုံ လောက်လောက် ရှိပါတယ်၊ သင်္ဘောတွေနဲ့ ချနေပါတယ်ပြောတာ။ တကယ်တမ်း ဆီသွင်းတဲ့ ကုမ္ပဏီတွေမှာ အဓိက ဘာပြဿနာ တက်နေလဲဆိုတော့ ဒေါ်လာကို သူတို့ သတ်မှတ်တဲ့ ရည်ညွှန်းဈေးနဲ့ပဲ ရောင်းပေး မယ်ဆိုပေမယ့် တကယ်တမ်းလက်တွေ့မှာ သူတို့ မရောင်းပေးနိုင်ဘူး။ မရောင်းပေးနိုင်တော့ ဆီသွင်းတဲ့ သူတွေကလည်း ဟိုဘက်ကို ပိုက်ဆံ မပေးနိုင်ဘူး ဖြစ်နေတယ်။ ပိုက်ဆံမပေးနိုင်တော့ ဆီက တသုတ်နဲ့ တသုတ် ပြတ်သွားတာပေါ့။ ဒေါ်လာလည်း ဝယ်လို့ ရလာတဲ့ အချိန်ရောက်ရော ရောက်လာတဲ့ ဆီက အလျင်မမှီတော့ဘူး ဖြစ်နေတယ်။ နောက်တချက်က သူတို့ သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးတွေနဲ့ ရောင်းခိုင်းတဲ့ နေရာမှာလည်း ကုမ္ပဏီတွေက တွက်ခြေမကိုက်လို့ မရောင်းတာတွေလည်း ပါတယ်၊ မသွင်းတာလည်း ပါတယ် ဆိုတော့ အခြေအနေက ပိုဆိုးတာပေါ့ဗျာ”လို့ပြောပါတယ်။

လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သက်ဆိုင်ရာအသင်းအဖွဲ့တွေထံ တင်ပြ တောင်းဆိုဖို့ကလည်း ဘယ်လိုမျှ မဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ စက်သုံးဆီလက်လီအရောင်းဆိုင်သမားတွေက ဆိုပါတယ်။

အသေးစားနဲ့အလတ်စားလုပ်ငန်းရှင်တဦးက “တင်ပြလည်း ကျနော်တို့နိုင်ငံက သိတယ်မဟုတ်လား။ သူတို့ တင်ပြ ပေးထားပါတယ်ဆိုတဲ့ ဒီအဖြေဘဲ ထွက်တာလေ။ ကျနော်တို့လည်း ဘာမှ လုပ်လို့မရဘူး။ သူတို့ သတင်းစာရှင်းလင်းပွဲတွေမှာလည်း ဒီအတိုင်းဘဲလေ။ တင်ပြထားပေး ပါတယ်။ စီစဉ်ဆောင်ရွက်နေပါတယ်။ ဒါနဲ့ပဲ ဖြေသိမ့်နေရတာလေ။ ဘယ်သူ့ကိုမှ အားကိုးလို့ ရတာမှ မဟုတ်တာ။ နည်းနည်း လူလည်ကျတဲ့လူတွေတော့ ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ ဆီလေးတွေ နည်းနည်း ရတာပေါ့။ ကျနော်ကတော့ သိပ်ခေါင်းခြောက် မခံချင်တော့လို့ ရရင်လည်း ရောင်းလိုက်မယ်။ မရရင်လည်း ရပ်ထားလိုက်တာပေါ့၊ ဒီလိုဘဲ ရှိတော့တယ်။ တချို့စီးပွားရေးသမား တွေကတော့ ဟိုဘက် လှည့်ဝယ်၊ ဒီဘက် လှည့်ဝယ်ပေါ့။ အဲ့လို လှည့်ပြီး ရနေတဲ့ သူလည်း ရှိတာပေါ့” လို့ ပြောပါတယ်။

DENKO စက်သုံးဆီကုမ္ပဏီကြီးမှာ ဇွန်လ ၂၈ ရက် ရောင်းချပေးတဲ့ စက်သုံးဆီ ၁လီတာ အတွက် ဈေးနှုန်းက ရန်ကုန်မြို့မှာ ဓာတ်ဆီ(၉၂ အမျိုးအစား) ၂၂၁၀ ကျပ်၊ ဓာတ်ဆီ(၉၅ အမျိုးအစား) ၂၃၂၀ ကျပ်၊ ဒီဇယ်(ရိုးရိုး) ၂၆၀၅ ကျပ် နဲ့ ဒီဇယ်(ပရီမီယံ) ၂၆၃၀ ကျပ် ရှိပါတယ်။

အလားတူ မန္တလေးမြို့မှာ ရောင်းချပေးနေတဲ့ ၁ လီတာဈေးနှုန်းက ဓါတ်ဆီ(၉၂ အမျိုးအစား) ၂၂၅၅ ကျပ်၊ ဓာတ်ဆီ(၉၅ အမျိုးအစား) ၂၃၆၅ ကျပ်၊ ဒီဇယ်(ရိုးရိုး) ၂၆၅၀ ကျပ် နဲ့ ဒီဇယ်(ပရီမီယံ) ၂၆၈၀ ကျပ် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013