DVB Logo
Home
မြန်မာသတင်း
အိန္ဒိယက အဝယ်လိုက်နေသဖြင့် မြန်မာ့မတ်ပဲဈေးနှုန်း ထပ်မံမြင့်တက်
DVB
·
June 28, 2022
အိန္ဒိယက အဝယ်လိုက်နေသဖြင့်  မြန်မာ့မတ်ပဲဈေးနှုန်း ထပ်မံမြင့်တက်
Donate to DVB

မြန်မာနိုင်ငံကထွက်တဲ့ မတ်ပဲကို အဓိက၀ယ်ယူနေတဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ မတ်ပဲအထွက်နှုန်း လျော့ကျနိုင်တဲ့ အခြေအနေကြောင့်  မတ်ပဲစျေး သိသိသာသာ ထပ်မံမြင့်တက်လာပါတယ်။

အခုနှစ် အိန္ဒိယနိုင်ငံမှာ မတ်ပဲအပါအ၀င် မိုးစိုက်ပဲဧက လျော့ကျနိုင်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေအရ မတ်ပဲလိုအပ်ချက် များလာနိုင်ပြီး တင်သွင်းမှုများလာနိုင် တာကြောင့်  မြန်မာကုန်သည်လှောင်လက်တွေရဲ့ ဝယ်လိုအားလည်း များလာပြီး  မတ်ပဲဈေးနှုန်း ထပ်မံမြင့်တက်လာတာလို့ သိရပါတယ်။

ဒါ့အပြင်ပြည်ပပို့ကုန် ပဲတွေထဲမှာ  မတ်ပဲက လက်ကျန်နည်းနေလာတာကြောင့်လည်း အခုလို စျေးမြင့်တက်လာတာ ဖြစ်တယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်က နေ့စဥ်ထုတ်ပြန်တဲ့စျေးနှုန်းတွေအရ   ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့က  တစ်တန်ကို ၁၅၃၅၅၀၀ ကျပ် ပေါက်စျေးရှိခဲ့တဲ့  မတ်ပဲ(FAQ)ဟာ ဒီနေ့မှာ တစ်တန်ကို  ကျပ် ၁၆၈၆၀၀၀ ထိ ဖြစ်လာတာပါ။ ရက်သီတင်းပတ် နှစ်ပတ်အတွင်း တစ်တန်ကို ကျပ် ၁ သိန်းခွဲ၀န်းကျင် ပိုမြင့်တက်လာတာပါ။

ပြီးခဲ့တဲ့နှစ် ကာလတူအခြေအနေတုန်းကတော့ မတ်ပဲ တစ်တန်ကို ကျပ်  ၁၁ သိန်းကျော်ပေါက်ဈေးရှိခဲ့ပြီး တစ်နှစ် အတွင်း တစ်တန်ကို  ကျပ် ၅ သိန်းကျော် မြင့်တက်လာတာဖြစ်ပါတယ်။

မြန်မာမတ်ပဲကို အိန္ဒိယနိုင်ငံကိုသာ အဓိကတင်ပို့နေရတာဖြစ်လို့  အဲဒီနိုင်ငံရဲ့ ပြည်တွင်းပဲဈေးနှုန်းထိန်းညှိမှုက မြန်မာမတ်ပဲဈေးနှုန်းနဲ့ တင်ပို့မှုအပေါ် သက်ရောက်မှုရှိနေပါတယ်။

အိန္ဒိယနိုင်ငံဟာ ၂၀၁၇ ခုနှစ်နောက်ပိုင်းက စတင်ပြီး ပြည်ပက ပဲတင်သွင်းမှုကို ခွဲတမ်းစနစ်နဲ့ ပမာဏကန့်သတ်ပြီး တင်သွင်းစေခဲ့ရာကနေ သူ့နိုင်ငံအတွင်း ပဲလိုအပ်ချက် များပြားနေတာကြောင့် ခွဲတမ်းစနစ်ကို ပယ်ဖျက်ပြီး   မတ်ပဲနဲ့ ပဲစင်းငုံ အကန့်အသတ်မဲ့ လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်နေ့အထိ  ခွင့်ပြုထားပါတယ်။

တဘက်မှာလည်း  မြန်မာ−အိန္ဒိယ နှစ်နိုင်ငံအကြား GtoG အစီအစဉ်နဲ့ မတ်ပဲတန်ချိန် ၂ သိန်းခွဲနဲ့ ပဲစင်းငုံတန်ချိန် ၁ သိန်းတို့ကို ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ်ကနေ စတင်ပြီး ၅ နှစ်တာ နှစ်စဥ် တင်သွင်းခွင့်ရရှိထားတာဖြစ်လို့   မြန်မာ ပဲတင်ပို့သူတွေအနေနဲ့  MOU အရ တင်ပို့မှုအပြင် အိန္ဒိယနိုင်ငံအစိုးရက နှစ်စဉ်ထုတ်ပြန်တဲ့ နိုင်ငံတကာပဲ Quota နဲ့လည်း တင်ပို့ခွင့်ရရှိထားတာ  ဖြစ်ပါတယ်။

လတ်တလော ပြည်တွင်းမှာ မတ်ပဲအပြင် ပဲစင်းငုံ၊ ပဲတီစိမ်းနဲ့ ကုလားပဲစတဲ့ ပိုကုန်ပဲတွေ လည်း အရောင်းအ၀ယ်ကောင်းပြီး အမြင့်စျေးမှာ ရှိနေတယ်လို့ စျေးကွက်အတွင်းက သိရပါတယ်။ 

မြန်မာ့ပဲမျိုးစုံကို အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့  ဥရောပနိုင်ငံတွေကက ဝယ်ယူလေ့ရှိပေမဲ့ အိန္ဒိယနိုင်ငံကတော့  ဝယ်ယူမှု အများဆုံး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013