DVB Logo
Home
မြန်မာသတင်း
အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တရားရုံးတွင် ထွက်ဆို
DVB
·
June 28, 2022
အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် တရားရုံးတွင် ထွက်ဆို
Donate to DVB

အဂတိအမှု စွပ်စွဲချက်တွေအတွက် အပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၈ ရက်ရုံးချိန်းမှာ  ထွက်ဆိုခဲ့တယ်လို့   တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှုတွေကို ဒီနေ့ နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နဲ့ အစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကိုယ်တိုင် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ကြတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။ 

"မနက်က မောင်ဝိတ်နဲ့ပတ်သက်တဲ့အမှုက ဒေါ်ခင်ခင်ဦးနဲ့ ဂိတ်ကတာဝန်ရှိတဲ့ရဲမှူး လိုပြသက်သေ နှစ်ယောက်ကိုစစ်တယ်။ အိမ်အမှတ် ၃၃ ဂိတ်မှူး ကျော်မျိုးသူ။ ရဲကထွက်တာက ဘာမှသိပ်မရှိပါဘူး။ မောင်ဝိတ်ဝင်တာထွက်တာ ဒီလောက်ပါပဲ။ ညနေပိုင်းမှာ အမှုနံပတ် ၃/၂၀၂၂ က ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးမင်းသူရယ်၊ ဒေါက်တာမျိုးအောင်ရယ်ကို ကိုယ်တိုင်စစ်တယ်။ တရားခံစစ်လို့ခေါ်တယ်။" လို့ တရားရုံးနဲ့နီးစပ်သူတစ်ယောက်က ပြောပါတယ်။  

အဂတိအမှုပုဒ်မ  ၃/၂၀၂၂ နဲ့ ၄/၂၀၂၂  တို့ဟာ  ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီက ငွေကြေးအဂတိလိုက်စားခဲ့တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက တရားစွဲဆိုထားတာပါ။ 

ပြီးခဲ့တဲ့ ဇွန် ၇ ရက် ရုံးချိန်းတုန်းက ၃/၂၀၂၂အမှုအတွက် စစ်ကောင်စီဘက်က တင်သွင်းတဲ့ တရားလိုပြသက်သေ ဒေါ်ဝတ်ရည်ထွေးကိုစစ်ဆေးခဲ့ပြီး သူဟာ ဦးမောင်ဝိတ်အလှူငွေ ပေးအပ်ချိန်မှာရှိနေခဲ့တဲ့အတွက် လိုပြသက်သေအဖြစ်တင်သွင်းခံခဲ့ရတာပါ။ 

ဇွန် ၁၄ ရက် ရုံးချိန်းမှာတော့ စီးပွားရေးလုပ်ငန်းရှင်ဦးရှောက်စန်းနဲ့ ဦးမောင်ဝိတ်ရဲ့ ကားဒရိုင်ဘာတို့ကို တရားလိုပြသက်သေအဖြစ် ဆက်လက်စစ်ဆေးခဲ့ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွဲဆိုထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အဂတိ ၂ မှုမှာ အဓိကတရားလိုပြ သက်သေဦးမောင်ဝိတ်က ငွေကြေးလှူဒါန်းတာသာဖြစ်တယ်လို့ မေ ၃၁ ရက်ကထွက်ဆိုခဲ့ပြီး ရုံးချိန်းအပြီးမှာ  ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်ကို ကန်တော့ခဲ့ပါတယ်။ 

ဒီအမှုမှာ တရားလိုအဖြစ်  စစ်ကောင်စီလက်အောက်ခံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးရဲထက်က စွဲဆိုခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့အမှု ၂၀ အနက် ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထားပါတယ်။ 

လက်ကျန် ၁၃ မှုရဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေ ပေါင်းလိုက်ရင် အသက် ၇၇ နှစ်အရွယ် အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ နောက်ထပ်ထောင်ဒဏ် ၁၈၀ ကျော်အထိချမှတ်ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။  

ဇွန် ၂၂ ရက် ရုံးချိန်းတုန်းက နေပြည်တော်စစ်ကောင်စီတရားရုံးက နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်ကို အဂတိအမှု ၅ မှုအတွက် ၁ မှုကို ထောင် ၃ နှစ်နှုန်းနဲ့ စုစုပေါင်းထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ပါတယ်။

ဒေါက်တာမျိုးအောင်နဲ့ အမှုတွဲတွေဖြစ်တဲ့ နေပြည်တော်စည်ပင်ဒုဥက္ကဋ္ဌ ဦးရဲမင်းဦးနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီး ဦးမင်းသူတို့ကိုလည်း စစ်ကောင်စီတရားရုံးက ထောင်ဒဏ် ၃ နှစ်စီချမှတ်ခဲ့ပါတယ်။

ဦးရဲမင်းဦးကို စစ်ကောင်စီတရားရုံးက ဇွန် ၂၀ ရက်မှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တာကြောင့် စုစုပေါင်းထောင်ဒဏ် ၁၈ နှစ်အထိချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ ဒေါက်တာမျိုးအောင် တို့ကို စစ်ကောင်စီတရားရုံးက ၅၀၅(ခ)အမှုအတွက် ၂၀၂၁ ဒီဇင်ဘာ ၆ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့တာကြောင့် ဒေါက်တာမျိုးအောင်ဟာ စုစုပေါင်းထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013